ဘယ်လိုလူတွေမှာ ပျားတုပ်ခံရရင် သေနိုင်လဲ
“မောင်လှစိန် တစ်ယောက် ပျားတုတ်ခံရလို့ သေပြီတဲ့။ ”
မနက်ခင်းစောစော ဈေးထဲတွင် မောင်လှစိန် ဆုံးသွားပြီဆိုသည့် သတင်းကား လူတိုင်းပါးစပ်ဖျားတွင်ရောက်နေပြီ။
“ပျားတုတ်လို့ သေတယ်ဆိုတာ အခုမှ ကြားဖူးတယ်။ ဟုတ်ရော ဟုတ်ရဲ့လား”
မောင်စိုးနိုင်ကား မယုံသင်္ကာဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ ဘေးနားက ဦးကြီးကျော်က မနေနိုင်လို့ ဝင်ပြောသည်။
” မင်းတို့ရန်ကုန်မှာ ပျားက ရှားတယ်လေ။ ရှိမှ မရှိတာ။ မင်း ဘယ်ကြားဖူးမလဲ။ ငါတို့ရွာမှာ တော့ လူတစ်ယောက် သေဖူးတယ်”
” ဟုတ်လား ”
“တောထဲ ဝင်တဲ့ သူတွေက တစ်ခါတစ်လေ ပျားတုပ်ခံရတာပဲလေ။ ငါတို့လည်း ပျားတုပ်ခံဖူးတာပဲ။ ဒါပေမဲ့ ငါတို့ရွာမှာ မောင်မောင်လေး ဆိုတဲ့ လူတစ်ယောက် ပျာတုပ်လို့ သေဖူးတယ်။ ”
” အဘရယ် အသေးစိတ် ပြောစမ်းပါဦး။ ကျွန်တော် သိချင်လို့ပါ” မောင်စိုးနိုင်တစ်ယောက် ဦးကြီးကျော်ကို တောင်းဆိုလိုက်သည်။
” ငါတို့ရွာက တောင်သူတွေဆိုတော့ တောထဲ မှာ အလုပ်လုပ်ရတာပေါ့။ ဒါအပြင် တောထဲသွားထင်းခွေ ကြတဲ့သူတွေလည်း ရှိတာပေါ့။ ဒါကတော့ တစ်ရွာလုံးနီးပါး လုပ်ကြတာပါပဲ။ ဒါ့အပြင် ပျား အုံတွေ့ရင် မီးနဲ့ရှို့ပြီး ပျားသလက်ကိုလည်း ယူလာကြတာပဲ။ ဒါကတော့ ဖြစ်ရိုးဖြစ်စဉ် တစ်ခုပေါ့။ ပျားတုပ်တဲ့ အခါ ရွာ သားဖွားဆရာမဆီက ဆေး လေး ဘာလေး သွားတောင်းပြီး လိမ်းကြတာပေါ့။ ပျားတုပ်ခံရတာ များ ရင် လိုအပ်ရင် ဆရာမ က ဆေး လည်း ပေးတယ်။ မောင်မောင်လေးကတော့ အသက် ငယ်သေးတယ်။ သူလည်း သူများလိုပဲ တောထဲ လိုက်ပြီး ထင်းခုတ်တာပေါ့။ ဒါပေမဲ့ ပျားအုံကို ထိမိပြီး ပျားတုပ်ခံလာရတယ်။ ညနေရွာပြန်ရောက်တော့ မိုးလည်း ချုပ်နေပြီ။ ရွာက သားဖွားဆရာမကလည်း တစ်ဖက် ရွာမှာ ကလေး သွားမွေးပေး နေတုန်းဆိုတော့ မောင်မောင်လေး တစ်ယောာက် ဘာဆေးမှလည်း မလိမ်း။ ဘာဆေးမှလည်း မသောက်ရဘူးပေါ့။ ဒါပေမဲ့ဆေးမီးတိုလေးတွေတော့ သူလိမ်းပါတယ်။ အဲဒီည သန်းခေါင်ယံလောက်မှာပဲ မောင်မောင်လေးက အသက်ရှူ ကျပ်တယ်ဆိုပြီး ပြောတယ်။ အသက်ရှူတာလည်း မြန်လာ။ အသံလည်း ကြားလာရတာနဲ့။ ရွာက လူကြီးတွေက မြို့ကို ပို့မယ်ဆိုပြီး မြို့ကို ပို့ဖို့ ပြင် ကြတယ်။ ဒါပေမဲ့ အသက် မမီလိုက်ပါဘူး။ ပို့ခါနီးမှာပဲ မောင်မောင်လေး အသက်သေဆုံးသွားတယ်။ ငါ တစ်သက် မှာ တော့ ပျားတုပ်လို့ သေတယ်ဆိုတာ မောင်မောင်လေး တစ်ယောက် နဲ့ အခု မောင်လှစိန် နှစ်ယောက်ပဲ ကြုံဖူးသေးတယ်။ နောက်တစ်ရက် သားဖွားဆရာမလေး ပြန်လာတော့ ဆရာမလေးမှာာရင်ထုမနာပဲ။ သူသာ ဆေး ပေးလိုက်ရင် သက် သာ နိုင်တယ်ပေါ့ကွာ။”
” ဟုတ်လား အဘရယ်။ အဆန်းကြီးပဲနော် ”
” အေး ဟုတ်တယ်။ ပြီးတော့ ပျားတုပ်ခံရတိုင်းလည်း အသက်သေဆုံးတာ မဟုတ်ဘူး ။ တစ်ချို့လူတွေမှာပဲ ဖြစ်တာတဲ့”
စကားကောင်းနေတုန်း ဆရာဝန်လေး ဒေါက်တာ သီဟ ဆိုက်ကားလာစီးသည်နှင့် မောင်စိုးနိုင်တစ်ယောက် ဂိတ်ကနေထွက်လာခဲ့သည်။ ရင်ထဲက သံသယတွေကို ဖြေရှင်းဖို့ ဆရာလေးကို ထပ်မေး ဦးမည်ဟု ဆုံးဖြတ်လိုက်သည်။
” ဆရာလေး ကြားပြီးပြီလား။ မောင်လှစိန်တစ်ယောက် ပျားတုပ်လို့ သေသွားတယ်ဆိုတာလေ ” မောင်စိုးနိုင်တစ်ယောက် ဆရာလေး ကို မေးရန် စကားပျိုးလိုက်သည်။
” မနေ့ ညနေ က ကြားလိုက်တယ်။ ”
” ဆရာရယ် ပျားတုပ်တာ သေနိုင်လို့လားဟင် ။ ခုနက အဘကလည်း သူတို့ရွာမှာ ပျားတုပ်လို့ လူတစ်ယောက် သေဖူးတယ်လို့ ပြောနေတယ်။ ဟုတ်လားဟင်။ အဆိပ်ပြင်းတဲ့ ပျားတုပ်ခံရလို့ သေတလားဟင်။ ”
” အခန့်မသင့်ရင် သေတတ်ပါတယ်။ ”
” နောက် တစ်ချက် က အဲဒီနေ့က မောင်လှစိန်တစ်ယောက်တည်း ပျားတုပ်ခံရတာ မဟုတ်ဘူး။ သူနဲ့ အတူ သစ်ပင် ခုတ်တဲ့ သူတွေပါ ပျားအတုပ်ခံရတာပါ။ ဒါပေမဲ့ မောင်လှစိန်ပဲ သေပြီး တစ်ခြားသူတွေ မသေတာလည်း ဆရာ။ ပျားဆိပ်က ပြင်းတယ်ဆိုရင် တစ်ခြားသူတွေလည်း သေရမှာပေ့ါ ”
” ပုံမှန်ဆိုရင်တော့ ပျားတုပ်ခံရတာပဲ ဖြစ်ဖြစ်၊ ပင့်ကူရှပ်တာတို့ပဲ ဖြစ်ဖြစ် တစ်ချို့လူတွေမှာ အသက်သေဆုံးတဲ့ အထိဖြစ်နိုင်ပါတယ်။ ”
“တကယ်ကြီးပေါ့နော်။ ” ဆရာလေး ပြောနေသည်မို့ မောင်စိုးနိုင်တစ်ယောက် မယုံလို့ မဖြစ်တော့ ။
” ရှိတော့ ရှိတယ်။ ရှားတယ်။ ပေါ့လို့ မဖြစ်ဖူးပေါ့နော်။ ”
” ဟုတ်ကဲ့ ဆရာ ” ဆရာလေး စကားကို ထောက်ခံလိုက်သည်။
” ပျားဆိပ်က လူခန္ဓာကိုယ်ထဲရောက်သွားရင် anaphylactic reaction လို့ ခေါ်တဲ့ ဓာတ်မတည့်တာ ဆိုးဆိုးရွားရွားဖြစ်ပါတယ်။ တစ်ချို့ က တော့ နာတာ ယားတာလောက်နဲ့ပဲ ဖြစ်တယ်။ ဒါအပြင် အနီရောင် အင်ပြင်တွေ ထွက်တာ၊ လည်ပင်းနဲ့ လျှာ ယောင်လာတာ။ မျက်ခွံနဲ့ မျက်နှာတွေ ယောင်လာတာ၊ အသက်ရှူ ကျပ်လာတာ၊ အသက်ရှူရင် အသံ မြည်လာတာ၊ သွေးပေါင်ကျလာတာတွေ ဖြစ်တတ်တယ်။ တစ်ချို့ မိနစ်ပိုင်းအတွင်းဖြစ်တယ်။ တစ်ချို့ဆိုရင် နာရီပိုင်းအတွင်း ဖြစ်ကြတယ်။ အသက်ရှူလမ်းကြောင်း ကျဉ်းလာရင် အသက်ရှူသံ ကြားလာပြီး သေဆုံးတတ်ပါတယ်။ ”
“သြော်” မောင်စိုးနိုင်တစ်ယောက် အံသြော်သွားသည်။
” ပျားတုပ်ခံရရင် ပျားရဲ့ အဆိပ်ဆူးလေးတွေဟာ အရေပြားမှာ ကျန်ခဲ့တယ်။ အဲဒီ အရေပြားမှာ ရှိတဲ့ အဆိပ်ဆူးလေးတွေကို အမြန်ဆုံးဖယ်ပေးရတယ်။ ပြီးရင် Anaphylatic reaction လို့ခေါ်တဲ့ ဓာတ်မတည့်တာကို မဖြစ်အောင် သောက်ဆေးတွေ ထိုးဆေး တွေပေးရတယ်။ အခု မောင်လှစိန်က ပျားတုပ်ခံရပြီး အိမ်ပြန်သွားတယ်။ ဆေးရုံ ဆေးခန်းလည်း သွားမပြတော့ အခြေအနေ ဆိုးသွားတာပါ။ ”
” လူတိုင်းတော့ မဖြစ်ဘူးနော် ဆရာ ”
” သူနဲ့ အတူ ကိုက်ခံလိုက်ရတဲ့ သူတွေက တစ်ချို့လည်း ဆေးခန်းလာတယ်။ ဆေးခန်းလာတဲ့ သူတွေကို တော့ သောက်ဆေး ပေးလိုက်တာပေါ့။ တစ်ချို့လည်း မလာပါဘူး။ အိမ်မှာပဲ ဆေးမြီးတိုနဲ့ ကုကြတယ်ထင်ပါတယ်။ ပျားတုပ်ခံရတိုင်းသေမယ်လို့တော့လည်း တစ်ထစ်ချ တွက်လို့မရပေမဲ့ ပျားတုပ်ခံရရင် သေနိုင်တယ်လို့တော့ မှတ်ထားရမယ်။ ကိုယ်စိတ်ထဲမှာ သံသယရှိရင် နီးစပ်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ပြသပြီး ကုသမှုခံယူသင့်တယ်။ မောင်လှစိန်ဆိုရင် ဘာ ကုသမှုမှ မခံယူတဲ့အတွက် အခုလိုမျိုး အသက်သေဆုံးသွားရတာပဲ။ ”
“ဟုတ်ကဲ့ပါဆရာ ဆရာ ပြောမှပဲ ကျွန်တော်နားလည်တော့ တယ်။ ကျေးဇူးတင်ပါတယ် ဆရာ ”
” ရပါတယ်။ ကျွန်တော်လည်း ဒီသတင်း ကြားကြားချင်း စိတ်မကောင်းဖြစ်နေတာပါ။ ခါတိုင်းဆိုရင် မောင်လှစိန် ဆိုက်ကားကို ကျွန်တော် စီးနေကြလေ ”
” ကျွန်တော်တို့ဂိတ်မှာလည်း လူအားလုံး မောင်လှစိန် အကြောင်းကို ပဲ ပြောနေကြတယ်ဆရာရယ်။ ”
” အသက်ဉာဏ်စောင့် ဥစ္စာကံစောင့် ဆိုတဲ့ စကားလိုပဲ အသက်ကို ဉာဏ်လေး ယှဉ်ပြီး စောင့်ရှောက်ရပါတယ်။ ရောဂါတစ်ခုခု ဖြစ်ရင် မပေါ့ဆပဲ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ တိုင်ပင်သင့်တယ်။ ”
” ဟုတ်ကဲ့ပါဆရာ”
မောင်စိုးနိုင် ဆရာလေးအားပို့ပြီး ဂိတ်သို့ပြန်လာခဲ့သည်။ ရင်ထဲတွင် မောင်လှစိန်အား သတိရလျှက်။ မောင်လှစိန် တစ်ယောက် လူအားလုံးအား ကျန်းမာရေး နှင့် ပတ်သတ်လျှင် မပေါ့ဆရန် သတိပေးလိုက်သလိုပင်။