ရေကူးခြင်းက သင့်ရဲ့ ကိုယ်ခန္ဓာအပေါ် ဘယ်လို အထောက်အကူ ပြုသလဲ။
ရေကူး အားကစားနည်းဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးဖြစ်တဲ့ အားကစားနည်းတွေထဲမှာ တစ်ခုအဖြစ် ပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေကူး အားကစားနည်းဟာ ကျန်းမာရေးကို လွန်စွာ အထောက်အကူ ဖြစ်စေသလို ကိုယ်ခန္ဓာ ပုံပန်းသဏ္ဍာန်ကိုလည်း လှပစေတဲ့ အတွက်ပါပဲ။ နောက်တစ်ခု က ရေနဲ့ ပတ်သတ်တဲ့ ဒေသတွေကို ခရီးသွားရတဲ့ အခါမှာ ရေကူးတတ်တယ် ဆိုရင် ဒါဟာ အသက်ဘေးအန္တရာယ်ကို ရှောင်ရှားဖို့ အတွက်လည်း အားသာချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ အပန်းဖြေဖို့ စိတ်ပြေလက်ပျောက် ကမ်းခြေကို ခရီးထွက်တဲ့ အခါမျိုးမှာလည်း ကိုယ်ဟာ ရေကူးတတ်သူ တစ်ဦး ဖြစ်တယ်ဆိုရင်တော့ ပင်လယ်ထဲ ဆင်းတဲ့ အခါမျိုးမှာ ပိုပြီးပျော်ဖို့ ကောင်းမှာ အမှန်ပါပဲ။ ကိုယ်ခန္ဓာ ကျန်းမာရေးအတွက် တစ်နေ့တာ စားသုံးတဲ့ အစာအာဟာရ နဲ့ လှုပ်ရှားမှု ညီမျှနေဖို့ဟာ အလွန်ကို အရေးကြီးပါတယ်။ စားသုံးထားတဲ့ အစာအာဟာရ တွေဟာ လိုတာထက် ပိုလာခဲ့ရင် ကိုယ်တွင်းမှာ အဆီအဖြစ် စုဆောင်းခံရတဲ့ အတွက် ခန္ဓာကိုယ်ဟာ ဝဖြိုးလာနိုင်ပါတယ်။ ဒါကြောင့် စားထားတဲ့ အစာအာဟာရတွေ ပိုလျှံမနေအောင် သင့်တော်တဲ့ လှုပ်ရှားမှုတစ်ခု လုပ်ပေးဖို့ လိုပါတယ်။ ကိုယ်က အစားအသောက်စားတာကို မလျော့နိုင်ဘူး ဆိုတဲ့အခါမှာ လှုပ်ရှားမှုဟာ ပိုတောင် လိုအပ်လာနိုင်ပါတယ်။ အရွယ်ရောက်ပြီးသား သူတစ်ယောက်ဟာ တစ်ပတ်လုံးမှာ စုစုပေါင်း နှစ်နာရီခွဲခန့် ကြာတဲ့ ပုံမှန်လေ့ကျင့်ခန်း အချိန် ဒါမှမဟုတ် စုစုပေါင်း တစ်နာရီခွဲလောက် ကြာတဲ့ ပြင်းထန်လေ့ကျင့်ခန်းချိန်မျိုး ရှိသင့်တယ် လို့ ကျန်းမာရေး ပညာရှင်တွေက ဆိုကြပါတယ်။ လေ့ကျင့်ခန်း လို့ ပြောလို့ရတဲ့ လှုပ်ရှားမှုဟာ နေ့စဉ်လှုပ်ရှားမှု ကို ဆိုလိုတာမဟုတ်ပဲ နှလုံးခုန်နှုန်း အသက်ရှူနှုန်းတွေ ကိုပါ မြင့်တက်လာစေတဲ့ အထိ လှုပ်ရှားရတဲ့ လှုပ်ရှားမှုမျိုးကို ဆိုလိုပါတယ်။ ဒီလို လှုပ်ရှားမှသာ ကိုယ်ခန္ဓာမှာ ပိုလျှံနေတဲ့ မလိုလားအပ်တဲ့ calorie တွေကို ရှင်းထုတ်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒီလို လေ့ကျင့်ခန်းတွေ လုပ်ကြတဲ့ အခါမှာ သက်ဆိုင်ရာ ခန္ဓာကိုယ်အစိတ်အပိုင်းကို ဦးတည်ပြီး ပြုလုပ်ကြတာ ရှိသလို တစ်ကိုယ်လုံးပါဝင်တဲ့ လေ့ကျင့်ခန်းမျိုးတွေလည်း လုပ်တတ်ကြပါတယ်။ နေ့စဉ် လေ့ကျင့်ခန်းတစ်ခုအနေနဲ့လည်း ပြုလုပ်လို့ ရတဲ့ ရေကူးအားကစားနည်းမှာ သူ့ရဲ့ အားသာချက်တွေ ရှိပါတယ်။
၁) ခန္ဓာကိုယ် တစ်ခုလုံး ကို အသုံးပြုရတယ်။ ခန္ဓာကိုယ် တစ်ခုလုံး ကို အသုံးပြုရတဲ့ အတွက် လေ့ကျင်ခန်းတစ်ခု လုပ်တဲ့ အခါ တက်သွားသင့်တဲ့ နှလုံးခုန်နှုန်းကို အလွယ်တကူ ရနိုင်တယ်။ လက်ပစ်ကူး လိပ်ပြာကူး နောက်ပြန်ကူး အစရှိတဲ့ ရေကူးတဲ့ ပုံစံ အမျိုးမျိုး ပေါ်ကို လိုက်ပြီး သက်ဆိုင်ရာ ကြွက်သားတွေကို သန်မာစေသလို တစ်ကိုယ်လုံးမှာလည်း သန်မာမှုကို ရစေပါတယ်။ ရေကူးတာကို ပုံမှန်လုပ်ပေးမယ်ဆိုရင် သင်ရဲ့ အမောခံနိုင်စွမ်းဟာလည်း တိုးတက်လာမှာ အမှန်ပါပဲ။
၂) နှလုံး နဲ့ သွေးကြော ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ ရေကူးပေးတဲ့အခါ နှလုံး နဲ့ အဆုတ် ဟာ သာမန်ထက် ပို ကျန်းမာလာနိုင်ပါတယ်။ သွေးကြောတွေမှာ အဆီစုတာတွေ နည်းသွားတဲ့ အတွက်လည်း လှုပ်ရှားမှု နည်းတဲ့သူတွေနဲ့ နှိုင်းယှဉ်ရင် နှလုံးရောဂါ နဲ့ လေဖြတ်တာတွေ ဖြစ်တာဟာ လျော့သွားနိုင်ပါတယ်။
၃) အရိုးအဆစ် နာကျင်ကိုက်ခဲတာတွေကိုလည်း သက်သာစေနိုင်တယ်။ အသက်ကြီးလာတဲ့ အချိန်မှာ ဖြစ်တတ်တဲ့ အရိုးအတက်ထွက် (OA) ရောဂါတွေ ဖြစ်တဲ့ အခါမှာ အရိုးအဆစ်တွေ နာကျင်တောင့်တင်းလာတတ်ပါတယ်။ သင့်တော်တဲ့ လှုပ်ရှားမှုကို ပုံမှန် လုပ်ပေးမယ်ဆိုရင် ဒီ နာကျင်တောင့်တင်းမှုတွေဟာ အထိုက်အလျောက် သက်သာသွားနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ပေါင်ကြွက်သားကို အသုံးပြုပြီး လှုပ်ရှားရတဲ့ ရေကူးအားကစားနည်းဟာ သင့်တော်တဲ့ လှုပ်ရှားမှုတစ်ခုပါပဲ။
၄) မလိုအပ်တဲ့ Calorie တွေကို လျင်လျင်မြန်မြန် ဖယ်ရှားပေးနိုင်တယ်။ လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ လှုပ်ရှားမှုပေါ် လိုက်ပြီး တစ်နာရီ အတွင်းမှာ Calorie ဖယ်ရှားပေးနိုင်မှုဟာ ကွာခြားပါတယ်။ ရေကူးအားကစားနည်းဟာ ခန္ဓာကိုယ်မှာ ပိုနေတဲ့ Calorie တွေကို အမြန်ဆန်ဆုံး ဖယ်ရှားပေးဖို့အတွက် အကောင်းဆုံး အားကစားနည်းတစ်ခု ဖြစ်ပါတယ်။ ရေကူးတာ တစ်နာရီ ကြာပြီးတဲ့အခါမှာ ရတဲ့ ကယ်လိုရီ လောင်ကျွမ်းနိုင်စွမ်းအားဟာ တစ်နာရီ လမ်းလျှောက် ၊ yoga ဆော့ ပြီးတဲ့ အခါမှာ ရမယ့် ကယ်လိုရီလောင်ကျွမ်းအားထက် ပိုများပါတယ်။ ဒါကြောင့် သင်ဟာ အမြန်ဆုံး ပိန်ဖို့ ကြိုးစားနေသူတစ်ဦးဆိုရင်တော့ ရေကူးဖို့ ရွေးချယ်သင့်တာ အမှန်ပါပဲ။
Dr. မွှေး