ကြည်လင်ပြီး ကျန်းမာသော အသားအရည် ပိုင်ဆိုင်စေဖို့ နည်းလမ်း ၅ သွယ်
အရေပြားသည် ခန္ဓာကိုယ်တွင် အကျယ်ပြန့်ဆုံးသော အင်္ဂါရပ်ဖြစ်ပါတယ်။ အရေပြားမှာ အလှအပ အတွက်သာမက ခန္ဓာကိုယ်ရဲ့ အကောင်းဆုံးအကာအကွယ် ဒိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ထိုမျှသာမက ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးခြင်း၊ ရေဓါတ်ထိန်းပေးခြင်း၊ နာကျင်မှုဖြင့် အန္တရာယ် မကျရောက်အောင် သတိပေးခြင်း ၊ နေရောင်ခြည်၏ UV ရောင်ခြည်များ ဒဏ်မှကာကွယ်ပေးခြင်း အစရှိသော လုပ်ငန်းများလည်း လုပ်ဆောင်ပေးပါတယ်။
အဆိုပါ အရေပြား၏ ကျန်းမာရေးကို သက်ရောက်နေသော အရာများစွာရှိပါတယ်။ အဆိုပါအရာများမှာ မျိုးရိုးဗီဇ၊ အသက်အရွယ်ကြီးလာမှု၊ ဟော်မုန်းနှင့် အခြားသောအရာများ ပင်ဖြစ်ပါတယ်။ အချို့အရာများကို မပြောင်းလဲ နိုင်သော်လည်း၊ အချို့ကိုမူ ပြင်ဆင်ပြောင်းလဲကာ အရေပြားကျန်းမာရေးကောင်းအောင် လုပ်ဆောင်နိုင်ပါတယ်။
ဒါကြောင့် ကျန်းမာသော အသားအရေရရန် နေထိုင်ပုံ ၅ မျိုးကို တင်ပြပေးလိုက်ရပါတယ်။
၁. အသားအရေကောင်းစေမည့် အစာများစားခြင်း
အသားအရေ လှပခြင်းမှာ မှန်ကန်၍ လိုအပ်သော ဗိုက်တာမင် ကြွယ်ဝသည့် အစာစားခြင်းမှ အစပြုပါတယ်။ အသားအရေကောင်းစေသော အစာတွေကတော့
– သရက်သီး – အန်တီအောက်ဆီဒန့် ကြွယ်ဝသော အသီးဖြစ်ပါတယ်။ ဒါကြောင့် အသားအရေ ပျက်ဆီးမှုကို လျှော့ချပေးနိုင်သော အာနိသင်ရှိပါတယ်။
– ခရမ်းချဉ်သီး – ကင်ဆာကို ကာကွယ်နိုင်စွမ်းရှိပြီး အရေပြားကင်ဆာဖြစ်နှုန်းကို လျှော့ချပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးတွင်ပါသည့် အနီရောင်ခြယ်ဖြစ်သည့် Lycopene ဟာ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားပျက်ဆီးမှုကို ကာကွယ်ပေးပါတယ်။
– ရေနွေးကြမ်း – ကင်ဆာဖြစ်ခြင်းနှင့် အိုမင်းရင့်ရော်ခြင်းကို လျှော့ချပေးပါတယ်။
– ငါးကြီးဆီ (omega-3) – အရေပြားခြောက်သွေ့မှုကို ကာကွယ်ပေးပါတယ်။
– ပဲ – ပဲဟာ သွေးဆုံးပြီး အမျိုးသမီးများ အရေပြားတွန့်ခြင်းကို သက်သာစေပါတယ်။
ဒါပေမယ့် အစာ တစ်ခုတည်းကိုပဲ မမှီခိုသင့်ပါ။ နေရောင်ခြည်မှ ကာကွယ်ရန် SPF 15 အနည်းဆုံးပါသည့် sunscreen တစ်ခုခု လိမ်းပြီးမှနေ့ခင်းပိုင်း အပြင်ထွက်သင့်ပါတယ်။
– ကယ်လိုရီ ထိန်း၍စားခြင်း
လေ့လာချက်များအရ ကယ်လိုရီအား ထိန်းသိမ်း၍ စားခြင်းဖြင့် အသားအရေရင့်ရော်မှုကို ထိန်းပေးပါတယ်။ ကယ်လိုရီလျှော့စားခြင်းဖြင့် ဆဲလ်ထဲရှိ ရိုင်ဘိုဇုန်းကို လျော့ကျစေကာ ရင့်ရော်ခြင်းကို နှေးကွေးစေပါတယ်။
– အရက်သေစာရှောင်ခြင်း – အရက်ဟာ အရေပြားကင်ဆာဖြစ်မှုကို အားပေးသောကြောင့် အရက်ရှောင်ခြင်းဖြင့် အရေပြားကင်ဆာဖြစ်မှုကို လျော့စေပါလိမ့်မယ်။
၂. စိတ်ဖိစီးမှုကို လျှော့ချခြင်း
စာမေးပွဲ နားနီးရင် စိတ်ဖိစီးမှုကြောင့် ဝက်ခြံထွက်တတ်တာကို သင်သတိထားမိမှာပါ။ လေ့လာချက်များအရ စိတ်ဖိစီးမှုများခြင်းကြောင့်
– အရေပြားယားယံခြင်း
– ဝက်ခြံပေါက်ခြင်း
– ဆံပင်ကျွတ်ခြင်း
– အနီစက်များပေါက်ခြင်း တို့ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို လျှော့ချခြင်းဖြင့် ပိုမိုကြည်လင်သော အသားအရေကို ရနိုင်ပါတယ်။ ဒါကြောင့် တရားမှတ်ခြင်း၊ ယောဂကျင့်ခြင်းဖြင့် စိတ်ဖိစီးမှုကို ဖြေလျော့ရပါမယ်။
၃. အရေပြားစိုထိုင်းမှုရှိပါစေ။
အရေပြားစိုထိုင်းမှုရှိပါက အရေပြားဆဲလ်ကြားရှိ ဆဲလ်အသေများ အပြင်ထွက်ရန် လွယ်ကူကာ အသားအရေရှင်းလင်းစေပါလိမ့်မယ်။ ထိုသို့ဖြစ်ရန်
– တစ်နေ့ တစ်ကြိမ်ကို ၅ – ၁၀ မိနစ်ခန့်ရေချိုးပါ။
– ရေပူအစား ရေနွေးနွေးလေး နဲ့ချိုးရင်ပိုကောင်းပါလိမ့်မယ်။
– ရေချိုးလျှင် ပြင်းထန်စွာ ဆပ်ပြာမတိုက်သင့်ပါ။
– ရေချိုးပြီးသည်နှင့် moisturizer တစ်ခုခုလိမ်းသင့်ပါတယ်။
၄. ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်သည် အရေပြားကို ထောက်ပံ့ပေးသော သွေးကြောလေးများကို ကျဉ်းစေသောကြောင့် အရေပြား လျော့ရဲ ခြင်း၊ အသားညစ်ခြင်းတို့ဖြစ်စေပါတယ်။ ထို့အပြင် ဆေးလိပ်သည် အရေပြား ကျန်းမာရေးသာမက လူ၏ကျန်းမာရေးကိုပါ ထိခိုက်စေသောကြောင့် ဆေးလိပ်သောက်ခြင်းကို ရှောင်သင့်ပါတယ်။
၅. အိပ်ရေးဝဝအိပ်ပါ။
အိပ်ရေးပျက်သော လူများမှာ ရင့်ရော်ခြင်းဒဏ်ကို ပိုမိုခံစားရပါတယ်။ ထို့အပြင် မနက်ပိုင်း နေရောင်ကြောင့် ပျက်စီးသည့် အသားအရေကို ညအိပ်ချိန်တွင် ပြန်ပြင်သောကြောင့် ညမအိပ်သော သူများအနေဖြင့် အသားအရေပျက်စီးခြင်းကို ပိုမိုခံစားရပါလိမ့်မယ်။ နေ့စဉ် ၇ – ၈ နာရီအိပ်စက်လျှင် လန်းဆန်းပြီး ကြည်လင်သော အသားအရေပိုင်ဆိုင်မှာ ဧကန်မလွဲပေ။
ဒါကြောင့် အထက်ပါ ၅ ချက်ကိုလိုက်နာခြင်းဖြင့် လှပသော အသားအရေပိုင်ဆိုင်မှာ ဖြစ်ပါတယ်။
Dr.Z