အစာအိမ်သမားတွေအတွက် နနွင်း
ဒီတပတ်မှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ နေ့စဉ်စားဖြစ်တဲ့ နနွင်းအကြောင်းကို ရေးသားတင်ပြချင်ပါတယ်။ နနွင်းကို တချို့ကလည်း ဆနွင်းလို့လည်း ခေါ်ပါတယ်။
နနွင်း(ဆနွင်း)ဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ မိးဖိုချောင်မှာ အမြဲရှိတဲ့ပစ္စည်းတွေထဲက တခုဖြစ်ပါတယ်။ နေ့စဉ်ဟင်းချက်ရာမှာ ဟင်းတွေကို အရောင်တင်ရန်အတွက်သော်လည်းကောင်း၊ ဟင်းခတ်အမွှေးအကြိုင်အဖြစ်သော်လည်းကောင်း ထည့်သုံးလေ့ရှိပါတယ်။
နနွင်း(ဆနွင်း)ကို အင်္ဂလိပ်လို Tumeric လို့ခေါ်ပါတယ်။ ရုက္ခဗေဒနာမည်ကတော့ Curcuma longa L ဖြစ်ပါတယ်။ မျိုးရင်းကတော့ Zingiberaceae ပါ။
နနွင်းပင်ဟာ ပင်ပျော့ဖြစ်ပြီး ၄ ပေကျော်ထိ မြင့်တတ်ပါတယ်။ မြေအောက်ပင်စည်မျိုးဖြစ်ပါတယ်။ အရွက်တွေဟာကြီးမားပြီး ရှည်မျောမျော လှံစွပ်ပုံသဏ္ဍာန်ရှိပါတယ်။ နနွင်းပင်ဟာ မြန်မာပြည်အထက်ပိုင်းတောတောင်များမှာ သဘာဝအလျောက် ပေါက်ရောက်လေ့ရှိပါတယ်။
နနွင်းကို နနွင်းပင်ရဲ့ မြေအောက်ပင်စည်အစိတ်အပိုင်းဖြစ်တဲ့ နနွင်းတက်ကနေ ရပါတယ်။ နနွင်းတက်မှာ ညိုဝါရောင်အခွံပါးရှိပြီး သူရဲ့အတွင်းသားဟာ တောက်ပသော အဝါရောင်ရှိပါတယ်။ ထိုနနွင်းတက်ကို အခြောက်လှမ်း အမှုန့်ကြိတ်ခြင်းဖြင့် နနွင်းမှုန့်ရပါတယ်။
နနွင်းမှာ monoterpenes, sequiterpenes, essential oils (turmerone, zingiberene, cineole), Curcumin စတဲ့ဓါတ်တွေနဲ့ ဗီတာမင်ဘီဆစ် ၊စီ၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကော့ပါး၊ ဇင့်စတဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ကြွယ်ဝများပြားစုံလင်စွာ ပါဝင်ပါတဲ့အတွက် ကျန်းမာရေးကို အလွန်အထောက်အကူပြုပါတယ်။
အထူးသဖြင့် နနွင်းမှာပါတဲ့ Curcumin ဓါတ်က ကျန်းမာရေးအတွက် တော်တော်လေးကို အကျိုးများစေပါတယ်။
Curcumin ဓါတ်ဟာ ရောင်ရမ်းတာတွေကို လျော့ပါးသက်သာစေတဲ့အစွမ်း (Anti inflammatory action) ရှိတဲ့အတွက် အရိုးအဆစ်တွေ ရောင်ရမ်းတာ၊ ဒူးနာ၊ ခြေကျင်းဝတ်နာတာ၊ ဓါတ်မတည့်လို့လေပြွန်ရောင်တာ စတဲ့ရောဂါတွေကို သက်သာစေနိုင်ပါတယ်။
Curcumin ဓါတ်ဟာ ဗီတာမင်စီနဲ့ အီးလို အစွမ်းထက်သော anti-oxidants property (ဓါတ်တိုးဆန့်ကျင်သတ္တိ) ပါရှိတဲ့ အတွက် အရွယ်တင်နုပျိုစေကာ ကင်ဆာရောဂါများကို တဖက်တလမ်းက ကာကွယ်ပေးပါတယ်။
သုတေသနတွေအရ Curcumin ဒြပ်ပေါင်းသည် အစာအိမ်မှ အက်စစ်ရည်အထွက်များခြင်းကို လျော့နည်းသက်သာစေပြီး အစာအိမ်နဲ့ အူနံရံအတွင်းမျက်နှာပြင်တွေကို အကာကွယ်ပေးတဲ့အတွက် အက်စစ်ရည်အထွက်များလို့ အစာအိမ်အနာဖြစ်တာ၊ အူလမ်းကြောင်းမှာအနာဖြစ်ခြင်းတွေမှ တားဆီးကာကွယ်ပေးနိုင်ပါတယ်။
Curcumin ဒြပ်ပေါင်းဟာ အာရုံကြောဆဲလ်တွေကို တိုးပွားများပြားစေတဲ့အတွက် အခုနောက်ပိုင်း အဖြစ်များလာတဲ့ စိတ်ဓါတ်ကျရောဂါ နှင့် အယ်ဇိုင်းမား (Alzheimer’s disease) ရောဂါ တို့ကိုပါ အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်တယ်။
မြန်မာ့ဆေးကျမ်းများမှာတော့ နနွင်းသည်ပူ၏။ စပ်ရှားရှားအရသာရှိ၏။ ခါးသက်ပြီး ဆိမ့်သောအရသာ အနည်းငယ်ရှိ၏။ ကိုယ်ရေနွေးစေ၏။ ပူသော ဂုဏ်သတ္တိရှိ၏။ လေကိုနိုင်၏။ ဝမ်းမီးကိုတောက်စေပြီး အစာမကြေရောဂါကို ပျောက်ကင်းစေတတ်၏။ ဆိုပြီး နနွင်းရဲ့အစွမ်းသတ္တိတွေကိုရေးသားဖော်ပြထားပါတယ်။
ဒါကြောင့် ခြုံပြောရရင် နနွင်းဟာ ခန္ဓာကိုယ်အတွက်သာမက ဦးနှောက်နဲ့စိတ်ကိုပါ ကျန်းမာစေနိုင်တဲ့အတွက် မကြာမကြာ သို့မဟုတ် နေ့တိုင်း ဟင်းချက်တဲ့ထဲထည့်ကာ စားပေးသင့်ပါတယ်။
သို့သော် သည်းခြေအိတ်မှာ ကျောက်တည်တဲ့သူတွေ၊ သည်းခြေပြွန်ပိတ်တဲ့ရောဂါရှိသူတွေ၊ ကိုယ်ဝန်လနုတဲ့ ကိုယ်ဝန်ဆောင်တွေ၊ ကျောက်ကပ်ကျောက်တည်တတ်တဲ့ ရောဂါရှိသူတွေ ဆိုရင်တော့ နနွင်းကိုမစားသင့်ပါဘူး။
Dr. သီတာနွယ်(အမရပူရ)