အထာကျကျ ဝကြမယ်
တစ်ချို့သူတွေ ဘာရောဂါမှလည်းမရှိဘဲ အလိုလိုပိန်နေတာတွေ ရှိပါတယ်။အရပ်အမောင်း ပုနေတာလည်းဖြစ်နိုင်တယ်။ ကိုယ်ခန္ဓာအချိုးအစားညှက်နေတာလည်းဖြစ်နိုင်တယ် ။မြန်မာစကားပုံတစ်ခုရှိတယ်။ ဝမှလှတာ တဲ့။ အရမ်းပိန်တဲ့သူတွေက ဝချင်တယ် ဝလွန်းတဲ့သူတွေကျတော့ ပိန်ချင်တယ် ပိန်တာဝတာထက် ကိုယ်ခန္ဓာအချိုးအဆစ် ပြည့်ပြည့်လေးဆို ပိုပြီးကြည့်ကောင်းပါတယ် ။ပိန်လွန်းတဲ့သူတွေ ဝလာအောင်ဆိုပြီး အစားမျိုးစုံစားကြတယ်။ ကယ်လိုရီများတာ ဆီများတာတွေ က ကိုယ်ခန္ဓာကြီးထွားစေတော့ ဒါတွေကို ပိုစားကြတယ်။ တစ်ချို့မျက်နှာပြည့်ချင်တော့ ပိုအိပ်တယ်။ အိပ်တာတောင် မှောက်အိပ်တတ်တယ်။
ဝအောင်လုပ်တာကောင်းပါတယ် ဒါပေမယ့် ဝလာပြီးနောက်ပိုင်း မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ နောက်ကလိုက်လာမှာတော့ စိုးရပါတယ်။ ဒါကြောင့် ဝအောင်လုပ်ပေမယ့် ကျန်းမာရေးနဲ့အညီ ဝ အောင်လုပ်ဖို့ လိုပါတယ် ။ကိုယ်ခန္ဓာလည်းဝမယ် ကျန်းမာရေနဲ့လည်း ညီစေမယ်ဆို ဘာတွေလုပ်ဖို့လိုမလဲ စဉ်းစားကြရအောင်ပါ။အိပ်ရေးဝအောင်အိပ်ဖို့လိုပါတယ်။အစားများများစားဖို့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်ပေးဖို့လိုပါတယ်။ ဒီသုံးခုကိုညီညီမျှမျှ လုပ်ဆောင်တတ်ရပါမယ် ။
အိပ်ရေးဝအောင်အိပ်ဖို့လိုတယ်ဆိုတဲ့နေရာမှာ အိပ်ချိန်ပြည့်ဖို့သာ အဓိကပါ။ တစ်နေ့ အနည်းဆုံး ၇နာရီ နဲ့ ၈နာရီကြား အိပ်ချိန်ရှိဖို့လိုပါတယ်။ ကျန်းမာရေးနဲ့ ညီဖို့ဆိုရင်တော့ ညနက်အထိ မနေဘဲ ၁၀နာရီလောက်ဆို စအိပ်ပါ။ မနက်ကို ၆နာရီ ၇နာရီလောက် ပြန်ထပေးပါ။ မှောက်အိပ်ဖို့မလိုပါဘူး။ အိပ်ချိန်ပြည့်လာတာနဲ့အမျှ မျက်နှာလည်းပြန်ပြည့်လာမှာပါ ။
အစားအစာပိုစားဖို့လိုတယ်ဆိုတာမှာ အာဟာရပြည့်တဲ့ အစားအစာ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုစားပေးပါ။ မနက်စာကို ဝဝလင်လင်စားပါ များများစားပါ ။ထမင်း ခေါက်ဆွဲ ကြာဇံ စတာတွေစားပါ အာလူးနဲ့ ကြက်ဥလည်း တွဲစားပေးပါ။ ကော်ဖီလဘက်ရည်သောက်မယ့် အစားနွားနို့သောက်ပါ ။အစားစားပြီးတဲ့အခါ အအီပြေ အသီးအနှံစားပါ။နေ့လည်စာ ညနေစာတွေလည်း အချိန်မှန်စားပါ။ ကြားထဲတွေလည်း အဆာပြေစားပေးပါ။ ကိတ်မုန့်ပေါင်မုန့်ဘီစကစ် စသဖြင့်စားပေးလို့ရပါတယ်။ အဆီအဆိမ့်ချည်းပဲ စားနေလို့တော့မရပါဘူး သွေးထဲ အဆီဓာတ်တွေ များလာတတ်ပါတယ် ။
ကိုယ်ခန္ဓာ ဝလာဖို့အတွက် အအိပ်အစားပဲလုပ်နေလို့မရပါဘူး။ အဆီတွေများလာပြီးဗိုက်မှာလာစုနေတယ်ဆိုလည်းကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါကြောင့် ပုံမှန်လေ့ကျင့်ခန်းလုပ်နေပေးဖို့လည်းလိုပါတယ် ။Gym ဆော့တဲ့သူတွေကတော့ ကိုယ်ခန္ဓာအချိုးအဆစ်တွေ လှပဖို့ ပိုအဆင်ပြေတတ်တယ်။ လက်မောင်းတွေ ခါးတွေ ပေါင်တံတွေ လှပအောင့် ကစားပေးလို့ရပါတယ်။ အားကစားလုပ်တဲ့အခါလည်း အရမ်းပြင်းပြင်းထန်ထန်ဆော့ဖို့ မလိုတတ်ပါဘူး ။
Gym မဆော့ဖြစ်လည်း အိမ်မှာပဲ လေ့ကျင့်ခန်းတွေလုပ်ပေးလို့ရပါတယ်။ အိပ်ထမတင်လုပ်ခြင်းနဲ့ ခါးကို ရှေ့နောက်ဘေးတွေကွေးပေးခြင်းက ဗိုက်မှာအဆီစုတာတွေကို သက်သာစေပါတယ်။ ထိုင်တဲ့အခါလည်း မတ်မတ်ထိုင်ပေးဖို့လိုပါတယ်။ လက်မောင်းလှဖို့လည်း အလေးတုံးလေးတွေ မပေးလို့ရတယ်။ ပေါင်တံအတွက်တော့စက်ဘီးနင်းတာမျိုးတွေ လုပ်လို့ရပါတယ် ။
အတိုချုပ်ပြောရမယ်ဆိုရင်တော့ ကိုယ်ခန္ဓာဝဖို့ပြည့်ဖို့က အစားများများစားတာအပြင် လေ့ကျင့်ခန်းပါ တွဲလုပ်ပေးဖို့ လိုတယ်ဆိုတာပါ ဒါမှလည်း ကျန်းမာရေးနဲ့ညီတဲ့ ဝခြင်း မျိုး ရမှာပါ ။
Dr. CST