အသက်ကြီးပေမဲ့ မပျက်စီးရတဲ့အကြောင်းအရင်း
” နင်တို့ ဟင်းတွေကလည်း ဆီတွေ များလိုက်တာ။ ဒါကြောင့် နင်တို့တွေ အဝလွန်နေကြတာပေါ့ ” အဘွားမေ သည် ထမင်းစားပွဲသို့ ထိုင်ထိုင်ပြီးချင်း လေး ဖြူ ကို ဟောက်လိုက်သည်။
” မများပါဘူး အဘွားရယ်။ ဆီသတ်ထားလို့ပါ။ နည်းနည်း လေးပါ။ ” လေးဖြူသည် အဘွားကို ဒီလိုမျိုး အတွန့်တက်နေကြ။
” ဘာလို့ မများရမှာလဲ ။ ဆီတွေ အများကြီးပဲ။အဲဒီလောက် ဆီတွေ အများကြီးစားရင် နင်တို့ အသက်တိုမယ်။ အပေါ်ယံ ဆီတွေကို ခပ်ပစ်လိုက်စမ်း ” အဘွားအမိန့်ပေးသည်နှင့် လေးဖြူသည် ကြက်သား ဆီပြန်ဟင်းထဲ မှာ အပေါ်ယံ ဆီေ တွကို ဇွန်းလေးနှင့် ခပ်ထုတ်လိုက်သည်။
” အဲဒီလောက် ဆီတွေ အများကြီးများ စားနေကြတယ်။ ကြက်သားကြော်ကရော ဘယ်သူ့အတွက် ကြော်ထားရတာလဲ။ ကြက်သားဟင်းချက်ထားတာကို မစားကြဘူးလား ”
” အဖေ နေကောင်းကာစမို့ ကြက်သားကြော်လေး စားချင်တယ်ဆိုလို့ ကြော်ပေးထားတာပါ ” အမေသည် ထမင်းလုတ်သွင်းကာနီးမှ ခဏရပ်ကာ အဘွားကို စကားဆိုလိုက်သည်။ ကြက်သားကြော်ပန်းကန်ကို နှိုက်ဖို့ပြင်နေသော အဘိုးက တွန့်သွားသည်။
” ဟဲ့ နေကောင်းကာစ ကြက်သားစားချင်တယ်ဆိုရင် ကြက်သားကိုပြုတ်ကြော်လေး လုပ်ပေးချင် လုပ်ပေး။ ဒါမှ မဟုတ်ကြက်သားကို ပေါင်းပေးပေါ့။ ဘာလို့ ကြော်ပေးရတာလဲ။” အဘွားသည် သူကိုယ်တိုင်လည်း ကြက်သားကြော်မစား။ အဘိုးကိုလည်း ကြက်သားကြော်ပေးမစားသူ။
” အဖေ က အကြော်လေး စားချင်တယ်ဆိုလို့ပါ” အမေသည် အဘွားကို ကြောက်သူဖြစ်သည်။
” ငါတစ်သက်လုံးက ကြက်သားပြုတ်ကြော်လေး လုပ်ပေးနေကြပါ။ သူ့အသက်ကိုလည်း ကြည့်လိုက်ဦး အသက်က ၈၀ ကျော်နေပြီ။ အဆီအစိမ့်တွေ မစားရဘူးဆိုတာ သိရမှာပေါ့။ ကြက်သားကို ပြုတ်ကြော်ပြန်လုပ်လိုက်။ ကြက်သားကြော် မကျွေးနဲ့။ သူ့မှာ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်းရောဂါရှိတယ်။ အကြော်တွေ သိပ်မကျွေးနဲ့။ ”
” ဟုတ်ကဲ့အဘွား ” တစ်အိမ်လုံးတွေတော့ အဘွားကိုေ ကြာက်ရသည်။ အဖေကိုယ်တိုင်တောင် အဘွားကို ချစ်ကြောက်ရိုသေရတုန်း။ ကြက်သားကြော်လေးတွေ သိမ်းလိုက်ရသည်။ ခဏနေမှ လေးဖြူ စားမည်။ လေးဖြူတို့က ငယ်သေးသည်မို့ အဘွားကိ သိပ်မပြော။
” နက်ဖြန် မနက် မုန့်ဟင်းခါးချက်မယ် အဘွား။ ” လေးဖြူသည် နက်ဖြန် အစီအစဉ်ကို ပြောလိုက်သည်။
“အဘိုးကြီး ရှင်စားမယ်လို့ စိတ်မကူးနဲ့။ ရှင့်မှာ သွေးတိုးရှိတယ်။ မသာပေါ်သွားမယ်။ အဘွားအတွက် ထမင်းဆီစမ်းလေးပဲ လုပ်ပေးပါ ” အဘွားက သူကိုယ်တိုင်လည်း မစား။ အဘိုးကိုလည်း မကျွေးပါ။
အဘိုးမုန့်ဟင်းခါးကြိုက်မှန်းသိသောကြောင့် လေးဖြူတို့ အဘွားအလစ်တွင် အဘိုးကို မုန့်ဟင်းခါးခိုးကြွေးကြသည်။ အဘွားအလစ်တွင်မှ လေးဖြူတို့အိမ်တွင် ကိုယ်စားချင်သည်များစားကြသည်။ အဘွားတရားစခန်းဝင်သည်ဆိုနှင့် အိမ်ရှိ လူကုန် စားချင်တာ မှန်သမျှ ချက်စားကြသည်။ မုန့်ဟင်းခါးချက်စားသည်။ ခါတိုင်း ချက်လျှင် အဘိုးနှင့်အ ဖေ ကိုအဘွားက အများကြီး မစားစေချင်သော်ကြောင့် တစ်ပန်းကန်လောက်နှင့် ရောင့်ရဲ တင်းတိမ်ခဲ့ရသည်။ အဘွားရှေ့အ၀ မစားရဲပါ။ မုန့်ဟင်းခါးကို တစ်မိသားစုလုံး ပဲကြော် ဗူးသီးကြော် များကို အပြင်ကနေ ဝယ်မစားရ။ မုန့်ဟင်းခါးကို ငါးဖယ် ဘဲဥနှင့် သာ စားစေသည်။ အခု အဘွားမရှိတုန်း အကြော်ရွရွလေးများ အီကြာကွေးများ စားရသည်မှာ အရသာရှိလှသည်ဟုထင်သည်။ ဒါက အဘွား တရားစခန်းဝင်တိုင်း လေးဖြူတို့ အိမ်မှ ဇာတ်လမ်း။
” အီကြာကွေးထပ်ထည့်ပါဦး ” အဘိုးသည် အဘွားမရှိတုန်း စားချင်တာများစားနေသည်။ အဘွားသည် ရိပ်သာတွင် ကြာကြာနေပါက အဘိုးသည် အိမ်တွင် စိတ်တိုင်းကျ စားသောက်နေတော့သည်။ ဒီလိုနှင့် လေးဖြူတို့အိမ်တွင် စခန်းသွားနေတော့သည်။
အသက် ၈၅ နှစ်ကျော်ပြီဖြစ်သော အဘိုးတစ်ယောက် လမ်းကြာကြာသွားလျှင် ရင်ဘတ်အောင့်သည်ဟု ဆိုသည်သမျှ ဆေးခန်းသို့ သွားပြရသည်။ နှလုံးသွေးကြောကျဉ်းရောဂါ လို့ ဆရာဝန်က ပြောလိုက်သည်။ အဆီအစိမ့်တွေ စားတာ လျှော့ပါဟုလည်း ပြောလိုက်သည်။ အဘိုးကို ပြသည်နှင့် အဘွားကို ပါ တစ်ခါတည်း စစ်ကြည့်လိုက်သည်။ အဘွားသည် သွေးတိုး ဆီးချို မရှိပါ။ နှလုံးလည်း ကောင်းပါသည်။
” ဒေါက်တာ ရယ် ကျွန်မတို့ကတော့ အသက်၈၅ နှစ်ရှိပြီ။ ကိုယ့်ဘာသာ လည်း အသက်ကြီးလာတာ သိတယ်။ သိလို့လည်း အစားအသောက်ဆင်ခြင်ရတယ်။”
” ဒီအဘိုးကြီးက အစားအသောက်တွေလည်း သိပ်သောင်းကျန်းတာ။ ဆီကြော်ဆီသတ်တွေလည်း စားတယ်လေ ဒေါက်တာ။ ကျွန်မတို့ကတော့ မွေးကတည်းက ဆီကြော်ဆီသတ် မကြိုက်ဘူး။ စားလည်း မစားဘူးဒေါက်တာ။ ” အဘွားသည် ဆရာဝန်အား တိုင်နေသည်။
” ဒါကြောင့်ထင်တယ်အဘွားက ကျန်းမာတယ်နော်။ ” ဆရာဝန်သည် အဘွားစကားကို ထောက်ခံလိုက်သည်။ ၈၅ နှစ်ရှိပြီဖြစ်သော အဘွား၏ ကျန်းမာရေးကိုလည်း အံသြော်ပုံရသည်။
” ကျွန်မတို့ကတော့ တည့်တာပဲ စားတယ်။ မတည့်တာ မစားဘူးဒေါက်တာ။ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ ငယ်ငယ်တုန်းကတော့ စားတယ်။ အသက်ကြီးလာတော့ မစားတော့ ဘူး”
ဆရာဝန်သည် အဘွားကို သဘောကြစွာ ပြုံးကြည့်လိုက်သည်။ ဒီအသက်အရွယ်ထိ ဖြတ်လတ်တက်ကြွနေသော အဘွားကို မြင်ရသည်ကလည်း အားတက်ဖွယ်ရာဖြစ်သည်။
” သွေးတိုး ဆီးချို ကိုယ်တွေမှာ ဘာရောဂါမှ မရှိပါဘူး။ ဒါပေမဲ့ ကိုယ်တွေက အဆီအစိမ့်တွေတော့ မစားဘူးဒေါက်တာရေ။ ကိုယ်ကျန်းမာရေး ဆိုတာ ကိုယ့်ဘာသာ စောင့်ရှောက်ရတာ။ ဒီအသက်အရွယ်ရောက်နေပြီ ကိုယ့်ဘာသာဂရုစိုက်ရမှာ ” အဘွားသည် အဘိုးကို ပြောချင်သော စကားများကို ဆရာဝန်အား ခရားရေလွှတ် ပြောနေသည်။ ဆရာဝန်သည် အဘိုးနှင့် အဘွားကို ကြည့်ကာ ပြုံးနေတော့သည်။
“အဘိုးရေ ဆေးလည်း ပေးလိုက်မယ်။ အဘွားပြောစကားလည်း နားထောင်နော်။ ” အဘွားသည် ဆရာဝန်စကားကြောင့် အဘိုးအား လှမ်းကြည့်လိုက်သည်။ အဘိုးသည် အဘွားကို မကြည့်။အဘွား၏ အကြည့်ကား အောင်နိုင်သူအကြည့်။ အောင်နိုင်သူ အပြုံး။