အမျိုးသားများနဲ့ ပေါင်ကြားက အယားပြဿနာ
အမျိုးသားတစ်ယောက်အနေဖြင့် လူလယ်ကောင်မှာ ဘောင်းဘီခွကြား ကုတ်နေရရင်တော့ ရုပ်ပျက်စရာပါ။ အင်္ဂါမှာ မှိုပိုးစွဲခြင်းရောဂါသည် အမျိုးသမီးများတွင် ဖြစ်လေ့ရှိသော်လည်း အမျိုးသားများတွင်လည်း ဖြစ်တတ်ပါတယ်။ လိင်တံ မှိုပိုးစွဲခြင်းကို သင်သေချာသတိထားမကုသခဲ့ရင် နာကျင်ခြင်း၊ ယားယံခြင်းစသည့် အရှက်ရဖွယ် လက္ခဏာများ ဖြစ်လာပါလိမ့်မယ်။ သွေးထဲထိ ပြန့်နှံ့ခဲ့သော် နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်လာပါလိမ့်မယ်။
(1) လိင်တံမှိုပိုးစွဲခြင်း လက္ခဏာများမှာ
လိင်တံမှိုပိုးစွဲခြင်း ပထမဦးဆုံးလက္ခဏာများမှာ နီရဲသော အကွက်များနှင့် တခါတရံ လိင်တံပေါ်တွင် အဖြူကွက်များထခြင်းစသည်တို့ ဖြစ်ပါတယ်။ လိင်တံအရေပြားသည် စိုစွတ်နေပြီး အရေပြားအတွန့်များအကြား အဖြူဖတ်တွေ ဖြစ်နေပါလိမ့်မယ်။ ယားယံခြင်းနှင့် လိင်တံပူစပ်စပ်လက္ခဏာများ ခံစားရပါလိမ့်မယ်။ လိင်တံ နီရဲယားယံနာကျင်ခြင်းသည် အခြားသော လိင်ဆက်ဆံခြင်းကြောင့် ကူးစက်နိုင်သော ရောဂါများကြောင့်လည်း ဖြစ်နိုင်သောကြောင့် မပေါ့ဆသင့်ပါ။
(2) လိင်တံမှိုပိုးစွဲခြင်း ဖြစ်စေသောပိုး
Candida လို့ခေါ်သော မှိုပိုးကြောင့် လိင်တံမှိုပိုးစွဲခြင်း ဖြစ်စေပါတယ်။ အများအားဖြင့် ကိုယ်ပေါ်တွင် Candida သည် ရှိနေနိုင်သော်လည်း ပေါက်ပွားများလာသောအခါ ရောဂါဖြစ်စေပါတယ်။ အရေပြားစိုစွတ်မှုကြောင့် ပိုဆိုးစေပါတယ်။ လိင်တံမှိုပိုးစွဲခြင်း ဖြစ်စေသော အဓိကအကြောင်းရင်းများမှ အချက်တချက်မှာ မှိုပိုးစွဲနေသော အမျိုးသမီးနှင့် အကာကွယ်မဲ့လိင်ဆက်ဆံခြင်းကြောင့် ဖြစ်ပါတယ်။ လိင်ဆက်ဆံခြင်းကြောင့်မဟုတ်ဘဲ တကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်းကြောင့်လည်း ဖြစ်စေပါတယ်။
(3) လိင်တံမှိုပိုးစွဲခြင်း ဖြစ်စေသောအချက်များ
လိင်ဆက်ဆံမူများခြင်းသည် မှိုစွဲရန်ဖြစ်စေသော အကြောင်းဖြစ်သည့်အပြင် လိင်တံအရေပြားရှည်သည်ကို ဖြတ်ခြင်းမပြုလုပ်ပါက အဆိုပါ အရေပြားအတွန့်များအကြား မှိုပိုးပေါက်ရန် အခြေအနေဖြစ်စေပါတယ်။ ရေချိုးတိုင်းသန့်ရှင်းရေးမပြုလုပ်ပါက ပိုမိုပေါက်နိုင်ပါတယ်။ အခြားသောအချက်များမှာ ပိုးသတ်ဆေးအချိန်ကြာ လွန်ကြူးသုံးခြင်း၊ ဆီးချိုနှင့်အဝလွန်ရောဂါရှိခြင်းစသည်တို့ ဖြစ်ပါတယ်။ ခုခံအားကျဆင်းသော ရောဂါရှိခြင်းနှင့် ခုခံအားကျစေသော ကင်ဆာကုထုံးခံယူနေသော အခြေအနေများကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။
(3) ရောဂါရှာဖွေမှု
ဆရာဝန်နှင့် သေချာစမ်းသပ်မှု ခံယူပြီး လိင်တံအရေပြားကို ခြစ်၍ မှိုပိုးမွေးခြင်းစသည့်နည်းဖြင့် ရောဂါရှာဖွေကုသပါ။ စောစီးစွာ စမ်းသပ်ရှာဖွေကုသလျှင် နောက်ဆက်တွဲဆိုးကျိုးများ ရှောင်ရှားနိုင်ပါလိမ့်မယ်။
(4) ကုသမှု
လိင်တံမှိုပိုးစွဲခြင်း ရောဂါခံစားသူအများစုသည် မှိုပိုးသတ်ဆေးများ လိမ်းရုံဖြင့် သက်သာစေနိုင်ပါတယ်။ အလွယ်တကူ ဝယ်ယုရရှိနိုင်သော လိမ်းဆေးများ ဥပမာ miconazole; imidaxole; clotrimazole အသုံးပြုနိုင်ပါတယ်။ သောက်ဆေးလိုအပ်သူများအနေဖြင့် အိမ်ထောင်သည်ဖြစ်ပါက ၂ ယောက်စလုံး ကုသမှုခံယူသင့်ပါတယ်။ လိင်တံမှိုပိုးစွဲခြင်းသည် လိမ်းဆေးနှင့်မသက်သာပါက အရေပြားဖြတ်ခြင်း ပြုလုပ်သင့်ပါတယ်။ လိမ်းဆေးသောက်ဆေးအပြင် တကိုယ်ရည်သန့်ရှင်းမှု ဂရုစိုက်ခြင်း၊ ဆီးချို ထိန်းခြင်းအစရှိသည်တို့ကိုပါ အထူးဂရုစိုက်ပါ။
(5) နောက်ဆက်တွဲဆိုးကျိုးများ
လိင်တံမှိုပိုးစွဲခြင်းကို သေချာမကုသပါက လိင်တံထိပ်ရောင်ရမ်းနာဖြစ်ခြင်း၊ ဆီးသွားခြင်းပြဿနာများ ဖြစ်နိုင်ပါတယ်။ ကိုယ်ခံအားနည်းရောဂါရှိသူများသည် မှိုပိုးရောဂါသည် သွေးကြောထဲသို့ပြန့်နှံ့ကာ အခြားအင်္ဂါများသို့ ရောက်ရှိနိုင်ပါတယ်။ မှိုပိုးစွဲကပ်သောရောဂါသည် သေချာရက်ရှည်ကုသရန် အထူးလိုအပ်ပါတယ်။
Dr. ပြည့်ရှင်း