အချိုအရသာဟာ လူအများစု နှစ်သက်သဘောကျတတ်တဲ့ အရသာတစ်မျိုးပါပဲ။
အချိုကို စားတဲ့ အခိုက်အတန့်မှာ စားရတာ ကျေနပ်စရာကောင်းပေမဲ့ အချိုတွေကို အများကြီးစားရင်တော့
ကျန်းမာရေးအတွက် မကောင်းတာ အမှန်ပါပဲ။
သကြား၊ ဆေးသကြားဆိုတဲ့ အရာတွေဟာ အချိုဓာတ်များတဲ့ အစားအသောက်တွေထဲမှာ ပါဝင်ပါတယ်။
ဒီလိုအရာတွေ များများပါတဲ့ အရာတွေကို မကြာခဏ စားသုံးနေမယ်ဆိုရင်တော့ အဝလွန်တာ ၊ သွေးချို ဆီးချို ဖြစ်တာတွေ ဖြစ်လာနိုင်ပါတယ်။
သကြားဓာတ်ကို ဘယ်လောက်ထိသာ စားသုံးသင့်သလဲ???
သကြားကို မနက်စာ လက်ဖက်ရည် ကော်ဖီသောက်တဲ့အခါမှာပဲ ဖြစ်ဖြစ် ၊ ဟင်းချက်တာတွေနဲ့ အဖျော်ယမကာတွေ လုပ်တာအခါမှာပဲဖြစ်ဖြစ်၊ အစာပြေစားတဲ့ အချိုပွဲတွေလုပ်တဲ့အခါမှာပဲ ဖြစ်ဖြစ် ထည့်တတ်ကြပါတယ်။ သကြား အသုံးပြုတာတွေကို သတိမထားဘဲ အများကြီးထည့်သုံးနေမယ်ဆိုရင်တော့ ကိုယ့်ရဲ့ တစ်နေ့တာ သကြားစားသုံးတဲ့ ပမာဏဟာ လိုအပ်တာထက် ပိုပြီးရောဂါတွေကို ဖြစ်စေမှာ အမှန်ပါပဲ။ တစ်နေ့တာအတွက် သကြားဓာတ် စားသုံးသင့်တဲ့ ပမာဏဟာ သင်ထင်ထားတာထက် အများကြီး နည်းပါတယ်။ အမျိုးသမီးတွေဟာ တစ်နေ့ဟာ လက်ဖက်ရည်ဇွန်း ၆ ဇွန်းစာ သကြားပမာဏကိုသာ အများဆုံး စားသုံးသင့်ပြီး အမျိုးသားတွေ အများဆုံးစားသင့်တဲ့ ပမာဏကတော့ လက်ဖက်ရည်ဇွန်း ၉ ဇွန်းစာ ခန့်သာ ဖြစ်ပါတယ်။
အချိုစားတာဟာ ဘာ အကျိုးဆက်တွေကို ဖြစ်စေသလဲ???
လူတွေ ကိုယ်အလေးချိန်ချဖို့ ကြိုးစားတဲ့အခါမှာ လိုအပ်တဲ့ ကယ်လိုရီကို တွက်ချက်ပြီး စားသုံးတာဟာလည်း နည်းလမ်းတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုစားတဲ့အခါမျိုးမှာ စားနေတဲ့ ကယ်လိုရီတွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အချိုဓာတ်နဲ့ အဆီဓာတ်တွေချည်း များနေမယ်ဆိုရင်တော့ နည်းလမ်းက မှားနေပြီဖြစ်ပါတယ်။ အချိုဓာတ် ထည့်သွင်းထားတဲ့ အသင့်သောက် ဖျော်ရည်တွေဟာ သင့်ရဲ့ တစ်နေ့တာ သကြားစားသုံးတဲ့ ပမာဏကို လိုအပ်တာထက် များသွားစေနိုင်ပါတယ်။ ရေငတ်တိုင်း ရေမသောက်ဘဲ အချိုဓာတ်ထည့်ထားတဲ့ ဖျော်ရည်တွေကို သောက်နေမယ်ဆိုရင်တော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ လိုအပ်တာထက် များလာမှာ အမှန်ပါပဲ။
အချိုဓာတ် များများစားသုံးသူရဲ့ နှလုံးရောဂါနဲ့ သေဆုံးဖို့ ရာခိုင်နှုန်းဟာ သာမန်သူထက် ပိုများပါတယ်။ ဒါ့အပြင် လေဖြတ်တာ တွေလည်း ဖြစ်နိုင်ပါတယ်။ အဝလွန်သူတွေ နဲ့ သွေးထဲမှာ အချိုဓာတ်များသူ တွေမှာ insulin ဟော်မုန်း လိုအပ်မှုဟာ သာမန်သူထက် ပိုများပါတယ်။
ခန္ဓာကိုယ် မှာ ရှိတဲ့ Pancreas (မုန့်ချိုအိတ်) ဟာ insulin ဟော်မုန်း ကို ပုံမှန်ထက် မြောက်များစွာ ပိုထုတ်ရပါတယ်။
ဒီလိုနဲ့ နောက်ဆုံး ခြေကုန်လက်ပန်းကျပြီး ဟော်မုန်းကို လုံးဝမထုတ်နိုင်တော့တဲ့ အခြေအနေမှာ ဆီးချိုရောဂါ ဖြစ်လာပါတယ်။
ဒါကြောင့် အဝလွန် ခြင်းနဲ့ သွေးတွင်း သကြားဓာတ်များခြင်းတွေဟာ ဆီးချိုရောဂါကို ဖြစ်စေတဲ့ တရားခံ လို့ ဆိုနိုင်ပါတယ်။
သကြားဓာတ်များတဲ့ သူတွေရဲ့ ခန္ဓာကိုယ်မှာ မကောင်းတဲ့ အဆီဓာတ်တွေ ပါ များလာတတ်ပါတယ်။
အဆီဓာတ်တွေ များလာတဲ့ အခါမှာ အသည်း အဆီဖုံး ဖြစ်လာတတ်ပါတယ်။ ဒီကနေ အသည်းရောင်တာ အသည်း ခြောက်တာတွေ အထိ ဖြစ်သွားနိုင်ပါတယ်။ အချိုများများစားတဲ့ အခါ ကိုယ်ကျန်းမာရေးသာ မကပဲ သွားကျန်းမာရေးကိုပါ ထိခိုက်စေတာ အမှန်ပါပဲ။
အချိုတွေ များများစားတဲ့ သူရဲ့ သွားမှာ အခေါင်းပေါက် ဖြစ်တာတွေ ကို တွေ့ရတတ်ပါတယ်။
အချိုဓာတ် စားတာကို ဘယ်လို လျော့မလဲ???
အချိုစားတာ မကောင်းမှန်းသိတဲ့ အခါမှာ လျော့ ဖို့တော့ လိုပါလိမ့်မယ်။ အချိုလျော့ဖို့ အတွက် ကော်ဖီ လက်ဖက်ရည် သောက်တာတွေကို လျော့တာ ၊ သကြားလျော့ထည့်တာတွေ ကို လုပ်ရပါမယ်။ တစ်နေ့တာ ကိုယ် သုံးဆောင်ပြီးတဲ့ သကြားပမာဏကို လည်း မှတ်သားထားသင့်ပါတယ်။သကြားဓာတ် ပါဝင်မှုနည်းတဲ့ သစ်သီးဝလံ များကို စားသုံးပေးသင့်ပါတယ်။ ဒါတွေကိုစားတဲ့အခါ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ သကြားဓာတ် ပမာဏ ကို သာ ရစေတဲ အတွက် ကျန်းမာရေးနဲ့ ညီညွတ်မှာ ဖြစ်ပါတယ်။သကြားဓာတ် ဟာ ကိုယ်ခန္ဓာ အတွက် လိုအပ်တဲ့ ဓာတ်တစ်ခု ထဲမှာ လည်းပါဝင်ပေမဲ့ လိုအပ်တာထက် ပိုမိုစားသုံးရင် ကျန်းမာရေးကို ထိခိုက်နိုင်စေတဲ့ အတွက် သင့်တင့် မျှတအောင် စားသုံးသင့်တယ်လို့ အကြံပေးလိုက်ရပါတယ်။