မောင့်ပန်းမသေရဘူး
ပန်းသေပန်းညှိုးဟာ အမျိုးသားအများစုတွင် ကြုံတွေ့ရတတ်သော အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ပန်းသေပန်းညှိုးဆိုတာ လိင်ဆက်ဆံချိန်တွင်အမျိုးသားများ လိင်အင်္ဂါမထောင်မတ်နိုင်တော့ခြင်းကို ဆိုလိုပါတယ်။ တစ်ခါတစ်ရံ ဖြစ်ခြင်းမှာပြဿနာမရှိသော်လည်း အမြဲတစေ ဖြစ်သော အခါ တွင် အိမ်ထောင်ရေးသုခမခံစားရ၍ မပြေလည်မှုများ၊ စိတ်ကျခြင်းများ နှင့် မိမိကိုယ်ကို ယုံကြည်မှုနည်းခြင်းများ ကြုံလာရနိုင်ပါတယ်။ ဒါကြောင့် ပန်းသေပန်းညှိုးရောဂါ အကြောင်းဖော်ပြပေးလိုက်ရပါတယ်။
ဘယ်လိုလက္ခဏာတွေပြလဲ
ပန်းသေပန်းညှိုးုဖြစ်လျှင် လိင်ဆက်ဆံရာတွင် အမြဲတစေ
-လိင်အဂါၤတောင့်တင်းထောင်မတ်လာမှုမရှိခြင်း
-လိင်အင်္ဂါထောင်မတ်မှုကိုမထိန်းနိုင်ခြင်း
-လိင်စိတ်ကုန်ခမ်းခြင်းတို့ ဖြစ်တတ်ပါတယ်။
ဘာလို့ဖြစ်တာလဲ?
အမျိုးသားများ အတွက် လိင်ဆက်ဆံခြင်း ဆိုင်ရာဖြစ်စဉ်မှာ ဦးနှောက်၊ဟော်မုန်း၊ စိတ်ခံစားမှု၊ အာရုံကြောစနစ်၊ ကြွက်သားစနစ် နှင့် သွေးကြောစနစ်များ အလုံးစုံပါဝင်သော ဖြစ်စဉ်တစ်ရပ်ပဲ ဖြစ်ပါတယ်။ ထို့ကြောင့် အထက်ပါစနစ်တစ်ခုခု ချို့ယွင်းပါက ပန်းသေပန်းညှိုးကိုဖြစ်စေနိုင်ပါတယ်။ ပန်းသေပန်းညှိုးဖြစ်စေတယ့် အကြောင်းအရာများကို ယေဘူယျအားဖြင့် ၂ မျိုးခွဲခြားလို့ရပါတယ်။
၁.ကိုယ်ပိုင်းဆိုင်ရာချို့ယွင်းမှု နှင့်
၂.စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု ဟူ၍ဖြစ်ပါတယ်။
ကိုယ်ပိုင်းဆိုင်ရာချို့ယွင်းမှုများ
ပန်းသေပန်းညှိုးရောဂါတော်တော် များများမှာကိုယ်ပိုင်းဆိုင်ရာချို့ယွင်းချက်ကြောင့် ဖြစ်တာတွေ့ရပါတယ်။ အဖြစ်များသော ရောဂါ၊အခြေအနေများမှာ
-နှလုံးရောဂါ
-သွေးကြောပိတ်ခြင်း
-ကိုလ်လတ်စတီရောများခြင်း
-သွေးတိုးရောဂါ
-အဝလွန်ခြင်း
-ဇီဝဖြစ်ပျက်မမှန်မှုကြောင့်ဖြစ်သောရောဂါအစုအဝေး (metabolic syndrome)
-ပါတ်ကင်ဆင်ရောဂါ (Parkinson’s disease)
-မာလ်တီပယ် စကယ်လယ်ရိုးစစ်(multiple sclerosis) လို့ခေါ်တဲ့ အာရုံကြောဆိုင်ရာချို့ယွင်းမှုရောဂါ
-အချို့သောဆေးများ၏ဘေးထွက်ဆိုးကျိုးများ
-ဆေးလိပ်သောက်ခြင်း
-Peyronie’s ရောဂါ : လိင်အဂါၤအထဲတွင် အမာရွတ်ရှိနေခြင်း
-အရက်သောက်ခြင်း၊ မူးယစ်ဆေးသုံးခြင်း
-ဆီးကျိတ်ကင်ဆာအတွက်ကုထုံးများ
-ဆီးခုံနားတဝိုက် သို့မဟုတ် ကျောရိုးမ တွင်ထိခိုက်ဒဏ်ရာရခြင်း၊ ခွဲစိတ်မှုပြုလုပ်ရခြင်း အစရှိသောအခြေအနေများတွင် ကိုယ်ပိုင်းဆိုင်ရာချို့ယွင်းချက်အနေဖြင့် ပန်းသေပန်းညှိုးဖြစ်တတ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုများ
လိင်အင်္ဂါတောင့်တင်းခြင်းဖြစ်စဉ်မှာ လိင်စိတ်တက်ကြွခြင်းမှ အစပြုသောကြောင့် စိတ်ခံစားချက်သည်လည်းအရေးကြီးသောနေရာမှပါဝင်နေပါတယ်။
-စိတ်ကျခြင်း၊ စိုးရိမ်မှုလွန်ကဲရောဂါဖြစ်ခြင်း နှင့်အခြားသောစိတ်ကျန်းမာရေးဆိုင်ရာအခြေအနေများ
-စိတ်ဖိစိမှုများခြင်း
-အခြားသောပြဿနာများကြောင့် အိမ်ထောင်ဖက်နှင့် အဆင်မပြေခြင်း စသော စိတ်ခံစားမှု အခြေအနေများကြောင့် လိင်အင်္ဂါထောင်မတ်မှုကို ထိခိုက်စေကာ ပန်းသေပန်းညှိုးဖြစ်စေနိုင်ပါတယ်။
ဘယ်လိုကုသနိုင်လဲ?
သောက်ဆေးသောက်၍ကုသနိုင်ပါတယ်။ အဆိုပါသောက်ဆေးတွေကတော့
-Sildenafil (Viagra)
-Tadalafil (Adcicra, Cialid)
-Vardenafil (Levitra, Staxyn)
-Avanafil (Stendra) အစရှိသောဆေးများ မှာ လိင်အင်္ဂါရှိကြွက်သားများ အားဖြေလျော့စေသော nitric oxide ဓါတ်ကို ပိုမိုထွက်စေခြင်းဖြင့် သွေးဝင်ရောက်မှုကောင်းစေကာ လိင်အင်္ဂါအားမာစေခြင်းဖြစ်ပါတယ်။
အဆိုပါဆေးများမှာ
-Nitrate ဆေးများသောက်နေလျှင်
-နှလုံးရောဂါ ရှိလျှင်
-သွေးပေါင်ကျခြင်းဖြစ်လျှင် အန္တရာယ် ရှိနိုင်သောကြောင့် ဆရာဝန်နှင့် ဦးစွာတိုင်ပင်သင့်ပါတယ်။
အခြားသောကုသနည်းများမှာ
-လိင်အင်္ဂါ ပန့်မ်ဆွဲခြင်း – လေဟာနယ်ကဲ့ သို့ပြုလုပ်ထားသော ပန်မ့်အချောင်းဖြစ်ပြီး လိင်အင်္ဂါတွင် တပ်ဆင်ဆွဲစုပ်စေကာ လိင်အင်္ဂါထဲသို့သွေးဝင်ရောက်မှု ကောင်းစေကာ ထိုအချိန်တွင် လိင်အင်္ဂါ အရင်း၌ ကွင်းလေးစွပ်ခြင်းဖြင့် လိင်အဂါၤတောင်မတ်မှုကိုဖြစ်စေသော နည်းပဲဖြစ်ပါတယ်။
-လိင်အင်္ဂါတွင် implant ထည့်ခြင်း : လိင်အင်္ဂါတွင် ဖောင်းနိုင် ပိန်နိုင်သော (သို့မဟုတ်) ကွေးနိုင်ဆန့်နိုင်သော အချောင်းလေးများပါသည့် ပစ္စည်းအား ခွဲစိတ်၍ထည့်သောနည်းပဲဖြစ်ပါတယ်။
-လေ့ကျင့်ခန်းလုပ်ခြင်း : ကီးဂယ် လေ့ကျင့်ခန်း (Kegel Exercise) ကဲ့သို့ ကြွက်သားလေ့ကျင့်ခန်းများ လုပ်ခြင်းဖြင့်လည်း လိင်အင်္ဂါကြွက်သားများ သန်စွမ်းစေပါလိမ့်မယ်။
နေ့စဉ်နေထိုင်မှုပုံစံပြောင်းလဲခြင်း
နေ့စဉ်နေထိုင်မှုပုံစံ ကို မှန်ကန်အောင် နေထိုင်ခြင်းက ပန်းသေပန်းညှိုးရောဂါကို ကာကွယ်နိုင်သည့်အပြင် ဖြစ်နေသူတို့ အတွက်လည်း ပိုမဆိုးရန်လုပ်ဆောင်ပေးနိုင်ပါတယ်။ မှန်ကန်သော နေထိုင်မှုပုံစံတွေကတော့
-ဆေးလိပ်မသောက်ပါနှင့်။ ဆေးလိပ်သောက်ပါက ဆေးလိပ်ဖြတ်သင့်ပါတယ်။
-အဝလွန်နေပါက ကိုယ်အလေးချိန်လျော့ရန်ကြိုးစားသင့်ပါတယ်။
-နေ့စဉ် လေ့ကျင့်ခန်း တစ်ခုခု ပုံမှန်ပြုလုပ်ပါ။
-အရက်သောက်ခြင်း နှင့် အခြားသော မူးယစ်ဆေးများကို ရှောင်ကြဉ်ပါ။
-အိမ်ထောင်ဖက်နှင့် ဆက်ဆံရေးကောင်းမွန်စွာ နေရန်ကြိုးစားသင့်ပါတယ်။
-စိတ်ဖိစီးမှုကို လျော့ချပါ။
ပန်းသေပန်းညှိုးမှာ အမျိုးသားများ ဖြစ်လေ့ရှိသော ပြဿနာတစ်ရပ်ဖြစ်သောကြောင့် ဖြစ်လာလျှင် မရှက်သင့်ပဲ ဆရာဝန်နှင့်တိုင်ပင်သင့်ပါတယ်။
အမျိုးသားများ ကိုယ့်ကိုကိုယ် ယုံကြည်မှုမကျစေရန်နှင့် အိမ်ထောင်မှုသုခ ခံစားနိုင်ရန်ရည်ရွယ်လျက်…..
Dr.Z