လမ်းလျှောက်ခြင်း
“စောစောအိပ်လို့ စောစောထ စောစောလမ်းလျှောက်ကြပါစို့”
ဒီဆောင်ပုဒ်ကလေးကို လူတိုင်းနီးပါးကြားဖူးသိဖူးကြမှာပါ လမ်းလျှောက်တယ်ဆိုတာ ကျန်းမာရေးနဲ့သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုပါ ။
နေ့တဓူဝဈေးသွားကျောင်းသွား အလုပ်သွားတဲ့အခါ လမ်းလျှောက်သွားနေကြတဲ့သူတွေ အများကြီးပါ ဒီလို ဦးတည်ချက်နဲ့ လမ်းလျှောက်တာလည်း လမ်းလျှောက်တာပါပဲ အိမ်ထဲမှာပဲ အိမ်ရှေ့နောက်ဖေး ခေါက်တုန့်ခေါက်ပြန် လျှောက်တာလည်း လမ်းလျှောက်တာပါပဲ ဒါပေမယ့် ကိုယ်လက်လှုပ်ရှား လမ်းလျှောက်တာနဲ့ အများကြီးကွာခြားပါတယ် ။
ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းအနေနဲ့ လမ်းလျှောက်တဲ့အခါ ဘယ်လောက်ကြာရမယ်လို့ မသတ်မှတ်ထားပါဘူး လေ့ကျင့်ခန်းအနေနဲ့ လျှောက်ဖို့ပဲ ဦးတည်ပါတယ် စိတ်ထဲဘာမှတွေးမနေပဲ အသက်ကိုပုံမှန် အရှူ အထုတ်လုပ်ပြီး လျှောက်ရုံပါပဲ လမ်းလျှောက်တဲ့အခါ သိပ်လည်းမြန်ဖို့မလိုသလို ဖြည်းဖြည်းအေးဆေး လျှောက်ဖို့လည်း မဟုတ်ပါဘူး စိတ်ထဲလောနေဖို့လည်း မရှိပါဘူး စိတ်အာရုံကို လမ်းလျှောက်တဲ့နေရာမှာပဲ စုထားပေးပါ ။
ကိုယ်လက်လှုပ်ရှား လမ်းလျှောက်ခြင်းကို မနက်နဲ့ ညနေမှာ မနက်ပိုင်းဘာလို့ လုပ်ဖြစ်ကြရတာလဲဆိုရင် မနက်စောစောအိပ်ယာထစမှာ ကိုယ်ခန္ဓာကနေ steroid ဟော်မုန်းတွေထွက်ပါတယ် ဒီဟော်မုန်းတွေကြောင့် လူက မနက်ဆို လန်းဆန်းနေတတ်တယ် အားအင်တွေလည်းရှိနေပါတယ် ဒီလိုအချိန်မှာ တက်တက်ကြွကြွ လမ်းလျှောက်လို့အကောင်းဆုံးပါ မနက်ပိုင်းမှာ လမ်းတွေမှာ လူသွားလူလာ ကားအသွားအလာတွေနည်းနေသေးတာကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အခါ စိတ်အာရုံကိုပိုစုစည်းနိုင်ပါတယ် အငွေ့အမှုန်တွေနည်းနေသေးကြောင့် အသက်ရှူလေ့ကျင့်ခန်း လုပ်ဖို့အတွက်လည်း ပိုသင့်တော်ပါတယ် ။
မနက်စောစောလမ်းလျှောက်ရတာဖြစ်တာကြောင့်တော့ တစ်ယောက်တည်းလျှောက်တာထက်စာရင် အများနဲ့ လျှောက်တာပိုကောင်းပါတယ် ဓာတ်မီးနဲ့ တုတ်ကောက်ကတော့ လိုအပ်မယ်ဆိုရင် ယူလို့ရပါတယ် ။နွေ မိုး ဆောင်း သုံးရာသီလုံးမှာ လမ်းလျှောက်လို့ ရပေမယ့် မိုးတွင်းမှာ မနက် လမ်းလျှောက်ရတာ ကအဆင်မပြေတတ်ပါဘူး မိုးတွေရွာထားလို့ လမ်းတွေ ချောနေတာ ရေညှိတက်တာတွေကြောင့် ချော်လဲစေနိုင်ပါတယ် နွေရာသီမှာလည်း လမ်းလျှောက်လို့ရပေမယ့် ဆောင်းတွင်းမှာ လမ်းလျှောက်ရတာ ပိုသင့်တော်ပါတယ် အအေးဒဏ်ကို အံတုပြီး လေ့ကျင့်ခန်းလုပ်ရတာက သွေးပူလေ့ကျင့်ခန်းလည်း ဖြစ်စေပါတယ် ။
တစ်ချို့ နေရာတွေမှာတော့ ပန်းခြံအသေးသားလေးတွေလုပ်ပြီး လမ်းလျှောက်ဖို့နေရာပါ ပြုလုပ်ပေးထားပါတယ် ကျောက်စရစ်ခဲလေးတွေခင်းထားပြီး အပေါ်ကနေလျှောက်လို့ရပါတယ် ကျောက်စရစ်ခဲနင်းတာကတော့ ကိုယ်လက်လှုပ်ရှာလမ်းလျှောက်ခြင်းထက် ခြေဖဝါးကို နှိပ်နယ်ပေးသလိုဖြစ်ပြီး သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းမွန်စေပါတယ် အညောင်းပြေစေပါတယ် ။ကိုယ်လက်လှုပ်ရှား လမ်းလျှောက်ခြင်းရဲ့ဘအကျိုးကျေးဇူးတွေကတော့ ကြွက်သားတွေကို ပိုပြီးသန်မာစေတယ် အရိုးအဆစ်တွေ ကြံ့ခိုင်စေတယ် ကိုယ်အလေးချိန်လည်း ထိန်းပေးတယ် အားအင်ပြည့်ဖြိုးစေတယ် ကိုယ်ခံအားကောင်းစေတယ် မိမိကိုယ်ကိုယုံကြည်မှုပိုများလာစေတယ် စိတိဖိစီးမှုတွေ ပြေပျောက်စေတယ် ။
ရောဂါကာကွယ်မှုအပိုင်းကို ကြည့်မယ်ဆိုရင် သွေးတွင်းအဆီဓာတ်များတာကို လျှော့ချပေးတယ် သွေးဖိအားကို ထိန်းပေးတယ် သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးတယ် နှလုံးကျန်းမာရေးကို ပိုကောင်းစေတယ် စိတ်ကျခြင်းနဲ့ စိတ်ပူပန်ခြင်းတွေကို လျှော့ချပေးတယ် လေဖြတ်ခြင်းဖြစ်နှုန်းကို လျှော့ချပေးတယ် အရိုးပွခြင်းဖြစ်နှုန်းကို ကာကွယ်ပေးတယ် တစ်ချို့သောကင်ဆားများဖြစ်ပွားနှုန်းမှ လျှော့ချပေးပါတယ် ။
အချုပ်ပြောရမယ်ဆိုရင်ဖြင့် ကိုယ်လက်လှုပ်ရှားမှုအနေနဲ့ လမ်းလျှောက်ခြင်း က ကျန်းမာရေးအတွက်သင့်တော်ကောင်းမွန်ပြီး ငွေကုန်ကြေးကျမရှိဘဲ တစ်ဦးတစ်ယောက်စီတိုင်း လုပ်ဖို့ အလွယ်ကူဆုံးသော နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ် ။
Dr. CST