တားဆေး ဘယ်ထဲထည့်မယ်
ကလေးမရအောင် တားလို့ရတဲ့ နည်းတွေ အများကြီးထဲကမှ လက်မောင်းထဲ ပစ္စည်းထည့်တဲ့ implanon ကို အစိုးရဆေးရုံတချို့မှာ အခမဲ့ထည့်ပေးနေတာမျိုး ရှိပေမယ့် တခြားဆေးရုံ၊ ဆေးခန်းတွေမှာဆိုရင်တော့ သောင်းဂဏန်းကနေ သိန်းဂဏန်းထိ ကုန်ကျနိုင်ပါတယ်။ သားအိမ်ထဲထည့်တဲ့ပစ္စည်း( Copper T )ကတော့ ဈေးပိုသက်သာတယ်။ လက်မောင်းထဲထည့်တာက ၃ နှစ်ခံ၊ ၄ နှစ်ခံ စသဖြင့် ရှိပါတယ်။ သားအိမ်ထဲထည့်တာကတော့ ၅နှစ်ခံ ရှိသလို၊ ၁၀ နှစ်ခံလည်း ရှိတယ်။ နှစ်များများ တားထားချင်တဲ့သူတွေဆို ၁၀ နှစ်ခံအထိ ရွေးလို့ရပါတယ်။လက်မောင်းထဲထည့်တာကတော့ ရှင်းပါတယ်၊ ကလေးမမွေးဖူးသေးလည်း ထည့်လို့ရတယ်။
သားအိမ်ထဲထည့်တာကတော့ ဆရာဝန်တွေက များသောအားဖြင့် မထည့်ပေးကြဘူး။ ပထမအကြောင်းရင်းက မတော်တဆ ထည့်နေရင်းနဲ့ ပိုးဝင်သွားရင် လုံးဝကလေးမရတော့တာမျိုး ဖြစ်မှာစိုးလို့၊ ဒါပေမယ့် ဒါက သေချာပိုးသတ်ထားတဲ့ ပစ္စည်းတွေသုံးမယ်ဆို ပြဿနာမရှိဘူး။ နောက်အကြောင်းရင်းတစ်ခုကတော့ ထည့်ရခက်လို့။ ဒီနောက်ပိုင်းမှာ ပေါ်လာတဲ့ အက္ခရာ T ပုံစံ ပစ္စည်းတွေက အရွယ်အစားသေးလာတာမို့ ကလေးမမွေးဖူးသေးပေမယ့်လည်း ထည့်လို့ရတယ်။ သက်သောင့်သက်သာ ရှိပါတယ်။ ဦးစားပေးရွေးချယ်ရမယ် မဟုတ်ပေမယ့် ကျန်တဲ့ ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းတွေ သုံးဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတဲ့အခါမှာတော့ သားအိမ်ထဲထည့်တာကိုလည်း ရွေးချယ်လို့ရတယ် ဆိုတာလေး သိစေချင်တာပါ။
လက်မောင်းထဲထည့်တာက ဟော်မုန်းပါတာမို့ ရင်သားကင်ဆာ၊ အသည်းရောဂါ၊ Deep vein thrombosis လို့ခေါ်တဲ့ သွေးပြန်ကြောမှာ သွေးခဲပိတ်တဲ့ရောဂါတွေမှာဆိုရင် မသုံးသင့်ပါဘူး။ သားအိမ်ထဲထည့်တဲ့ပစ္စည်းကတော့ သားအိမ်ထဲမှာထည့်မှာမို့ သားအိမ်အနေအထားမမှန်တာ၊ သားအိမ်နှစ်ခွ ဖြစ်နေတာ၊ သားအိမ်ရောင်ရမ်းနေတာ၊ ကာလသားရောဂါ ကူးစက်ခံထားရတာ၊ ကူးစက်ခံရနိုင်ချေများတာ စတဲ့ အခြေအနေတွေမှာဆို သုံးလို့မသင့်တော်ပါဘူး။လက်မောင်းထဲထည့်တဲ့ပစ္စည်းက ၃ လခံထိုးဆေးနဲ့ အထဲမှာပါတဲ့ဟော်မုန်းချင်း တူပါတယ်။ ဒီဟော်မုန်းရဲ့ အာနိသင်က မမျိုးဥကို မကြွေအောင် ပိတ်ပေးတဲ့အပြင် သားအိမ်နံရံက အလွှာတွေကိုလည်း ထူမလာအောင် လုပ်ပေးတယ်။ တကယ်တော့ ရာသီလာတယ်ဆိုတာက မိန်းကလေးတစ်ယောက်ဟာ အပျိုဖြစ်ပြီဆိုရင် တစ်လကိုတစ်ခါ မမျိုးဥကြွေတယ်။ အဲဒီလို ကြွေတာနဲ့တစ်ပြိုင်တည်းမှာ သားအိမ်နံရံကလည်း ထူထဲလာတယ်၊ ဘာလို့ဆိုတော့ မမျိုးဥနဲ့ သုက်ပိုးနဲ့ပေါင်းပြီး သန္ဓေများအောင်သွားခဲ့ရင် သားအိမ်မှာ သန္ဓေတည်နိုင်အောင်လို့။ တကယ်လု့ိမျိုး သုက်ပိုးနဲ့ မမျိုးဥနဲ့ မပေါင်းလိုက်ရဘူးဆိုရင် အဲဒီမမျိုးသက သေသွားတယ်။ သန္ဓေလည်း အောင်တော့မှာ မဟုတ်တဲ့အတွက် ခုနက ထူထဲထားတဲ့ သားအိမ်နံရံကလည်း ကွာကျလာတယ်။ အဲဒီလို သေသွားတဲ့မမျိုးဥနဲ့ သားအိမ်နံရံက အလွှာတွေကွာကျလာတာကို ရာသီလာတယ်လို့ ခေါ်တယ်။ အခု သူက မမျိုးဥကို မကြွေအောင်လုပ်ပေးတဲ့အပြင် သားအိမ်နံရံကို ထူမလာအောင်လည်း လုပ်ပေးလိုက်တော့ အောက်ကို ဘာမှကွာကျလာစရာ မရှိတော့ဘူး။ ဒီတော့ ရာသီသွေးလည်း မဆင်းတော့ဘူးပေါ့။ ဆိုလိုတာက သွေးမပေါ်တာဟာ အထဲမှာ အပုပ်တွေအောင်း၊ အလုံးတွေတည်၊ ကင်ဆာဖြစ်မှာမဟုတ်ဘူး၊ သွေးအနေနဲ့ ဆင်းလာစရာမရှိလို့သာ ဖြစ်တယ် ဆိုတာလေး သိစေချင်ပါတယ်။ ဒါကြောင့် သွေးမပေါ်တာ စိတ်ပူစရာ မလိုဘူး။ စိတ်အေးလက်အေး နေလို့ရတယ်။ ဒါပေမယ့် ကျွန်မက သွေးပေါ်မှကြိုက်တာ ဆိုရင်တော့ ဒီနည်းလမ်းကို ရွေးချယ်ဖို့ အဆင်ပြေနိုင်ပါ့မလားဆိုတာလေး သေချာစဉ်းစားစေချင်ပါတယ်။
Dr. Lynn