သားဆက်ခြားဖို့ ဘယ်လိုနည်းလမ်းတွေရှိလဲ?
သားဆက်ခြားခြင်းမှာ ဇနီးမောင်နှံ တိုင်းအတွက်လိုအပ်ပါတယ်။ သားဆက်ခြားခြင်းဖြင့် မိမိလိုချင်သော အချိန်မှ ကလေးရရန် လုပ်ဆောင်နိုင်ပါတယ်။ အမျိုးသားများအတွက် ရော အမျိုးသမီးများ အတွက်ပါသားဆက်ခြားနည်း အမျိုးမျိုးရှိပါတယ်။ ဒါကြောင့် ဘယ်လို သားဆက်ခြားနည်း များအကြောင်း အကြမ်းဖျင်းအား ဗဟုသုတ အဖြစ်ဖော်ပြပေးလိုက်ရပါတယ်။
သဘာဝနည်းလမ်းများ
သဘာဝနည်းလမ်းများမှာ ဆေး၊ ပစ္စည်းများ မလိုပဲ သန္ဓေတားခြင်းကို ဆိုလိုပါတယ်။
-လိင်ဆက်ဆံ မှုမပြုခြင်း – အချို့သော ဇနီးမောင်နှံ များတွင်လိင်ဆက်ဆံ မှုကို နားထားခြင်းဖြင့် မျိုးဆက်ခြားလေ့ရှိပါတယ်။
-သုတ်ရည်ကို မိန်းမကိုယ်ထဲ မဝင်စေပဲ အပြင်တွင်ထုတ်လွှတ်ခြင်း – လိင်ဆက်ဆံ ပြီးနောက် သုတ်ရည်ထွက်ခါနီးတွင် မိန်းမကိုယ်ပြင်ပသို့ ထုတ်လိုက်ခြင်းပဲဖြစ်ပါတယ်။ သို့သော် ထိုနည်းလမ်း မှာ ကျွမ်းကျင်မှု အပေါ်မူတည်သောကြောင့် စိတ်ချရခြင်းမရှိပေ။ နှစ်စဉ် အမျိုးသမီး ၁၀၀ တွင် ထိုနည်း ကြောင့် ကိုယ်ဝန်ရသူ ၂၀ ရှိကြောင်း လေ့လာထားချက်များ အရ သိရှိရပါတယ်။
ပစ္စည်းများဖြင့် သန္ဓေတားခြင်း
အများအားဖြင့် အမျိုးသား၏ သုတ်ပိုးများ အား အမျိုးသမီး၏ သားဥနှင့် မတွေ့စေရန်တား၍ ကာကွယ်ခြင်းဖြစ်ပါတယ်။
-အမျိုးသား ကွန်ဒုံး -အမျိုးသား အင်္ဂါတွင် စွပ်ရသော latex ဖြင့်အများဆုံးလုပ်ထားသော အကာအကွယ် တစ်ခုပဲဖြစ်ပါတယ်။ သန္ဓေတားရုံသာမက လိင်မှတဆင့်ကူးစက်ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ထို့အပြင် သားဆက်ခြားနိုင်နှုန်းမှာ လည်း ၈၂ ရာခိုင်နှုန်း အထိရှိပါတယ်။
-အမျိုးသမီးကွန်ဒုံး – polyurethane နဲ့ ပြုလုပ်ထားပြီး အစွန်း ၂ ဖက်တွင် ကွင်း ၂ ကွင်း ပါရှိပါတယ်။ တစ်ဖက်ကို အပြင်မှာထားပြီး တစ်ဖက်ကို မိန်းမကိုယ်တွင်းထည့်ထားရပါမယ်။ လိင်ဆက်ဆံ မှုမပြုခင် သုတ်သတ်ဆေး သုတ်လိမ်းရပါမယ်။ သန္ဓေတားနိုင်စွမ်း ကတော့ ၇၉ ရာခိုင်နှုန်း အထိရှိပါတယ်။
-ဒိုင်ယာဖရမ်(diaphragm) – ရာဘာ နှင့်ပြုလုပ်ထားသော ခွက်ပုံစံ ရှိသည့် ပစ္စည်းလေးဖြစ်ပြီး မိန်းမကိုယ်ထဲ ထည့်၍အသုံးပြုရပါတယ်။ သုတ်ပိုးသတ်ဆေးနှင့် အတူတွဲသုံးလေ့ရှိပါတယ်။ ထိုသို့တွဲသုံးလျှင် သန္ဓေတားနှုန်း ၈၈ ရာခိုင်နှုန်းအထိရှိပြီး ဒိုင်ယာဖရမ် ချည်းသုံးလျှင်မူ ၇၇ မှ ၈၃ ရာနှုန်းထိရှိပါတယ်။
ထိုးဆေးဖြင့်တားခြင်း – Depo-provera လို့ ခေါ်ပြီး ၃ လခံဆေး လို့လည်းသိထား ကြပါတယ်။ အမျိုးသမီးများ သားဥ ထုတ်ခြင်းကို တားခြင်းဖြင့် သန္ဓေမတည်အောင်ကာကွယ်ပေးပါတယ်။ ၉၄ ရာခိုင်နှုန်းထိရောက်မှုရှိပြီး သတိပြုရမည်မှာ အာနိသင်မကျရန် ၃လ တစ်ကြိမ်ထိုးရန်လိုအပ်ပါတယ်။
အခြားသော နည်းများ
-IUD ခေါ် သားအိမ်ထဲထည့်သော ပစ္စည်း- T ပုံ ပစ္စည်းလေးဖြစ်ပြီး ဆရာဝန်မှသားအိမ်ထဲ ထည့်ပေးရသော ပစ္စည်းလေးဖြစ်ပါတယ်။ ကြေးနီ နှင့် လုပ်ထားသော ပစ္စည်း နှင့် ဟော်မုန်းပါသော ပစ္စည်း ဟူ၍ ၂ မျိုးရှိပါတယ်။ အမျိုးအစား အပေါ်မူတည်၍ ၃နှစ် ၊ ၅ နှစ် မှ ၁၀ နှစ်အထိ ခံလေ့ရှိပါတယ်။ ၉၉ ရာခိုင်နှုန်း အထိသန္ဓေတားနိုင်တာကို တွေ့ရပါတယ်။
-နေ့စဉ်သောက်ဆေး -နေ့စဉ် အချိန်မှန်မှန်သောက် ရသော တားဆေးဖြစ်ပြီး သန္ဓေတား နှုန်း ၉၁ မှ ၉၅ ရာနှုန်းအထိရှိပါတယ်။
-သန္ဓေတားကပ်ခွာ – အရေပြားပေါ်တွင် ကပ်ရပြီး estrogen နှင့် progestin ဟော်မုန်းတွေထုတ်ပေးပါတယ်။ တစ်ပတ်တစ်ခါ ကို ၃ ပတ်ဆက်တိုက်ကပ်ရမှာ ဖြစ်ပြီး ရာသီလာသည့် လေးပတ်မြောက်အပတ်တွင် ကပ်ရန် မလိုပေ။ အဆိုပါကပ်ခွာ အား အများအားဖြင့် တင်ပါးနှင့် ဗိုက်အောက်ပိုင်းတွင် ကပ်လေ့ရှိပါတယ်။ ၉၁ ရာခိုင်နှုန်း သန္ဓေတားနိုင်တယ်လို့ သိရပါတယ်။
-သန္ဓေတားကွင်း – မိန်းမကိုယ် အတွင်းသို့ ထည့်ထားရမည်ဖြစ်ပြီး estrogen နှင့် progestin ဟော်မုန်းများ ထုတ်ပေးပါတယ်။ မိန်းမကိုယ်အတွင်း ၃ ပတ်ထည့်ထားရမည် ဖြစ်ပြီး ရာသီလာမည့် အပတ်တွင် ပြန်ထုတ်ရမည်ဖြစ်ပါတယ်။ ၉၉ ရာနှုန်းအထိ ထိရောက်မှုရှိပါတယ်။
-လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (implant) – လက်မောင်းအတွင်းသား ထဲသို့ အချောင်းငယ်လေး ထည့်ရခြင်းဖြစ်ပြီး ၃ နှစ်အထိ ခံနိုင်ပါတယ်။ ကိုယ်ဝန်လိုချင်သည့် အချိန်တွင်ပြန်ထုတ်နိုင်ပါတယ်။ သို့သော် ထည့်ခြင်း၊ ထုတ်ခြင်းကို မူ ဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ဆေးပညာရှင်တစ်ယောက်ယောက် ဖြင့်သာ လုပ်သင့်ပါတယ်။
-အရေးပေါ် သန္ဓေတားဆေး (emergency contraceptive pills) – ဆေး ၂ လုံးပါသော ဆေးနှင့် ဆေး ၁ လုံးပါသော ဆေး ဟူ၍ ၂ မျိုးရှိလေ့ရှိပါတယ်။ လိင်ဆက်ဆံ ပြီး ချိန် မှ ၇၂ နာရီအတွင်းသောက်ရ မှာ ဖြစ်ပြီး စောစော သောက်လေ ထိရောက်မှုပိုရှိလေဖြစ်ပါတယ်။ သို့သော် ဤ နည်းကို အရေးပေါ်တွင်သာ သုံးသင့်ပြီး အမြဲတစေ အတွက်တော့ မသုံးသင့်ပေ။
ယခုဆောင်းပါး သည် သားဆက်ခြားနည်း အမျိုးအစား များကို သာ အကြမ်းဖျင်း ဖော်ပြထားခြင်း ဖြစ်၍ တစ်မျိုးခြင်း အသေးစိတ်ကိုမူ နောက်ပိုင်းများတွင် ဖော်ပြသွားမည်ဖြစ်ပါတယ်။ သားဆက်ခြား ခြင်း အကြောင်း ဗဟုသုတ ရစေရန်ရည်ရွယ်လျက်….
Dr.Z