ကိုယ်ဝန်ဆောင်ချိန်မှာ ကာကွယ်ပါ
ကိုယ်ဝန်ဆောင်ချိန်ဟာ မိခင်ရော ကလေးအတွက် အလွန် အရေးကြီးတယ်ဆိုတာ ပြောစရာမလိုအောင် သိကြမယ်ထင်ပါတယ်နော်။ အခုပြောမယ့် အကြောင်းအရာကတော့ မိခင်လောင်းတွေမှာ ဖြစ်တတ်တဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ရောဂါပိုးဝင်ခြင်းနဲ့ ကလေးတွေကို ဘယ်လို ကူးစက်နိုင်တယ် ၊ ဘယ်လို မဖြစ်အောင် ကာကွယ်ရမယ်ဆိုတာ ကို ပြောပြပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရဲ့ကိုယ်မှာ ဟော်မုန်းဓာတ်တွေ ခုခံအားပြောင်းလဲမှု ဖြစ်ပေါ်လာပါတယ်။
ထိုပြောင်းလဲမှုတွေကြောင့် ရောဂါပိုးဝင်ရောက်နိုင်မှုက ပုံမှန်လူထက်ပိုများပါတယ်။ခုခံအားပိုတိုးပြီး မိခင်ရော ကလေးရောကို ကာကွယ်ပေးပေမယ့် နှစ်ယောက်စာ ကာကွယ်ရတာမို့ မလုံလောက်ပါဘူး ။ ဟော်မုန်း အပြောင်းအလဲကြောင့် ဆီးလမ်းကြောင်း မှာ ပိုးဝင်တာ၊ အဆုတ်အအေးမိတာ၊ virus ပိုးဝင်ခြင်း၊ မွေးလမ်းကြောင်းမှာပိုးဝင်ခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။
ဆီးအိမ်ကြွက်သားတွေ ကောင်းကောင်း အလုပ်မလုပ်တာကြောင့် ဆီးအိမ်ထဲမှာ ဆီး များများစုပြီး ပိုးဝင်မှုကို ပိုမို အားပေးတတ်ပါတယ်။ ဒါ့ကြောင့် ဆီးကျန်နည်းအောင် ဆီးမအောင့်ထားဖို့နဲ့ ပုံမှန်သွားဖို့လိုပါတယ်။ နောက်ပြီး virus ပိုးတွေဟာ ကုသဖို့ ဘက်တီးရီးယားပိုးလို antibiotic တွေ မရှိတာကြောင့် မဝင်ခင်က ကြိုပြီး ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။ Hepatitis A, B အသည်းရောင် အသားဝါပိုး ကာကွယ်ဆေးတွေကို ထိုးထားရပါတယ်။
မွေးလမ်းကြောင်းပိုးဝင်ခြင်းကလည်း အရေးကြီးပါတယ်၊ ကိုယ်ဝန်ဆောင်စဉ် မှာ ဖြစ်ခဲ့ရင် မိခင်မှ ကလေးဆီကို ကူးစက်ပြီး ကလေးလမစေ့ပဲစောမွေးခြင်း ၊ ပေါင်မပြည့်ခြင်း စတာတွေဖြစ်နိုင်ပါတယ်။ ကလေးမွေးဖွားစဉ်မှာလည်း မွေးလမ်းကြောင်းမှ ကလေးဆီကို ကူးစက်နိုင်ပါတယ်။ fungal မှို သို့မဟုတ် ဘက်တီးရီးယားပိုး GBS ဝင်တာတွေ အများဆုံး တွေ့ရပါတယ်။
ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ပြီဆိုရင် ကိုယ်ဝန်စောနိုင်သမျှစောစော အပ်ရပါမယ်၊ ဆေးရုံ ဆေးခန်း အဆင်ပြေရာမှာအပ်နိုင်ပါတယ်၊ မိခင်မှာ ရောဂါပိုးရှိမရှိ သွေးအမျိုးအစား ၊ သွေးအားနည်းနေလား ဆိုတာတွေကို ကြိုတင်ပြီး စစ်ဆေး ထားရပါတယ်။ မေးခိုင်ကာကွာ်ဆေး၊ အသည်းရောင် အသားဝါ ကာကွယ်ဆေး တွေထိုးတားရပါတယ်။ ရောဂါပိုးမဝင်အောင် လက်ကို စင်ကြယ်အောင် ဆပ်ပြာနဲ့ဆေးရပါမယ် အထူးသဖြင့် အိမ်သာမှ ဆင်းလျင်၊ နောက်ပြီး ခွေးတွေ ကြောင်တွေ နီးနီးကပ်ကပ် မနေပါနဲ့ သူတို့ဆီ က ရောဂါပိုးတွေ ကူးစက်နိုင်လို့ပါ။ တတ်နိုင်သမျှ အာဟာရ မျှတအောင် စားပါ ၊ အိပ်ရေးဝအောင်အိပ်ပါ လို့ အကြံပေးချင်ပါတယ်။
ကျန်းမာကြပါစေ
Dr Lynn