ဘယ်လို သေကြမလဲ
သက်ရှိရယ်လို့ ဖြစ်လာရင် တစ်နေ့ကျရင် သေကြရမှာပါ လူတွေလည်း တစ်နေ့သေကြရမှာပါ နီးမလား ဝေးမလား ပဲ စောင့်နေကြရမှာပါ ။
လူ့ဘဝခဏ မသေခင်လေးမှာ ကိုယ်စီရဲ့ သေဆုံးချိန်အတွက် ဘယ်လို ပြင်ဆင်ထားတတ်ကြလဲ တစ်ချို့သူတွေမှာဆိုရင် ဘာမှတောင် ပြင်ဆင်ချိန် မရလိုက်တတ်ဘူး တစ်နေ့သေရမယ်ဆိုတာပဲ သိပြီး ဘယ်နေ့သေမယ်ဆိုတာမှ ကြိုမသိကြတာပဲလေ ။ခေတ်ကြီး ပြောင်းလဲလာတာနဲ့အမျှ ရောဂါမျိုးစုံ ဖြစ်ရပ်မျိုးစုံတွေဖြစ်နေတာ အရင်ကဆိုရင် အသက်ကြီးပိုင်းရောက်မှ သေဆုံးတာ ပိုများလာပေမယ့် ဒီဘက်ခေတ်ကြီးထဲမှာ လူငယ်လူရွယ် ကလေးတွေလည်း အသေစောနေကြတာတွေ များလာတယ် ။သေဆုံးတဲ့အခါ ရောဂါနဲ့ ဆိုရင်တော့ အချိန်တစ်ခုစောင့်ရတာကြောင့် သေဆုံးချိန်ကို ပြင်ဆင်နိုင်ပါတယ် ဒါတောင် တစ်ချို့တွေက ရောဂါကို လူနာကို ပေးမသိတာတွေဆို သေဆုံးခါနီးမှ ဘာမှပြင်ဆင်ချိန်မရလိုက်တာတွေ ဖြစ်နေပါတယ် ။
မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေကြောင့် ရုတ်တရက်သေဆုံးတယ်ဆိုရင် ဘာဆိုဘာမှကို ပြင်ဆင်ချိန် မရှိလိုက်ပါဘူး ။ဒါကြောင့် လူတိုင်းလူတိုင်း လူကြီးလူငယ်လူရွယ်မရွေး သေဆုံးချိန်အတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ် ။ဘာတွေပြင်ဆင်ကြမလဲ ။သေဆုံးချိန်ကို ပြင်ဆင်တဲ့အပိုင်းမှာ ကိုယ်တိုင်သာ တစ်ခုခုဖြစ်ရင် ဘယ်လိုမျိုးအဆုံးအဖြတ်လုပ်မလဲ ဆိုတာ အရေးကြီးပါတယ် ရောဂါတွေကြောင့်ဆိုရင်ကိုယ်တိုင်က တောက်လျှောက်အသိစိတ်ရှိနေရင်တော့ ကုသမှုကို ကိုယ်တိုင်ဆုံးဖြတ်ရမှာပါ အသိစိတ်မရှိတဲ့အချိန်မှာဆိုရင် ကိုယ့်နေရာမှာ ဘယ်သူဆုံးဖြတ်မလဲ ဆိုတာ လိုပါတယ် ဆေးပညာမှာတော့ သတ်မှတ်ပေးထားတဲ့သူတွေ ရှိပါတယ် အစဉ်လိုက်အတိုင်းပဲ ကြည့်ပါတယ် လင်ယောကျ်ားဇနီးမယား မိဘ သားသမီး ညီအစ်ကိုမောင်နှမ စသဖြင့်ပါ ကိုယ့်ဘက်က တစ်ဦးတစ်ယောက်ကို ကိုယ်စားဆုံးဖြတ်ပိုင်ခွင့် ပေးချင်တယ်ဆိုရင်တော့ လွှဲစာ မှာ အသိသက်သေတွေ လက်မှတ်ထိုးထားပေးဖို့ လိုပါတယ် ။
နောက်တစ်ခုကတော့ ဒီနိုင်ငံမှာ သိပ်မလုပ်ဖြစ်ကြတဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ လှူတာပါ လူတစ်ယောက် သေဆုံးသွားချိန်မှာ ကောင်းနေသေးတဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေကို တစ်ခြားသူကို ပေးလှူခြင်းအားဖြင့်တော့ တစ်ခြားသူလည်း အသုံးဝင်သလို ကိုယ့်ရဲ့ တစ်စိတ်တစ်ဒေသလည်း ဆက်လက်အသက်ရှင်နေတာမျိုးပါ ။ခရစ်ယာန်ဘာသာမှာ will လို့ ခေါ်တဲ့ သေတမ်းစာရှိပါတယ် တကယ်ဆို ခရစ်ယာန်ဘာသာမှ မဟုတ်ပါဘူး လူတိုင်း ကြိုတင်ပြင်ဆင်ထားဖို့လိုတာပါ စီးပွားရေးကိစ္စတွေ ပစ္စည်းဥစ္စာ အမွေတွေ ကိုယ်စားဆုံးဖြတ်ပိုင်ခွင့်တွေ ကိုယ်စားလှယ်လွှဲစာတွေကို ရှေ့နေသက်သေတွေနဲ့ တကွ မသေခင်တည်းက ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ် ။
အရေးကြီးဆုံးကတော့ ဘဝကူးကောင်းဖို့လည်း ဟုတ်သလို သေဆုံးပြီးချိန်မှာ အပြစ်ငရဲ နည်းစေဖို့ပါ သြော် ငါသေဆုံးပြီးရင် ငါ့မိဘဇနီးမယားသားသမီး ဆွေမျိုးတွေက ငါ့အတွက် ဆုတောင်းပေးကြမှာပါ ကောင်းမှုကုသိုလ်တွေ လုပ်ပေးကြမှာပဲလို့ တရားသေ မမှတ်ထားပါနဲ့ မိမိကိုယ်သာ ကိုးကွယ်ရာပါ မသေခင်တည်းက ကောင်းမှုကုသိုလ်များများလုပ်ပါ အလှူအတန်းများများလုပ်ပါ မကောင်းတဲ့အရာတွေကို ရှောင်ကြဉ်ပြီး စိတ်ကိုလည်း အေးချမ်းအောင် ထားပါ ဘုရားများများရှိခိုးဖို့ လိုပါတယ် ။ဒါကြောင့်လည်း ရောဂါဝေဒနာ ခံစားနေရတဲ့သူတွေ အနေနဲ့ ကိုယ့်ရောဂါအခြေအနေကို သိပြီးတဲ့အခါ သူဘာတွေလုပ်ချင်သေးလဲ ဆိုတာ အတွက် သိဖို့ိလိုပါတယ် ဒါမှကြိုတင်ပြင်ဆင်လို့ရမှာပါ ။
သေဆုံးချိန်ကို ကြိုတင်ပြင်ဆင်ဖို့အတွက် အသက်ငယ်နေသေးတယ် အသက်ကြီးတယ် မရှိပါဘူး လူတိုင်းပြင်ဆင်ထားလို့ ရပါတယ် ပြင်ဆင်ထားခြင်းက စိတ်ကို အေးချမ်းစေပါတယ် ရင်တမမ ဖြစ်နေဖို့ မလိုတော့ပါဘူး အဘက်ဘက်ကနေ ပြင်ဆင်ထားတာ အကောင်းဆုံးပါ ။
Dr. CST