အိပ်ရေးပျက်ရင်
ကျွန်မတို့ အမျိုးသမီး တွေဟာ ဘဝတစ်လျောက်လုံးမှာ အိပ်ရေးပျက်တာ၊ အိပ်လို့မပျော်တာ စတဲ့ sleep problems တွေ အဖြစ်များပါတယ်။ အိပ်စက်ခြင်းဟာ အစားအသောက်နဲ့ လေ့ကျင့်ခန်းတို့လိုပဲ အခြေခံလိုအပ်ချက်တွေဖြစ်ပါတယ်။ တစ်ညမှာ 7-9 နာရီ လောက် အိပ်စက်ဖို့ လိုအပ်ပါတယ်။
ဒါက အများစုရဲ့ လိုအပ်ချက်ပါ၊ တစ်ဦးတစ်ယောက်ချင်းမှာ လိုအပ်ချက်တွေ ကွာလိမ့်မယ်လို့ ထင်ပါတယ်။ အိပ်ချိန်နည်းလာရင် နေ့ခင်းဖက်မှာ အိပ်ငိုက်မယ်၊ မတော်တဆတွေ အဖြစ်များလာမယ်၊ လုပ်ဆောင်နိုင်မှုတွေ လျော့ကျလာမယ် နောက်ပြီး မကြာခဏ နားမကျန်းခြင်း၊ အဝလွန်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
ကောင်းကောင်းအိပ်ပျော်ဖို့ လိုသလို လုံလောက်တဲ့ အိပ်ချိန်ရှိဖို့လိုပါတယ်။ အိပ်နေစဉ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ဆိုတာ အရေးကြီတဲ့ အချက်ပါ။ အမျိုးသမီးအများစုဟာ ရာသီလာစဉ် ၊ ကိုယ်ဝန်ဆောင်နေစဉ်အချိန်၊ ရာသီ ဆုံး ချိန် တွေမှာ ဟော်မုန်း အပြောင်းအလဲကြောင့် အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။
အိပ်မပျော်တဲ့ ပြသာနာ တွေဟာ အမျိုးသမီးတွေမှာ ပိုပြီး တွေ့ရများပါတယ်။ ဥပမာ ညဘက်အိပ်မပျော်ခြင်း၊ အိပ်ငိုက်ခြင်း၊ မကြာခဏ အိပ်ပျော်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ ညဆိုင်း ဂျူတီ ချိန်များနှင့် အိပ်ပျော်စဉ် အသက်ရှူရပ်ခြင်း တို့ကြောင့် ကောင်းမွန်စွာ အိပ်မပျော်နိုင်တာတွေ အဖြစ်များပါတယ်။
ညဘက်အိပ်မပျော်ခြင်း – နေ့ခင်းဘက်မှာ အိပ်ငိုက်တာတွေ ဖြစ်လာမယ် ဆိုရင် အလုပ်မှာလည်း အဆင်မပြေနိုင်ပါဘူး။ ဘာလုပ်သင့်လဲဆိုတော့ ပုံမှန် အိပ်ချိန် အိပ်ယာထချိန်တွေကို သတ်မှတ်ပြီး သေချာ လိုက်နာရပါမယ်၊ အစားအသောက် ဆိုရင်လည်း ကော်ဖီ လက်ဖက်ရည် အရက် လျော့သောက် ရပါမယ် တတ်နိုင်ရင် မသောက်တာ အကောင်းဆုံးပါ။
အိပ်ယာ အခန်း အခြေအနေကို အိပ်လို့ကောင်းမယ့်ပုံစံလေး ပြင်ဆင်သင့်ပါတယ်။ တကယ်လို့ အရမ်းဆိုးလာရင်တော့ ရောဂါတွေများဖြစ်နေလားဆိုတာ ဆရာဝန်နဲ့ သေချာပြသဖို့လိုပါတယ်၊ စိတ်ဖိစီးမှုကို လျော့ချပြီး စိတ်လှုပ်ရှားမှုနည်းအောင် လုပ်ဆောင်ရပါမယ်။ အစာအိမ်နာ၊ ဆီးပြဿနာ ၊ နာကျင်ကိုက်ခဲမှု တွေရှိရင် ကုသမှုယူရပါမယ် ။ သို့မှသာ ကောင်းမွန်တဲ့ အိပ်စက်ခြင်း ကို ရရှိနိုင်ပါတယ်။
Narcolepsy – နေ့အချိန်တွေမှာ အိပ်ငိုက်တတ်၊ ရုတ်တရတ်ကြီး အရမ်းအိပ်ချင်လာတယ်။ ဆယိကျော်သက် အရွယ်တွေမှာ တွေ့များပါတယ်။ ချက်ချင်း ကြွက်သားတွေ အားပျော့ပြီး မလှုပ်နိုင်တော့ကို cataplexy လို့ခေါ်ပါတယ်။
ညဘက် အစားစားခြင်း – အိပ်နေစဉ် အစားတွေစားတာပါ၊ အဲလိုဖြစ်စဉ်ကို အဖြစ်များတာက အမျိုးသမီး တွေပဲ ဖြစ်ပါတယ်။ တခါတရံ sleepwalking လုပ်နေတုန်း စားဖြစ်ကြပါတယ်။ နောက်ပိုင်းတော့ သူတို့ လုပ်ခဲ့တာကို မမှတ်မိတတ်ကြပါဘူး ။
နာကျင်ကိုက်ခဲမှု ဝေဒနာ- ခေါင်းတခြမ်းကိုက်ခြင်း၊ အလုပ်ဖိစီးမှုကြောင့် ခေါင်း ကိုက်ခြင်း၊လေးဘက်နာ အဆစ်အမြစ်နာ ခြင်း၊ ရင်ပူခြင်း တွေကြောင့် အိပ်ပျော်ဖို့ခက်ခဲတာ ဖြစ်တတ်ပါတယ်။ ညဘက် နိုးနေတတ်တာ၊ အစောကြီး နိုးနေတတ်ကြပါတယ်။ ကြာရင် ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။
Restless leg syndrome , periodic limb movement disorder အိပ်ပျော်နေစဉ် ခြေသလုံးကြွက်သားများလှုပ်ရှားမှု – သံဓာတ်ချို့တဲ့မှု၊ ဖောလိပ် folate ချို့တဲ့မှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ အားဆေးတွေ ၊ ဖြစ်စွက်စာတွေ စားပေးရပါတယ်။ လူနေမှု ပုံစံ ပြောင်းလဲ ကြည့်ပြီး တရားထိုင်တာတွေ လုပ်ကြပါတယ် ။
အလုပ်ချိန် shift work – ပုံမှန် သမားရိုးကျ အလုပ်ချိန် (8-4) မဟုတ်ပဲ အလုပ်ချိန်စောတာ၊ နောက်ကျတာ၊ ညဆိုင်း ဆင်းရတာတွေပါပါတယ်။ အဲလိုမျိုး ကြာလာရင် ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။ အလုပ်ချိန် အိပ်ငိုက်တာကြောင့် အမှားတွေများလာမယ်။ လမ်းမှာ မတော်တဆ မှု ဖြစ်ပွားနှုန်း များလာမယ်၊ ရာသီမမှန်တာ၊ ကိုယ်ဝန်ရဖို့ ခက်ခဲတာ ၊ ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့မွေးတြာ၊ ပေါင်မပြည့်တာတွေ ဖြစ်နိုင်ပါတယ်။
အထက်ဖော်ပြပါ အကြောင်းတွေကြောင့် ကောင်းမွန်တဲ့ အိပ်စက်ခြင်း ရရှိဖို့ အရေးကြီးတယ်ဆိုတာ သိကြပြီ ထင်ပါတယ် နော်
ကျန်းမာကြပါစေ
Dr. Lynn