တစ်နေ့တာလုံးအဆင်ပြေလန်းဆန်းစေဖို့ မနက်စောစောလုပ်ပေးသင့်တဲ့အလေ့အကျင့်များ
ကိုယ့် ရဲ့ တစ်နေ့တာ နိုးထနေတဲ့ အချိန်တွေကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်တာဟာလည်း အောင်မြင်သူတွေ ပိုင်ဆိုင်တတ်တဲ့ အရည်အချင်း တစ်စိတ်တစ်ပိုင်း ပါပဲ…ကိုယ့်ရဲ့ မနက် နေ့လည် ညတာတွေကို ဘယ်လို ညီညီမျှမျှ အသုံးချသင့်တယ် ဆိုတာကို ကြိုတင်တွေးထားမယ် ဆိုရင်တော့ အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်မှာ ဖြစ်ပြီး လုပ်ဆောင်စရာရှိတဲ့ အရာအားလုံးကိုလည်း ပြီးစီးအောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။မနက်ခင်းဟာ လူတစ်ယောက် ရှင်သန် လှုပ်ရှားဖို့ အတွက် တစ်နေ့တာရဲ့ အရေးအကြီးဆုံး အချိန် တစ်ခုပါပဲ။မနက်ခင်း မှာ ဖြစ်ပျက်ခဲ့သမျှ ကောင်းခြင်း ဆိုးခြင်းတွေဟာ သင်ရဲ့ စိတ်ကို လွှမ်းမိုးနိုင်ပြီး ကိုယ့်ရဲ့ တစ်နေ့တာ လုပ်ငန်းစွမ်းဆောင်ရည် အပေါ် သက်ရောက်မှု အများကြီး ရှိပါတယ်။
ကိုယ့်ရဲ့ မနက်ခင်း သာယာလှပစေဖို့ နေ့စဉ် ဆောင်ရန် ရှောင်ရန် အချက်လေးတွေ ရှိပါတယ်။ ဒီ အချက်တွေကို သတိထားလုပ်ဆောင်နိုင်စေဖို့ ဒီနေ့တော့ ဆွေးနွေးပေးသွားပါမယ်။ဒီထဲမှာ ဖော်ပြဆွေးနွေးပေးသွားမယ့် အချက်တစ်ချို့ဟာ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင် ပြီးသားတွေ ဖြစ်ကောင်းဖြစ်နေပါ လိမ့်မည်။ ဒါကြောင့် ဒီလိုအချက်တွေကိုတော့ ဘာကြောင့် အရေးကြီးတယ် ဆိုတာကိုလည်း ဖော်ပြပေးသွားချင်ပါတယ်။
၁) မနက်အိပ်ရာ စောစောထပါ။ဒီအချက်ကို လူတိုင်းလိုလို ရင်းနှီးပြီးသား ကြားဖူးပြီးသား ဖြစ်ကြပါလိမ့်မယ်။ ဒါပေမဲ့ အများစုက မလိုက်နာမိကြတာ များပါတယ်။အိပ်ရေး မဝသေးတာ ကြောင့်သော်လည်းကောင်း ၊ မနက် အိပ်ရာပေါ်က ထရာမှာကို ပျင်းနေတတ်တာ ကြောင့်သော်လည်းကောင်း နေအတော်မြင့်မှ အလုပ်သွားခါနီးမှ ထသူတွေ ရှိတတ်ကြပါတယ်။အိပ်ရေး ဝဖို့ အတွက် တစ်နေ့တာ အိပ်စက်ချိန်ဟာ အနည်းဆုံး ၆ နာရီ မှ ၈ နာရီခန့် ထိ လိုအပ်ပါတယ်။ ဒီလို အိပ်စက်ချိန် အပြည့်အဝ ရရှိဖို့ အတွက် ညဘက်ကို အချိန်မှန် စောစောစီးစီး အိပ်စက်တာဟာ မနက် အိပ်ရာကို နောက်ကျမှ ထတာထက် ပိုကောင်းပါတယ်။
ဘာကြောင့်လဲဆိုတော့ မနက်ခင်း အလင်းရောင်ဟာ တစ်နေ့တာ လန်းဆန်းစေမှုကို ပေးစွမ်းနိုင်တဲ့ အာနိသင် ရှိလို့ပါပဲ။ မနက်ခင်း အလင်းရောင် ထွက်တဲ့အချိန်မှာ cortisol ဟော်မုန်းတွေ ထွက်တဲ့ အတွက် လူကို လန်းဆန်းစေပါတယ်။ ဒါကြောင့် မနက်ခင်းစောစော ထခဲ့ရင် ညနေပိုင်း အလုပ်ပင်ပန်းတဲ့ အခါ မလုပ်ဖြစ်တဲ့ အလုပ်တစ်ချို့ကို ပိုပြီးကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ဗီတာမင် ဒီဟာ အရိုးတွေ သန်မာဖို့ အတွက် လိုအပ်ပါတယ်။ လူတွေအတွက် လိုအပ်တဲ့ ဗီတာမင် ဒီ ကို ရရှိဖို့ အတွက် နေရောင်ခြည် လိုအပ်ပါတယ်။ ဒါပေမဲ့ နေရောင်ခြည်မှာ အရေပြားကို ပျက်စီးစေတဲ့ UV အလင်းရောင်တွေပါ ရှိတာမို့ နေရောင်ခံဖို့ကို စိုးရိမ်နေမိတတ်ပါတယ်။ မနက်ခင်းရဲ့ လင်းရောင်ခြည်မှာ UV အလင်းရောင် ပါဝင်မှု နည်းပါးတဲ့ အတွက် နေရောင်ခြည်ခံ ဖို့ အကောင်းဆုံး အချိန်လို့ ဆိုနိုင်ပါတယ်။
၂) တစ်နေ့တာ အတွက် စိတ်တည်ငြိမ်မှုရှိအောင် တရားထိုင်ပါ။ တရားထိုင်ခြင်း က လူတွေရဲ့ စိတ်ကို တည်ငြိမ် အေးချမ်းစေပါတယ်။
တိတ်ဆိတ် ငြိမ်သက် ပြီး ရာသီဥတုသာယာလေ့ရှိတဲ့ မနက်ခင်းမှာ သင်ဟာ အချိန်ခဏပေး တရားထိုင်မယ်ဆိုရင် ကိုယ့်ရဲ့ တစ်နေ့တာ လုပ်ငန်း စွမ်းဆောင်ရည်ကို တိုးတက်စေမှာ အမှန်ပါပဲ။
၃) မနက်ခင်းမှာ အားကစားလုပ်ပါ ။ ကိုယ်အလေးချိန်ထိန်းသိမ်းဖို့ နဲ့ ကျန်းမာရေး ကောင်းမွန်ဖို့ အတွက် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ ရုံးအလုပ် နဲ့ အထိုင်များတဲ့ သူတွေအတွက် မနက်ခင်းဟာ လေ့ကျင့်ခန်း လုပ်ဖို့ အကောင်းဆုံး အချိန်ပါပဲ။ မနက်ခင်း လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်ရဲ့ ကိုယ်လက်တောင့်တင်းမှုတွေကို လျော့ချပေးနိုင်သလို ကိုယ့်ကိုယ်ကို ယုံကြည်မှုကိုလည်း တိုးပွားစေပါတယ်။
၄) မနက်စာကို အလေးထားပြီး စားပါ။မနက်စောစောထတဲ့ အတွက် မနက်စာကို ဂရုတစိုက်စားဖို့ အချိန်ရလာပါလိမ့်မယ်။ တစ်နေ့တာ အတွက် လိုအပ်တဲ့ ခွန်အားကို ပေးစွမ်းနိုင်ဖို့ အတွက် မနက်စာ ဟာ အရေးပါပါတယ်။ အထူးသဖြင့် အစာစားချိန် မမှန်ကန်တဲ့ သူတွေဟာ မနက်စာကို ဂရုတစိုက် စားပေးမယ်ဆိုရင် တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို မနက်စာက အတော်များများ ဖြည့်တင်းပေးနိုင်ပါလိမ့်မယ်။မနက်ခင်းတိုင်းမှာ ကောင်းမွန်တဲ့ အလေ့အထတွေကို လုပ်ဆောင်ပြီး တစ်နေ့တာ လန်းဆန်းမှုကို ပိုင်ဆိုင်နိုင်ကြပါစေရှင်…
Dr.မွှေး