အရက်နာကျတယ်ဆိုတာဟာ အရက်အသောက်လွန်ကာ အိပ်ပျော်သွားပြီးတဲ့နောက် ပြန်ထလာတဲ့အချိန်မှာ ခေါင်းကိုက်တာ၊ခေါင်းမကြည်ဖြစ်တာ၊မစားချင်မသောက်ချင်ဖြစ်တာ၊ပျို့အန်တာ၊အာခေါင်ခြောက်သလိုရေငတ်သလိုဖြစ်နေတာ၊နုံးချိပြီးအားမရှိသလိုဖြစ်တာ၊မလှုပ်ချင်မကိုင်ချင်သလိုဖြစ်တာ၊ရင်ပူတာ အစရှိတဲ့ဝေဒနာတွေကို ခံစားရခြင်းဖြစ်ပါတယ်။
အရက်နာကျခြင်းဟာ အရက်အသောက်လွန်မှဖြစ်တတ်တာမဟုတ်ပါ။ဘီယာ၊ဝိုင်၊ဘရန်ဒီ၊ရှန်ပိန် အစရှိတဲ့ အယ်လ်ကိုဟောဓါတ်ပါတဲ့အရည်တွေကို အသောက်လွန်တဲ့အခါမှာလည်းဖြစ်ပါတယ်။
အရက်နာကျခြင်းဟာ ဘယ်အချိန်မှာသောက်သောက် အသောက်လွန်ရင်ဖြစ်နိုင်ပါတယ်။အများအားဖြင့်တော့ ညဘက်အသောက်လွန်ပြီး နောက်နေ့မနက်အထမှာဖြစ်လေ့ရှိပါတယ်။
အသောက်လွန်ရင်ဖြစ်တယ်ဆိုပေမယ့် ပမာဏ ဘယ်လောက်များများသောက်မိတဲ့အခါဖြစ်မလဲတော့ သေချာပြောဖို့မလွယ်ပါ။
လူတဦးချင်းစီရဲ့ကိုယ်ခံအားအပေါ်မှာလည်းမူတည်လို့ပါ။အယ်လ်ကိုဟောနဲ့ဓါတ်မတည့်တဲ့သူတွေ၊အယ်လ်ကိုဟောပါတာတွေ ကိုသောက်လေ့သောက်ထမရှိတဲ့သူတွေ၊ခုမှ အရက်၊ဘီယာ၊ဝိုင် စတာတွေကို စသောက်တဲ့သူတွေဆိုရင် ပမာဏ အနည်းငယ်လောက်သောက်ရုံဖြင့် အရက်နာကျခြင်းဝေဒနာကို ခံစားရနိုင်ပါတယ်။
ဒါ့အပြင် အိပ်ရေးပျက်တာများတဲ့အခါ၊အစားအသောက်ပျက်နေတဲ့အခါ၊အစာမရှိဘဲအရက်သောက်တဲ့အခါ၊ချွေးထွက်လွန်ပြီးရေနဲ့ဓါတ်ဆားဆုံးရှုံးမှုများနေတဲ့အခါမျိုးတွေမှာဆိုရင် အရက်၊ဘီယာ၊ဝိုင် စတာတွေကို ပမာဏအနည်းငယ်မျှ သောက်မိရုံဖြင့် အရက်နာကျခြင်းဖြစ်နိုင်ခြေပိုများပါတယ်။
အရက်နာကျခြင်းဖြစ်ပါက တချို့က အရက်အနည်းငယ်ထပ်သောက်ခြင်း(မောနင်းပက်)ဖြင့် ဖြေတတ်ကြပါတယ်။
ဒါဟာမှားပါတယ်။ဒီနည်းဟာ အရက်နာကျတာကိုပိုဆိုးစေရုံသာမက ရေရှည်မှာဆိုရင် အရက်စွဲခြင်းကိုပါဖြစ်စေနိုင်ပါတယ်။
အရက်နာကျပါက နိုးလာတဲ့အချိန်မှာ ရေများများသောက်ပါ။အသီးဖျော်ရည်တခုခုသောက်တာ အသီးတခုခု(ငှက်ပျောသီး၊ဖရဲသီး)စားတာ လုပ်ပါ။ပျားရည်ကိုရေနွေးနဲ့ဖျော်ပြီးသောက်ပါ။
လက်ဖက်ရည်၊ကော်ဖီ သောက်ခြင်းကိုရှောင်ပါ။
ငါးခြောက်ဟင်းချို သို့မဟုတ် ပဲပင်ပေါက်ဟင်းချိုချက်သောက်ပါ။
ခေါင်းကိုက်တာအတွက်က Ibuprofen 200mg တပြားသောက်နိုင်ပါတယ်။
ရင်ပူတာအတွက်က Kremil S သို့မဟုတ် Siloxogen တပြားဝါးစားပါ။
အချိန်အတိုင်းအတာတခုထိ(အကြမ်းအားဖြင့် တလကြာသည်အထိ) အရက်ထပ်မသောက်ပါနဲ့။နားနားနေနေ နေပါ။အိပ်ရေး၀၀အိပ်ပါ။
ဒီလိုလုပ်လို့မှ မသက်သာဘူး။ဆက်တိုက်အန်နေတာ၊သတိလစ်တာ၊တက်တာတွေပါဖြစ်လာတယ်ဆိုရင်တော့ ဆေးရုံဆေးခန်းပြပါ။
အရက်နာကျခြင်းဖြစ်နိုင်ခြေနည်းအောင် အရက်သောက်တဲ့အခါ အစာတခုခုစားပြီးမှအရက်သောက်ပါ။အစာမရှိဘဲမသောက်ပါနဲ့။သောက်တဲ့အခါမှာလည်း တခွက်ပြီးတခွက်ဆက်တိုက်မသောက်ဘဲ တခွက်နဲ့တခွက်ကြားမှာ အမြည်းစားလိုက် ရေသောက်လိုက် အချိုရည်သောက်လိုက် လုပ်ပါ။
Dr 528