မိုးရာသီတွင်လန်းဆန်းကျန်းမာစေဖို့အတွက်ဆောင်ရန်ရှောင်ရန်များ
မိုးရာသီရောက်ပြီဆိုတာနဲ့ မိုးမိကာ ဖျားခြင်းနာခြင်းများဖြစ်လာတတ်ပါတယ်။ သို့သော် မိုးရွာသောကြောင့်အမြဲတစေ အိမ်ထဲနေရန်မှာလည်းမဖြစ်နိုင်ပေ။ ဒါကြောင့် မိုးရာသီမှာ အအေးမမိစေဖို့ ပြုလုပ်သင့်သောအရာနှင့် မပြုလုပ်သင့်သောအရာများကိုဖော်ပြပေးလိုက်ရပါတယ်။
-မိုးမစိုစေရန်ဂရုစိုက်ပါ : မိုးရေမစိုစေရန် မိမိကိုယ်မိမိကာကွယ်ခြင်းသည် မိုးရာသီတွင် မိုးစိုကာ အအေးမိခြင်းမဖြစ်စေရန်အကောင်းဆုံးကာကွယ်မှုပဲဖြစ်ပါတယ်။ အပြင်ထွက်မည်ဆိုလျှင် အဝတ်ထူထူဝတ်ခြင်း၊ မိုးကာဝတ်ခြင်း၊ မိုးတွင်းစီးဘွတ်ဖိနပ်များဝတ်ဆင်ခြင်းနှင့် ထီးဆောင်းခြင်းတို့ ပြုလုပ်သင့်ပါတယ်။ သတိပြုရန်မှာ ခြေထောက်စိုစို နှင့်အပြင်တွင် ကြာရှည်လမ်းလျှောက်ခြင်းလောက်ဖြင့်ပင်အအေးမိခြင်းကိုဖြစ်စေနိုင်ပါတယ်။
-အစာအားဂရုတစိုက်စားခြင်း : အာဟာရပြည့်၍ မျှတသော အစားအစာများသည် ကိုယ်ခံအားကောင်းစေကာ ခန္ဓာကိုယ်မှ ရောဂါဘယများကိုတိုက်ထုတ်ရာတွင် များစွာအထောက်အကူပြုသောကြောင့် ထိုကဲ့သို့သောအစားအစာများကို အထူးဂရုပြုစားသောက်သင့်ပါတယ်။ ထို့အပြင် စွပ်ပြုတ်ကဲ့သို့ ပူနွေးသောအစာများလည်း စားသောင်သင့်ပါတယ်။ သို့သော် အလွန်အမင်းစပ်သော အစားအစာများကိုမူ ရှောင်ကြဉ်သင့်ပါတယ်။ ဗိုက်အောင့်ခြင်း၊ အလာဂျီထခြင်း အစရှိသည်တို့ဖြစ်နိုင်သောကြောင့်ဖြစ်ပါတယ်။
-ရေနွေးဖြင့်ရေချိုးုခြင်း : မိုးမိပြီးနောက်ရေနွေးနှင့်ရေချိုးခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို အနည်းငယ်မြင့်စေမည့်အပြင် ရောဂါပိုးမွှားများလည်းကင်းစင်သန့်ရှင်းစေပါတယ်။
-ဗိုက်တာမင် စီကြွယ်ဝစေခြင်း : အစားအစာမှ ရသော ဗိုက်တာမင်စီ ဖြစ်စေ၊ ဗိုက်တာမင်စီအားဆေးဖြစ်စေ သောက်သုံးခြင်းဖြင့် ခံခုအားကိုတိုးတက်စေသဖြင့် ရောဂါဝင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
-ရေများများသောက်ခြင်း : မိုးရာသီတွင် ရာသီဥတုအေးသောကြောင့် ရေဆာခြင်းသိပ်မရှိသဖြင့် ရေသောက်နည်းတတ်ကြပါတယ်။ သို့သော် ခန္ဓာကိုယ်ရှိဇီဝကမ္မဖြစ်စဉ်များ အတွက် ပုံမှန်ရေသောက်ရန်လိုအပ်ပါတယ်။ ထို့အပြင် ရေပုံမှန်သောက်ခြင်းဖြင့် သင်၏အသားအရေကိုစိုပြည်စေကာ အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများကိုလည်း ရေဓါတ်ပြည့်ဝစေပါတယ်။ သတိပြုရမည် မှာ မိုးရာသီတွင် ရေမှတဆင့် ကူးစက်တတ်သော ရောဂါများ အဖြစ်များသည့်အတွက် သန့်စင်သောရေ သို့မဟုတ် ကျိုချက်ထားသောရေသာ သောင်သင့်ပါတယ်။
-အိမ်တွင်း ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း : မိုးရာသီ တွင် အကြောင်းရှိ၍ အပြင်ထွက်ခြင်း မှအပ လူအတော်များများမှာ အပြင်ထွက်လေ့မရှိပေ။ ထို့ကြောင့် အိမ်တွင်း ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုအားအချိန်ပေး၍လုပ်ဆောင်သင့်ပါတယ်။ ထိုမှသာ စိတ်ကြည်လင် လန်းဆန်းပြီး ကိုယ်ခံအားကောင်းမှာဖြစ်ပါတယ်။
•ရှောင်ရမည်များမှာ
-အဝတ်စိုဖြင့်နေခြင်း : မည်သည့်အကြောင်းအရာကြောင့်မဆို မိုးစိုပါက အဝတ်မလဲပဲ မနေသင့်ပေ။ အပြင်တွင်မိုးမိလာပါက အိမ်ရောက်လျှင် ရေနွေးဖြင့်ရေချိုးကာ အဝတ်ထူထူဝတ်သင့်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိနိုင်ကာ အအေးမိခြင်းမှကာကွယ်နိုင်မှာဖြစ်ပါတယ်။
-အေးသောနေရာများကို ရှောင်ကြဉ်ခြင်း : အပြင်တွင် မိုးစိုခဲ့ပါက အဲယားကွန်းဖွင့်ထားသောအခန်းကဲ့သို့သောနေရာများကို ရှောင်ကြဉ်သင့်ပါတယ်။ သို့မဟုတ်ပါက ခန္ဓာကိုယ်အပူချိန်ကျဆင်း(တခါတရံ အလွန်အမင်းကျဆင်းသည် အထိ) ကာ ဖျားနာခြင်းကိုဖြစ်စေဗိုင်းရပ်စ် ပိုးအားဖိတ်ခေါ်သကဲ့သို့ဖြစ်တတ်ပါတယ်။
-အခန်းစိုထိုင်းနေခြင်း : ဤအချက်သည် ပန်းနာရင်ကြပ်ရောဂါဝေဒနာသည် များအတွက်အထူးအရေးကြီးပါတယ်။ မိုးရာသီတွင် အခန်းများ စိုထိုင်းကာ မှိုများစွဲကပ် နေနိုင်ကာ ကျန်းမာရေးကို ထိခိုက်စေနိုင်သဖြင့် အခန်းအား လေဝင်လေထွက်ကောင်းစေရန် ဂရုစိုက်သင့်ပါတယ်။
-လမ်းဘေးစာများစားခြင်း : မိုးရာသီတွင် လမ်းဘေးစာများ သည်သန့်ရှင်းမှုလျော့နည်းနိုင်သောကြောင့် ဝမ်းပျင်ဝမ်းလျောရောဂါ ဖြစ်နိုင်သဖြင့် လမ်းဘေးစာများ ရှောင်သင့်ပါတယ်။
-ရေဝပ်သော နေရာများ : မိုးရာသီတွင် မိမိ၏ နေအိပ် ခြံဝန်း အတွင်း ရေဝပ်သော နေရာများ မရှိစေရန် သတိပြုရပါမယ်။ အဆိုပါ ရေဝပ်သော နေရာများတွင် ခြင်များပေါက်ဖွားနိုင်ကာ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ များဖြစ်နိုင်ပါတယ်။ ထို့ကြောင့် ခြံအတွင်း ရေစီးရေလာ ကောင်းစေရန် သတိပြုရမည့် အပြင် ရေတိုင်ကီဟောင်းအတွင်းမှ ရေများ၊ ဘုရားပန်အိုးများ နှင့် အခြားသောရေများ ကို ပုံမှန်လဲလှယ်သင့်ပါတယ်။ ထို့အပြင် အိပ်ချိန်တွင် ခြင်ထောင်ဖြင့်သာ အိပ်သင့်ပါတယ်။
-နွားနို့အစိမ်းသောက်ခြင်း : မိုးရာသီတွင် နွားနို့အစိမ်းသောက်ခြင်း ကိုရှောင်ကြဉ်သင့်ပါတယ်။ နွားနို့ အစား ဒိန်ချဉ်အား ပိုမို သောက်သုံးသင့်ပါတယ်။ သို့မဟုတ် နွားနို့အား ကျိုချက်ကာ ပူပူ သောက်သုံးသင့်ပါတယ်။
-မျက်လုံးအား ပွတ်ခြင်း : မိုးရာသီတွင် မျက်စိနာခြင်း နှင့် မျက်စိရောဂါများ အဖြစ်များလေ့ရှိပါတယ်။ ထို့ကြောင့် မျက်လုံးအား ညစ်ပေသော လက်ဖြင့်ခဏခဏ မပွတ်သင့်ပါ။ ထို့အပြင် မျက်စိနာ ခြင်း နှင့် အခြားသော မျက်စိရောဂါ များဖြစ်ပွားပါက ဆရာဝန်အားသွားရောက်ပြသသင့်ပါတယ်။
အထက်ပါဆောင်ရန်၊ ရှောင်ရန်များ ကိုလိုက်နာပြီး မိုးရာသီ တွင် ကျန်းမာသော ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ။
Dr.Z