Omega 3 ၊ Omega 6 နဲ့ Omega 9 ဆိုတာကို အားဆေးတို့ ဖြည့်စွက်စာတို့ အနေနဲ့ ကြားဖူးကြပါလိမ့်မယ်။ဒါတွေကဘာတွေများလဲဆိုတော့ အရှင်းဆုံးပြောရရင် အဆီဓာတ်တွေပါပဲ။အဆီဆိုပေမဲ့လည်း လူကိုကောင်းကျိုးပြုတဲ့အဆီတွေပါ။သူတို့ကို အစားအစာတွေကတဆင့် ရနိုင်ပါတယ်။တခုချင်းဆီမှာ သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေပိုင်ဆိုင်ထားပါတယ်။နေ့စဉ်စားတဲ့အစားအစာတွေမှာ ဒီအဆီဓာတ်သုံးမျိုးညီညွတ်မျှတစွာပါဝင်နေဖို့လိုပြီး တမျိုးမျိုးချို့တဲ့နေခဲ့ရင် နာတာရှည်ရောဂါတချို့နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
ဒီတော့ ဒီအဆီဓာတ်တစ်ခုချင်းစီရဲ့ အကြောင်းလေးတွေ ပြောပြချင်ပါတယ်။
Omega 3
Omega 3 ဆိုတာကတော့ သင့်ခန္ဓာကိုယ်ကနေ မထုတ်လုပ်နိုင်တဲ့ အဆီဓာတ်တမျိုးပါ။ဒီလို လူ့ခန္ဓာကိုယ်ကနေ မထုတ်လုပ်နိုင်တဲ့အဆီကို essential fats လို့ ခေါ်ပြီး သင်စားတဲ့အစားအစာတွေကတဆင့်သာ ရရှိနိုင်မှာဖြစ်ပါတယ်။WHO ကတော့ တစ်ပတ်တစ်ခါ အဆီများတဲ့ငါး ဥပမာ ငါးတန်လိုငါးမျိုးတွေ စားသုံးပေးခြင်းဖြင့် Omega 3 အဆီဓာတ်ကို ရရှိနိုင်တယ်ဆိုပြီး ထောက်ခံချက်ပေးထားပါတယ်။
Omega 3 မှာလည်း မျိုးကွဲတွေ ရှိပါသေးတယ်။ဒီထဲကမှ အရေးအကြီးဆုံး သုံးခုအကြောင်းပြောပါမယ်။
၁) EPA
သူက ရောင်ရမ်းတာတွေကို သက်သာလျော့ကျစေပါတယ်။ဒါ့အပြင် စိတ်ကျရောဂါရဲ့လက္ခဏာတွေကိုပါ သက်သာစေတာမို့ စိတ်ဖိစီးတတ်သူ စိတ်အားငယ်တတ်သူတွေအတွက် ကောင်းမွန်ပါတယ်။
၂)DHA
လူ့ဦးနှောက်ရဲ့ ၈ ရာခိုင်နှုန်းလောက်ကို DHA နဲ့ ပြုလုပ်ထားတာကြောင့် DHA ဟာ ဦးနှောက်ပုံမှန်ဖွံ့ဖြိုးဖို့ ပုံမှန်လုပ်ဆောင်နိုင်ဖို့ အလွန်အမင်းအရေးပါပါတယ်။မှတ်ဉာဏ်ကောင်းစေတယ်လို့လည်း ဆိုပါသေးတယ်။
၃)ALA
ဒီ ALA ကတဆင့် DHA နဲ့ EPA တို့ ဖြစ်အောင်ပြောင်းလဲပေးနိုင်ပါတယ်။သူကတော့ ခန္ဓာကိုယ်အလုပ်လုပ်ဖို့ စွမ်းအင်တွေပေးတဲ့နေရာမှာ ကူညီပါတယ်။
Omega 3 ရဲ့ ကောင်းကျိုးတွေကတော့
၁) နှလုံးကျန်းမာရေးကောင်းစေခြင်း
သွေးမတိုးအောင် နှလုံးအဆီမဖုံးအောင် သွေးကြောတွေမပိတ်အောင် ကူညီပါတယ်။
၂)စိတ်ကျန်းမာရေးကောင်းစေခြင်း
စိတ်ကျရောဂါ စိတ်ကစဥ့်ကလျားရောဂါ စိတ်အတက်အကျမမှန်တဲ့ရောဂါတွေကို သက်သာစေပါတယ်။
၃)ကိုယ်အလေးချိန်လျော့ကျစေပြီး ခါးဆိုက်ပါ ချပေးနိုင်ပါတယ်။
၄)အသည်းအဆီမဖုံးအောင် ကာကွယ်ပေးပါတယ်။
၅)ကလေးငယ်တွေမှာ ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကလုပ်ဆောင်ပေးပါတယ်။
၆)ရောင်ရမ်းခြင်းကို လျော့ကျသက်သာစေတာမို့ နာတာရှည်ရောဂါတွေဖြစ်နိုင်ချေကို လျော့ချပေးပါတယ်။
၇)အသက်ကြီးတဲ့သူတွေမှာ မှတ်ဉာဏ်ကောင်းအောင် လွယ်လွယ်နဲ့မမေ့တတ်အောင် ကူညီပေးပါတယ်။
၈)အရိုးအဆစ်တွေလည်း ခိုင်မာစေပါတယ်။
၉)ပန်းနာရင်ကြပ်ရောဂါကိုလည်း သက်သာစေပါတယ်။
Omega 3 ချို့တဲ့ရင်တော့ အဝလွန်ခြင်း ဆီးချိုနဲ့ နှလုံးရောဂါတွေ ဖြစ်နိုင်ပါတယ်။
Omega 6
သူလည်း Omega 3 လိုပဲ ခန္ဓာကိုယ်ကနေ မထုတ်လုပ်နိုင်တဲ့အဆီတမျိုးဖြစ်ပါတယ်။ဒါကြောင့် အစားအစာကနေတဆင့်သာ ရရှိနိုင်ပါတယ်။သူ့ကိုတော့ ခန္ဓာကိုယ်ရဲ့ စွမ်းအင်အဖြစ်အဓိကသုံးပါတယ်။သူ့မှာလည်း အမျိုးအစားကွဲတွေရှိပြီး အရေးကြီးတာတစ်ခုကတော့ ARA ပါ။ ARA ဟာ ကိုယ်ခံအားစနစ်အတွက်အရေးပါတဲ့ အဆီဖြစ်ပြီး လိုအပ်တာထပ်များလွန်းရင်တော့ ရောင်ရမ်းတာတွေ ရောင်ရမ်းတဲ့ရောဂါတွေဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။အစားအစာထဲမှာ Omega 6 နဲ့ 3 အချိုးက 4:1 ပါဝင်တယ်ဆိုရင် အကောင်းဆုံးပါပဲ။စားသုံးလို့ရတဲ့အဆီတစ်ချို့မှာတွေ့နိုင်တဲ့ Omega 6 တစ်မျိုးကတော့GLA ပဲဖြစ်ပါတယ်။သူ့ကို Evening Primrose ဆီနဲ့ Borage ဆီတို့ကနေ ရနိုင်ပြီး စားသုံးလိုက်တဲ့အခါ DGLA အဖြစ်ပြောင်းလဲသွားပါတယ်။သူကတော့ အဆစ်အမြစ်ရောင်ရောဂါတွေကို သက်သာပျောက်ကင်းစေပါတယ်။GLA ကို ရင်သားကင်ဆာဆေးတွေနဲ့တူတူမှီဝဲရင် ရောဂါကုတဲ့နေရာမှာ ပိုပြီးထိရောက်တယ်လို့ လေ့လာချက်တွေက ဆိုသလို နောက် Omega 6 တမျိုးဖြစ်တဲ့ CLA ဟာ ကိုယ်အလေးချိန်လည်း လျော့ကျစေတယ်လို့ဆိုပါသေးတယ်။
Omega 9
သူကတော့ အပေါ်ကနှစ်ခုလိုမဟုတ်ပဲ ခန္ဓာကိုယ်ကနေလည်း ထုတ်လုပ်ပေးနိုင်တဲ့အဆီဖြစ်ပါတယ်။ခန္ဓာကိုယ်ထဲက ဆဲလ်တွေမှာအများဆုံးတွေ့ရတဲ့အဆီက သူပါပဲ။ဒါပေမဲ့ Omega 9 ပါတဲ့အစားအစာတွေကို စားသုံးတာဟာ တခြား ခန္ဓာကိုယ်အတွက်မကောင်းတဲ့အဆီတွေဖြစ်တဲ့ VLDL တို့ TGA တို့ကို ဖယ်ရှားပေးပြီး ဆီးချိုရောဂါသည်တွေအတွက် အထူးသင့်တော်ပါတယ်။ရောင်ရမ်းခြင်းကိုလည်း လျော့ကျစေတယ်လို့ ဆိုပါတယ်။
ဘယ်အစားအစာတွေကနေ ရမလဲ
Omega 3
-အဆီများသောငါး(ဆယ်လမွန် /ဆာဒင်း /မက်ကရယ်)
-အစေ့များ
-အခွံမာသီးများ
-နေကြာဆီ
Omega 6
-အသီးအရွက်အဆီ
-အသီးအရွက်အဆီဖြင့် ချက်ပြုတ်ထားသောအစားအစာ
-အစေ့များ
-အခွံမာသီးများ
-နေကြာဆီ
Omega 9
-အသီးအရွက်အဆီ
-မြေပဲဆီ
-နှမ်းဆီ
-နေကြာဆီ
အနှစ်ချုပ်ရရင် Omega 3 ကို အဆီများတဲ့ငါးကနေ ရနိုင်ပြီး 6 နဲ့ 9 ကိုတော့ အသီးအရွက်အဆီ အစေ့နဲ့ အခွံမာသီးတွေကနေ ရနိုင်မှာပါ။
Omega 3-6-9 ဖြည့်စွက်စာကို သောက်သင့်သလား
Omega 3-6-9 ဆိုတာ ဒီအဆီသုံးမျိုးလုံးကို သင့်တင့်မျှတတဲ့အချိုးအဆအတိုင်း ဖော်စပ်ထုတ်လုပ်ထားတာပါ။ပုံမှန်ဆိုရင်တော့ Omega 6 နဲ့ 9 ဟာ နေ့စဉ်သုံးစွဲနေတဲ့အဆီတွေထဲမှာ ပါပြီးသားမို့ တစ်ပတ်မှာ Omega 3 ပါတဲ့ ငါးကို နှစ်ကြိမ်လောက်စားပေးနိုင်ရင်တော့ လုံလောက်တယ်ပြောလို့ရပါတယ်။အစားအသောက်မျှမျှတတ မစားဖြစ်တဲ့သူတွေ သက်ကြီးရွယ်အိုတွေအနေနဲ့ကတော့ ဒီ Omega 3-6-9 ကို သုံးစွဲမယ်ဆို သုံးစွဲလို့ရပါတယ်။ငါးမကြိုက်တဲ့သူတွေအတွက်လည်း ရွေးချယ်စရာတစ်ခုလို့ ပြောလိုပါတယ်။
Dr.KG