သားအိမ်တွင်း ထည့်ရသော သန္ဓေတားပစ္စည်း ( Intrauterine Device )
မေမေမဖြစ်ချင်သူတွေ၊ သန္ဓေကို နည်းတွေအမျိုးမျိုးမပြောင်းဘဲ အကြာကြီးအသုံးပြုလို့ရတဲ့ နည်းလမ်းကို ရှာနေရင်တော့ IUD က အဆင်ပြေဆုံးဖြစ်မှာပါ။ ထိရောက်ပြီး လုံခြုံစိတ်ချရလို့ စိတ်ဝင်စားခံရမှုကလည်း တစ်နေ့ထက်တစ်နေ့ တဖြည်းဖြည်းမြင့်တက်လာနေပါပြီ။
IUD ဆိုတာဘာလဲ?
T ပုံသဏ္ဌာန် ကိရိယာလေးပါ။ သားအိမ်နဲ့ အံဝင်ခွင်ကျဖြစ်မဲ့ အရွယ်အစားကို သေချာရွေးရပါမယ်။ ဒါမှသာ သုတ်ကောင်ကို မမျိုးဥဆီကို မရောက်အောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာပါ။
အမျိုးအစား အများကြီးရှိတယ်။
Liletta, Kyleena, Mirena, Skyla တွေကတော့ Levonogestrel ( Progestin ) ဆိုတဲ့ Hormone ပါတယ်။ Progestin ဆိုတာက ကိုယ်ဝန်တားဆေးတွေမှာပါတဲ့ ယော်မုန်းတွေနဲ့ တူတူပဲ။ ရာသီကိုလည်းနည်းစေလို့ ရာသီများများလာတတ်တဲ့သူတွေ အတွက်လည်း အသုံးဝင်တယ်။
ParaGard ကတော့ ဟော်မုန်းမပါတဲ့ ကြေးနီနဲ့ ပြုလုပ်ထားတဲ့ IUD ပါ။ ကြေးနီက လူရဲ့ကိုယ်ခံစွမ်းအားကို လှုံဆော်ပေးပြီးတော့ ကိုယ်ဝန်ကိုတားပေးတာပါ။ စစပိုင်းချင်းတော့ ရာသီလာရင် များတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ParaGard က တခြား ဟော်မုန်းသုံးတဲ့ IUD အမျိုးအစားတွေနဲ့ယှဉ်ရင် နှစ်အများကြီး ပိုခံပါတယ်။
ဘယ်လောက်ထိ ထိရောက်မှုရှိလဲ?
အသုံးပြုပုံ မှန်ကန်မယ်ဆိုရင်တော့ ၉၉% အထိ ကာကွယ်ပေးနိုင်ပါတယ်။
ကောင်းကျိုးတွေ
အချိန်အကြာကြီး အသုံးပြုနိုင်ခြင်း။
ထည့်ပြီးတာနဲ့ အမျိုးသမီးရော၊ အမျိုးသမီး၏ ဆက်ဆံဖော်ပါ စိုးရိမ်နေစရာမလိုခြင်း။
ဈေးအတော်အသင့် သက်သာခြင်း။
နိ့တိုက်မိခင်များလည်း အသုံးပြုလို့ရခြင်း။
ဆိုကျိုးတွေ
IUD ထည့်နေစဉ် နာကျင်ခြင်း။
ထည့်ပြီး ရက်အနည်းငယ်ကြာအထိ နာကျင်ခြင်း။
သွေးစက်အနည်းငယ် ထွက်ခြင်း။
ပုံမှန်မဟုတ်ဘဲ ရာသီလာခြင်း။
Paragard ထည့်သူများ ပိုပြီးနာကျင် ကိုက်ခဲလေ့ရှိခြင်း ။
IUD က လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးလား?
မကာကွယ်ပေးပါဘူး။ Condom က သာလျှင် ကာကွယ်ပေးနိုင်မှာပါ။
ဘယ်သူတွေ သုံးလို့ရလဲ
အမျိုးသမီးတော်တော်များများကတော့ အဆင်ပြေလေ့ရှိပါတယ်။ ဒါပေမဲ့ အောက်ပါ အချက်များထဲမှ တစ်ခုခုရှိနေမယ်ဆိုရင်တော့ အသုံးမပြုသင့်ပါဘူး။
လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးမျိုး ရှိနေခြင်း ။
ကိုယ်ဝန်ရှိနေခြင်း ။
သားအိမ်ခေါင်း / သားအိမ် ကင်ဆာ ရှိနေခြင်း ။
အဖြေရှာမတွေ့သေးသော သားအိမ်တွင်းမှ သွေးယိုစိမ့်မှု ရှိနေခြင်း ။
ကြေးနီ နဲ့ ဓာတ်မတည့်သူတွေ၊ Wilson’s disease ရှိတဲ့ သူတွေကတော့ ParaGard အမျိုးအစားကို မသုံးသင့်ပါဘူး။
အသည်းရောဂါ၊ ရင်သားကင်ဆာ ရှိတဲ့သူ၊ ရင်သားကင်ဆာ ဖြစ်နိုင်ချေများတဲ့သူတွေကတော့ ဟောမုန်းအသုံးပြု IUD တို့ကို ရှောင်ရှားသင့်ပါတယ်။
သားအိမ်ရဲ့ အရွယ်အစားနဲ့ အနေအထားကြောင့် တစ်ခါတစ်လေတော့ IUD ထည့်ရခက်တာမျိုးတွေ ရှိတတ်ပါတယ်။
IUD ကိုဘယ်လိုထည့်မလဲ
အနာသက်သာအောင်လို့ အကိုက်အခဲပျောက်ဆေး ( ဥပမာ Ibuprofen ) ကို နာရီအနည်းငယ်ခြားပြီး သောက်သင့်ပါတယ်။
သူက Pap Smear ယူတာနဲ့ လုပ်ဆောင်ပုံတွေ တူပါတယ်။ အမျိုးသမီးကို လိုအပ်သည့်အနေအထားတိုင်း ပြင်ပေးလျှင် IUD ကို သားအိမ်မှတစ်ဆင့် သားအိမ်ခေါင်း ( Cervix ) ထဲကို ဖြည်းဖြည်းချင်း ထည့်ပါတယ်။ ရောက်သွားပြီဆိုတာနဲ့ IUD လေးကို ပြွန်လေးထဲက တွန်းထုတ်လိုက်ပါတယ်။ အဲ့ဒီမှာ T ပုံသဏ္ဌာန် ကိရိယာလေးက ၁လက်မ ကနေ ၂လက်မ လောက်အထိ ရှိတဲ့ ကြိုးလေးနဲ့အတူ ကျန်ခဲ့ပါတယ်။
IUD ထည့်နေတဲ့ အတောအတွင်းမှာ နည်းနည်းတော့ ကသိကအောင့် ဖြစ်တတ်ပါတယ်။ နာကျင်ကိုက်ခဲမှု နဲ့ သွေးအနည်းငယ်ထွက်မှုတို့ ရှိတတ်ပေမဲ့လည်း ရက်အနည်းငယ်ကြာရင် ပျောက်သွားတတ်ပါတယ်။ တချို့ အမျိုးသမီးတွေကတော့ နာကျင်မှုကြောင့် ခေါင်းအနည်းငယ် ကိုက်လေ့ရှိပါတယ်။
ဘယ်အချိန်ဖြစ်ဖြစ် IUD ကို ထည့်လို့ရပါတယ်။ ဒါပေမဲ့ သားအိမ်ခေါင်း အပွင့်ဆုံးအချိန်ဖြစ်တဲ့ ရာသီလာနေချိန်မှာ ထည့်ရင်တော့ ပိုပြီးလွယ်ကူပြီး သက်သောင့်သက်သာ ဖြစ်စေပါတယ်။
ဘယ်အချိန်ကစပြီး IUD အစွမ်းပြလဲ
ParaGard ကတော့ ထည့်လိုက်တာနဲ့ ကိုယ်ဝန်ကို တားပြီး ဖြစ်သွားပါပြီ။
တခြား ဟော်မုန်းအသုံးပြုတဲ့ IUD တွေကတော့ ရာသီလာနေချိန် အတွင်းမှာ ထည့်ရင်တော့ ချက်ချင်းတားပါတယ်။ တခြားအချိန်မှာ ထည့်ရင်တော့ အစွမ်းပြဖို့ ၇ရက် စောင့်ရပါမယ်။ အဲ့အချိန်အတွင်း လိင်ဆက်ဆံရင်တော့ Condom ကို အသုံးပြုရပါမယ်။
ဘယ်လောက်ထိခံလဲ
အမျိုးအစားပေါ် မူတည်ပါတယ်။
Lietta နဲ့ Skyla – ၃ နှစ်
Mirena နဲ့ Kyleena – ၅ နှစ်
ParaGard – ၁၀ နှစ် အထိခံပါတယ်
အမျိုးအစားတွေပေါ် မူတည်ပြီးတော့ အားသာချက်နဲ့ အားနည်းချက်လည်း ကွာသွားပါတယ်။
ရာသီလာတာကို သက်ရောက်မှုရှိလား
ဟော်မုန်းအသုံးပြု IUD တွေကတော့ ထည့်ပြီး လအနည်းငယ်အထိ အနည်းငယ်ကိုက်ခဲစေပြီး ပုံမှန်မဟုတ်တဲ့ သွေးစအနည်းငယ်ထွက်တာတို့ ဖြစ်တတ်တယ်။ ဒါပေမဲ့ ဒါတွေက ဖြည်းဖြည်းချင်း ပျောက်သွားပြီး နောက်ဆုံး ရာသီလုံးဝ မလာတော့တဲ့အထိ ဖြစ်လေ့ရှိတယ်။ IUD ထည့်ထားရက်နဲ့ ကိုယ်ဝန်ရတာက အလွန်ပင် ရှားပါးပါတယ်။ ဒါပေမဲ့ ရာသီလုံးဝရပ်သွားတာကို အမြဲတမ်း စိုးရိမ်နေမယ်ဆိုရင်တော့ ParaGard ကို အသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်။
ParaGard ကတော့ တခြား IUD တွေထက် နည်းနည်းပို ကိုက်တတ်တယ်၊ ရာသီလာရင်လည်း များတတ်တယ်။ ဒါတွေကလည်း လအနည်းငယ်ကြာရင် ပျောက်သွားလေ့ ရှိပါတယ်။
ဆက်ဆံဖော်ကိုရော မသက်မသာဖြစ်စေလား
မဖြစ်စေပါဘူး။
တကယ်လို့ဖြစ်ခဲ့ရင်တောင် ကျန်ခဲ့တဲ့ ကြိုးအစလေးနဲ့ အနည်းငယ်ထိမိလို့ ဖြစ်တာပါ။ အဲ့ကြိုးအစလေးကလည်း အချိန်ကြာလာတာနဲ့အမျှ ပါးပါးသွားပါတယ်။ ရှည်နေတာ်ဆိုရင်လည်း တိုလိုက်လို့ရပါတယ်။
IUD က ပြန်ထွက်ကျနိုင်လား
ချိန်းထားတဲ့ရက်တွေမှာ ဆရာဝန်က အမြဲကြည့်ပေးနေမှာပါ။ ပုံမှန်အားဖြင့်တော့ ပြုတ်မကျတတ်ပါဘူး။ ဒါပေမဲ့ အောက်မှာပြထားတဲ့ အချက်လေးတွေနဲ့ ကိုက်နေရင်တော့ ဖြစ်တတ်ပါတယ်။
– ကလေးလုံးဝ မယူဖူးခြင်း
– အသက် ၂၀ အောက် ဖြစ်နေခြင်း
– ကလေးမွေးပြီးပြီးချင်း၊ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်စဉ်ကာလ ၃လ ကနေ ၆လ အတွင်း ပျက်ကျပြီးချင်း ?IUD ကို ထည့်ခြင်း
– သားအိမ်အတွင်း အလုံးအကျိတ်များ ရှိနေခြင်း
– သားအိမ်အရွယ်အစားနဲ့ အနေအထား ပုံမှန်မဟုတ်ခြင်း
IUD က ရာသီလာနေချိန်အတွင်းမှာတော့ ထွက်ကျလာတတ်ပါတယ်။ အဲ့ဒါကျမို့လို့ အမြဲတမ်း ကြိုးလေးကို စမ်းမိဖို့ လိုအပ်ပါတယ်။ ကြိုးက တိုသွားတာ ၊ ရှည်သွားတာ ၊ IUD က တွန်းနေတယ်လို့ ခံစားရရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြန်ပြဖို့ လိုအပ်ပါတယ်။
ကလေးပြန်ယူချင်လာရင် ဘယ်လိုလုပ်ရမလဲ?
– IUD ကို ဆရာဝန်က ပြန်ထုတ်လိုက်တာနဲ့ ရာသီပုံမှန်ပြန်လာပြီး ကိုယ်ဝန်ဆောင်လို့ ရပါပြီ။ မိနစ်အနည်းငယ်ပဲ ကြာပါတယ်။ ပြန်ထုတ်ရင် သွေးအနည်းငယ် ထွက်ပေမဲ့ တစ်ရက် နှစ်ရက်လောက်ကြာရင် ပျောက်သွားလေ့ ရှိပါတယ်။
Dr. Z