အစာအိမ်နှင့်အူလမ်းကြောင်းကို သန့်ရှင်းအောင်လုပ်ပေးနိုင်သည့် ကြွက်နားရွက်မှို
ကြွက်နားရွက်မှိုကို အင်္ဂလိပ်လို Jew’s ear mushroom သို့မဟုတ် Jelly ear mushroom သို့မဟုတ် wood ear mushroom စသဖြင့် အမျိုးမျိုးခေါ်ကြပါတယ်။
သူ့ရဲ့ရုက္ခဗေဒနာမည်ကတော့ Auricularia auricular-judae ဖြစ်ပါတယ်။
မျိုးရင်းကတော့ Auriculariaceae ဖြစ်ပါတယ်။
ကြွက်နားရွက်မှိုကို ကျွန်တော်တို့မြန်မာအခေါ်အနေနဲ့လည်း အဘိုးကြီးမှို၊အဘွားကြီးမှို၊မှိုကြွပ်ကြွပ် စသည့်ဖြင့်ခေါ်ကြပါတယ်။
ကြွက်နားရွက်မှိုရဲ့ပုံစံကတော့ လူသားရဲ့နားရွက်ပုံစံနဲ့ဆင်ပါတယ်။အရောင်အနေနဲ့ကတော့ အမည်းရောင်ရှိပါတယ်။အရသာကချိုပြီး စားလိုက်ရင် ပါးစပ်ထဲမှာ ထုတ်ထုတ် ထုတ်ထုတ် နဲ့ နေပါတယ်။
ကျွန်တော်တို့ဆီမှာ ကြွက်နားရွက်မှိုကို အမျိုးမျိုးလုပ်စားကြလေ့ရှိပါတယ်။ကြွက်နားရွက်မှိုကိုပြုတ်ပြီး သုပ်စားကြသလို အရွက်တခုခုနဲ့ရောပြီးလည်းကြော်စားကြပါတယ်။
ကြာဆံဟင်းခါးချက်တဲ့နေရာ၊မာလာဟင်းချက်တဲ့နေရာ စတဲ့နေရာတွေမှာလည်းထည့်သုံးကြပါတယ်။
မိုးကုတ်လိုတောင်ပေါ်ဒေသတွေမှာဆိုရင် ကြွက်နားရွက်မှို ခေါ် မှိုကြွပ်ကြွပ်ကို သေးသေးလေးတွေလှီးရိတ်ပြီး ဆန်မှုန့်နဲ့ပေါင်းကာ မှိုပေါင်းလည်း လုပ်စားကြလေ့ရှိပါတယ်။
ကြွက်နားရွက်မှိုမှာ ပရိုးတင်းဓါတ်၊အဆီဓါတ်၊ကယ်ဆီယံဓါတ်၊မီးစုန်းဓါတ်၊သံဓါတ်၊ဗီတာမင်ဘီဝမ်း၊ဘီတူး၊ဗီတာမင်ကေ၊ဗီတာမင်ဒီ၊ပိုလီဆက်ခရိုက်၊အဒီနိုဆင်း စတဲ့ဓါတ်တွေပါဝင်ပါတယ်။
ကြွက်နားရွက်မှိုရဲ့ကျန်းမာရေးကောင်းကျိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ကြွက်နားရွက်မှိုမှာ သံဓါတ်ကြွယ်ဝစွာပါတာကြောင့် သံဓါတ်ချို့တဲ့သွေးအားနည်းရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။
ပိုလီဆက်ခရိုက်(Polysaccharides) နဲ့ အဒီနိုဆင်း(adenosine) ဓါတ်တွေကလည်း မှတ်ဉာဏ်နဲ့ဦးနှောက်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုစေကာ အယ်ဇိုင်းမား ရောဂါ၊ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။
ကြွက်နားရွက်မှိုက သွေးတွင်းအဆီဓါတ်ကိုကျစေကာ သွေးလည်ပတ်မှုကို ကောင်းစေတဲ့အတွက် ကြွက်နားရွက်မှိုကိုစားခြင်းဖြင့် နှလုံးရောဂါနဲ့လေဖြတ်ရောဂါတွေ ဖြစ်ပွားနိုင်ခြေနည်းအောင်လျှော့ချပေးနိုင်ပါတယ်။
ကြွက်နားရွက်မှိုထဲမှာပါတဲ့ ဗီတာမင်ဒီနဲ့ကယ်လ်ဆီယံဓါတ်တွေဟာလည်း အရိုးနဲ့သွားတွေကို ကြံ့ခိုင်သန်စွမ်းစေပါတယ်။
ကြွက်နားရွက်မှိုကို ဆံပင်ညှပ်တဲ့သူတွေ၊အမှုန်အမွှားတွေနဲ့အလုပ်လုပ်နေရတဲ့သူတွေဆိုရင် ပိုစားပေးသင့်တယ်လို့ သုတေသနတခုကပြောထားပါတယ်။
ဘာလို့လဲဆိုတော့ ကြွက်နားရွက်မှိုစားခြင်းဖြင့် အစာအိမ်နဲ့အူလမ်းကြောင်းထဲကို အကြောင်းအမျိုးမျိုးရောက်ရှိနေသော ဆံပင်မွှေးတွေ၊အမှုန်အမွှားတွေကို ဖယ်ရှားရှင်းလင်းပေးနိုင်လို့ပါလို့ သုတေသနပညာရှင်များက ပြောထားပါတယ်။
Dr သီတာနွယ်(အမရပူရ)