အားရပါးရငိုတာ ကျန်းမာရေးကောင်းတယ်တဲ့လား
ဒီလောကမယ် ယောကျာ်းမိန်းမအယုတ်အလတ်အမြတ်မရွေး မငိုဖူးတဲ့သူရယ်လို့တော့ ရှိကြမယ်မထင်ပါဘူး။ လူ့လောကကြီးကို စဝင်ကတည်းကိုက အူဝဲ ဆိုတဲ့ငိုသံလေးနဲ့ပဲ မဟုတ်လား။ အဲဒီကစလို့ ကလေးဘဝကနေ လူကြီးဖြစ်တဲ့အထိ အမျိုးမျိုးသောအကြောင်းတွေနဲ့ ငိုလာလိုက်ကြတာ ရည်းစားနဲ့ပြတ်လို့ အလုပ်အဆင်မပြေလို့ အမေဆူလို့ စသဖြင့်ပေါ့။ နောက်ဆုံး ရုပ်ရှင်ထဲမယ် မင်းသားသေလို့ မင်းသမီးနဲ့ကွဲလို့ ဆိုပြီးတောင် ငိုကြီးချက်မတွေဖြစ်ကြရသေးတယ် မဟုတ်လား။ မျက်ရည်ကျတာဟာ ခင်ဗျားကို မျက်လုံးတွေနီရဲမို့အစ်နေယုံပဲ ဖြစ်စေတယ်ထင်နေရင်တော့ မှားသွားပါလိမ့်မယ်။ မျက်ရည်ကျခြင်းကြောင့် ရနိုင်တဲ့ကျန်းမာရေးဆိုင်ရာ အကျို းကျေးဇူးတွေ ရှိပါသတဲ့ဗျာ။ကဲ ဖတ်ကြည့်ရအောင်။
တနှစ်တနှစ်ကို ခင်ဗျားဟာ မျက်ရည်ဂါလံ ၃၀ လောက် ပုံမှန်ကျလေ့ရှိပြီး တရက်ချင်းပြောမယ်ဆိုရင်တော့ တနေ့ ၁၀ အောင်စ လောက် ရှိပါသတဲ့။ တနေ့တနေ့ ၁၀ အောင်စ လောက် ငိုနေတာတော့ ဘယ်ဟုတ်ပါ့မလဲ။ ပုံမှန်မျက်တောင်ခတ်တာကြောင့် ထွက်တဲ့မျက်ရည် ဖုံမှုန့်ဘာညာဝင်တာကြောင့်ပြန်လည်တုံ့ပြန်လို့ထွက်တဲ့မျက်ရည် နဲ့ စိတ်ခံစားမှုကြောင့်ကျတဲ့မျက်ရည် သုံးမျိုးပေါင်းကို ပြောတာပါ။ ဒီဆောင်းပါးမှာအဓိကပြောချင်တာက စိတ်ခံစားမှုကြောင့်ကြတဲ့မျက်ရည်ပေါ့။Emotional tear လို့ခေါ်ပါတယ်။
Sharon Martin လို့ ခေါ်တဲ့ စိတ်ရောဂါကုပညာရှင်တစ်ယောက်က အားရပါးရ စိတ်ပါလက်ပါ ငိုတာဟာ ကောင်းတဲ့အချက်တွေအများကြီးရှိတယ်လို့ ပြောပါတယ်။ ငိုကြွေးခြင်းဟာ မကောင်းတဲ့အရာတွေကို သွန်ထုတ်လွှင့်ပစ်လိုက်ပြီး ကောင်းမွန်တဲ့အသစ်အသစ်တွေအတွက် နေရာရစေပါတယ်။ တချို့က ငိုရတာ ရှက်စရာလို့ထင်တတ်ပါတယ်။အထူးသဖြင့် လူထူထူရှိတဲ့နေရာမျိုးတွေမှာပေါ့။ တကယ်က ငိုကြွေးတယ်ဆိုတာ ပုံမှန်အရာတခုသာဖြစ်ပြီး ဘာကြောင့်မှရှက်စရာ မလိုပါဘူး။
ဒါကြောင့် တစ်ရှုးကောင်းကောင်းတစ်ဘူးလောက် အနားမှာဆောင်ထားပြီး ငိုစရာရှိရင် အားရအောင်သာ ငိုပစ်လိုက်ပါ။ပြီးရင် ခု ကျနော်ပြောပြမဲ့ ငိုတော့ဘာတွေကောင်းသလဲဆိုတာကို သေချာဖတ်ကြည့်ပေါ့။
၁။ အဆိပ်အတောက်များကင်းစင်စေခြင်း
အားရပါးရ ငိုပစ်လိုက်ရင် စိတ်ထဲမှာပေါ့သွားရှင်းသွားတတ်တာ သိကြမှာပါ။ တကယ်တော့ အဲ့ဒီလောက်တင်မကပါဘူး။ ငိုကြွေးခြင်းဟာ ခန္ဓာကိုယ်ကိုက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါသတဲ့။ အသက်ရှုထုတ်ခြင်း ဆီးသွားခြင်း ချွေးထွက်ခြင်းစတဲ့ဖြစ်စဉ်တွေလိုပဲ ငိုကြွေးခြင်းဟာ ခန္ဓာကိုယ်ကမလိုအပ်တာတွေကို စွန့်ထုတ်စေပါတယ်။
၂။ ဘက်တီးရီးယားများကို သေစေခြင်း
မျက်ရည်ဟာ ဘက်တီးရီးယားတွေကိုတောင် သေစေပါသတဲ့။ သူ့မှာပါတဲ့ lysozyme ဆိုတဲ့ဓာတ်ဟာ ဘက်တီးရီးယား ၉၀ ရာခိုင်နှုန်းကျော်ကျော်ကို ငါးမိနစ်ကနေ ဆယ်မိနစ်အတွင်းသေစေနိုင်တဲ့ အစွမ်းရှိပါတယ်။
၃။ အမြင်အာရုံပိုကောင်းစေခြင်း
မျက်ရည်ဟာ မျက်လုံးနဲ့မျက်ခွံတွေကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ချောဆီတမျိုးပါပဲ။ မျက်လုံးမှာရေဓာတ်ခမ်းခြောက်ရင် အမြင်တွေဝေဝါးလာတတ်ပါတယ်။ ဒါ့အပြင် မျက်ရည်ဟာ မျက်လုံးအိမ်ကိုချောမွေ့စေပြီး အမှုန်အမွှားတွေသန့်စင်စေပါတယ်။
၄။ စိတ်ဖိစီးမှုလျော့ကျစေခြင်း
စိတ်တွေအရမ်းတင်းကြပ်နေတဲ့အခါမျိုးမှာ အားပါးတရငိုချလိုက်တာမျိုးက အများကြီးသက်သာရာရစေပါတယ်။ အနည်းဆုံးတော့ အုတ်နံရံကိုလက်သီးနဲ့ထိုးတာ ခံစားချက်တွေကိုရင်ထဲမှာထည့်သိမ်းထားတာတွေထက် ငိုလိုက်တာက ပိုသာပါတယ်။ အနာတရလည်း မဖြစ်ဘူး။ ခေါင်းကိုက်တာ သွေးတိုးတာတွေလည်း မဖြစ်တော့ဘူးပေါ့။မကောင်းတဲ့အရာတွေကို ခန္ဓာကိုယ်ကနေ သွန်ချလိုက်တဲ့သဘောမျိုးပါပဲ။
ဒါကြောင့် ငိုစရာရှိရင် အားပါးတရငိုချလိုက်တာဟာ စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ အကျိုးရှိကြောင်း ပြောလိုက်ပါရစေ။
Dr.KG