စိတ်အချရဆုံး ကိုယ်ဝန်တားဆေး
စာရေးသူတို့ မိဘဘိုးဘွားတွေလက်ထက်က အိမ်ထောင်စုစာရင်းကို စပ်စုလိုက်ရင် အားရပါးရမွေးထားလိုက်ကြတဲ့ကလေးတွေကလေးတွေဆိုတာ မနည်းမနောကိုတွေ့ရမှာပါ။အဲ့ခေတ်တွေက တားဆေးတားနည်းဆိုတာတွေဟာ များများစားစားလည်း မရှိ။သားဆက်ခြားကျန်းမာရေးအကြောင်း လူထုထဲပျံ့နှံ့အောင် အသိပညာပေးနိုင်မှုလည်း မရှိ။နောက်အရေးကြီးတာတစ်ခုက လူနေမှုစရိတ်တွေက ခုလို မိုးထိမမြင့်နေတော့ ကလေးဘယ်နှစ်ယောက်မွေးမွေး အေးဆေးကျွေးနိုင်လို့ဗျ။ခုခေတ်ကျ ဒီလို ဘယ်ဟုတ်တော့မလဲ။လင်ရော မယားပါ အလုပ်ခွင်ဝင်ရတဲ့ခေတ်ကို ရောက်ပြီး စားဝတ်နေရေးစရိတ်တွေက မချိမဆန့်ဖြစ်နေတော့ကာ ကလေးအများကြီးယူဖို့ နောက်ထား။တယောက်မွေးဖို့တောင် အသေအချာပြင်ဆင်စုဆောင်းရတဲ့ခေတ်ကိုး။ဒီတော့ ခုပြောချင်တဲ့ ကိုယ်ဝန်မရအောင်သုံးရတဲ့ တားဆေးတွေ တားတဲ့နည်းလမ်းတွေရဲ့ အခန်းကဏ္ဍက အရေးသိပ်ပါလာတယ်။
မြန်မာပြည်မယ် အရင်က တားဆေးဟေ့ ဆိုလိုက်တာနဲ့ သောက်ဆေးထိုးဆေးလောက်ပဲ သိကြရာက ခုခေတ်အပြောင်းအလဲတွေကြောင့် အခြားအခြားသောနည်းလမ်းတွေကိုပါ သိရှိလာကြပါပြီ။ဒါပေမဲ့ စာဖတ်ပရိသတ်တွေအနေနဲ့ တကယ်သိချင်တဲ့အကြောင်းအရာကတော့ ဘယ်တားဆေးက စိတ်အချရဆုံးလဲ ဆိုတာပဲ ဖြစ်ပါလိမ့်မယ်။ဒီကိစ္စကို အဓိကထားပြီး ပြောပြပေးသွားပါမယ်။
တကယ်တော့ တားဆေးလို့သာ ခေါင်းစဉ်တပ်ထားရတာပါ။အမှန်က တချို့နည်းလမ်းတွေက ဆေးထိုးဆေးသောက်ရတာမျိုးမဟုတ်ပါဘူး။သားအိမ်ထဲပစ္စည်းထည့်တာ လက်မောင်းထဲပစ္စည်းထည့်တာစတဲ့နည်းလမ်းတွေလည်း ပါပါတယ်။ပြီးတော့ အရေးပေါ်မထင်မှတ်ပဲဖြစ်သွားတဲ့ကိစ္စမျိုးတွေမှာမှ သုံးသင့်တဲ့အရေးပေါ်တားဆေးကိုတော့ ထည့်ပြောမှာ မဟုတ်ပါဘူး။ဒီတော့ ဘယ်နည်းလမ်းက အကောင်းဆုံးဖြစ်မယ်ထင်သလဲ။
တကယ်တော့ အကောင်းဆုံးနည်းလမ်းကတော့ ဒါပါဆိုပြီး တိတိကျကျ ပြောလို့ရတာတော့ မရှိသေးပါဘူး။အားသာချက်အားနည်းချက်တွေကိုယ်စီနဲ့မို့ ကိုယ်နဲ့အဆင်ပြေဆုံးအကောင်းဆုံးက ဘာဖြစ်မလဲကို သေချာရွေးချယ်ဖို့ လိုပါမယ်။အခုစပြီး မြန်မာပြည်မှာ သုံးနေတဲ့ သန္ဓေတားနည်းတခုချင်းစီရဲ့ စိတ်ချရမှုကနေ စနှိုင်းယှဉ်ကြည့်ရအောင်။
နည်းစနစ်မှန်မှန်အသုံးပြုရင် ၉၉%ကျော်ကျော်ထိ စိတ်ချရတဲ့သန္ဓေတားနည်းတွေက
-လက်မောင်းထဲထည့်ရတဲ့ပစ္စည်း(၃ နှစ်ထိခံ)
-သားအိမ်ထဲထည့်တဲ့ပစ္စည်း IUD (၅ နှစ်ထိခံ)
-အမျိုးသမီးသားကြောဖြတ်ခြင်း(တစ်သက်လုံးခံ)
ပုံမှန်အချိန်မှန်သုံးလျှင် ၉၅ % ခန့်စိတ်ချရသော သန္ဓေတားနည်းများ
-တစ်လခံထိုးဆေး သုံးလခံထိုးဆေး(တစ်လတခါ (သို့)သုံးလတခါ ဆေးပြန်ထိုးရန်လို)
-ဟော်မုန်းနှစ်မျိုးပါသောစားဆေး(တလလျှင် ပထမသုံးပတ်ဆက်သောက်ရန်လို)
-ဟော်မုန်းတမျိုးသာပါသောဆေး(နေ့တိုင်းသောက်ရန်လို)
နည်းလမ်းတကျအသုံးပြုလျှင် ၉၈% ခန့် စိတ်ချရသောသန္ဓေတားနည်း
-အမျိုးသားကွန်ဒုံး(လိင်ဆက်ဆံတိုင်း သုံးရန်လို)
နောက်တခုကတော့ ဘယ်သူတွေအတွက် ဘယ်နည်းလမ်းက အသင့်တော်ဆုံးလဲဆိုတာ ပြောပြပေးသွားပါမယ်။
ဘယ်သူတွေ စားဆေးသုံးသင့်သလဲ။
တချို့တွေရှိပါတယ်။ဆေးထိုးရမှာကြောက်တယ်။ခန္ဓာကိုယ်ထဲလည်း ဘာမှမထည့်ရဲဘူး။ဒါပေမဲ့ လိင်ဆက်ဆံမှုကိုတော့ တခါတလေမှပြုတာမဟုတ်ပဲ မကြာမကြာပြုတတ်တဲ့အိမ်ထောင်သည်မျိုးဆိုရင်တော့ စားဆေးတမျိုးမျိုးရွေးချယ်နိုင်ပါတယ်။ဒါပေမဲ့ ဆေးသောက်တဲ့အချိန်မှန်ဖို့ မမေ့ဖို့တော့ သတိထားရပါလိမ့်မယ်။
ဘယ်သူတွေ ထိုးဆေးသုံးသင့်လဲ။
တနေ့တခါဆေးသောက်ရမှာ ကရိကထများတယ် ပြီးတော့ ဆေးသောက်ဖို့ သတိမေ့သွားနိုင်တယ်လို့ ထင်တဲ့သူတွေ။ဘာပစ္စည်းမှ ခန္ဓာကိုယ်ထဲ မထည့်ချင်တဲ့သူတွေဆိုရင်တော့ ထိုးဆေးကို ရွေးချယ်နိုင်ပါတယ်။ကာလရှည်ထိုးဆေးသုံးရင်တော့ ကလေးပြန်ရဖို့အတော်ကလေး စောင့်ရတတ်ပါတယ်။
ဘယ်သူတွေပစ္စည်းထည့်သင့်သလဲ။
ဆေးလည်းနေ့တိုင်းမသောက်ချင်ဘူး ဆေးလည်းလစဉ်မထိုးချင်ဘူး ချစ်တိုင်းလည်း ကွန်ဒုံးမသုံးချင်ဘူးဆိုရင်တော့ ခင်ဗျား သားအိမ်ထဲ ဒါမှမဟုတ် လက်မောင်းထဲ ပစ္စည်းတခုခုထည့်ဖို့ စဉ်းစားနိုင်ပါတယ်။ဒါတွေဟာ နှစ်ရှည်လများ အသုံးခံတာမို့ နေ့စဉ်သတိထားပြီးဆေးသောက်နေစရာမလိုသလို လစဉ်ဆေးထိုးရမဲ့ရက်ကျော်သွားမှာ ကြောက်နေစရာမလိုတော့ပါဘူး။
ဘယ်သူတွေ ကွန်ဒုံးသုံးသင့်လဲ။
တကယ်လို့ တခါတလေဆိုမှ တခါတလေ ချစ်ကြတာပါဆိုတဲ့ ကိုကိုမမတွေအတွက်ဆိုရင်တော့ အမျိုးသားကိုသာ ကွန်ဒုံးသုံးခိုင်းလိုက်ပါ။
တကယ့်ကိုအခန့်မသင့်ဖြစ်သွားတာဆိုရင်တော့ အရေးပေါ်တားဆေးသုံးနိုင်ပါတယ်။
အားလုံး မလိုချင်သေးတာ မရတဲ့သူများဖြစ်နိုင်ကြပါစေ ……