အမျိုးသားများအား အကြံပေးချက် (၅) ချက်ရှိသည်။ အမျိုးသမီးများမနှစ်သက်သော အပြုအမူ ငါးမျိုးကို မလုပ်ဆောင်ကြရန်၊ ရှောင်ကြဉ်ကြရန် အကြံပေးထားခြင်းဖြစ်သည်။ လိုက်နာ လုပ်ဆောင်ခြင်းဖြင့် အမျိုးသမီးများနှင့် ဆက်ဆံရေးအဆင်ပြေချောမွေ့နိုင်ကြမည်ဖြစ်သည်။
(၁) အသေးအမွှားကိစ္စကို ပြိုင်မငြင်းပါနှင့်။
အမျိုးသမီးများသည် သူတို့ကိုယ်တိုင် ငြင်းခုန်တတ်သော်လည်း၊ သူ့အားပြိုင်၍ ငြင်းသူကို မုန်းတတ် ကြသည်။ အထူးသဖြင့် အသေးအမွှားကိစ္စရပ်အတွက် အမျိုးသားများက ငြင်းခုန်လာလျှင် မနှစ်မြို့ကြပါ။ ထို့ကြောင့် အသေးအမွှားကိစ္စကို ငြင်းစရာဟု သဘောမထားဘဲ ရယ်စရာဟုသာ မှတ်ယူသင့်ကြသည်။
(၂) အာရုံစူးစိုက်မှုကို မဖျက်ဆီးပါနှင့်။
အမျိုးသမီးများသည် သူတို့၏ အာရုံစူးစိုက်နေမှုကို နှောင့်ယှက်ခြင်းကို သဘောမကျကြပါ။ သူတို့ စိတ်ဝင်စားစွာ လုပ်ဆောင်နေမှုကို နှောက်ယှက်လျှင် အဆိုပါ အမျိုးသားများအပေါ် ချစ်ခင်လိုခြင်းမရှိကြပါ။ ကျေနပ်မှုလည်း မရှိကြပါ။
(၃) အိပ်ရာကိစ္စ၌ ကျေနပ်မှုရှိပါစေ။
အမျိုးသမီးအများစုသည် ပွင့်လင်းမှုနည်းကြသည်။ လိုအပ်ချက်ကို ထုတ်ဖော်ပြောဆိုလေ့မရှိပါ။ အထူးသဖြင့် လိင်ကိစ္စနှင့် ပတ်သက်လျှင် ပို၍ပင် အုံ့ပုန်းနိုင်ကြသည်။ ယဉ်ကျေးမှုအရ စိုးရွံ့မှုကြောင့်လည်း ဖြစ်သည်။ ပွင့်လင်းမှုနည်းကြသော်လည်း လူတို့၏ သဘောသဘာဝအရ ကျေနပ်မှုကို ရယူချင်ကြသည်။ အမျိုးသားများအဖို့ မည်သည့်အရာကို ကြိုက်မှန်းနှစ်သက်မှန်းမသိဘဲ လိုက်နာလုပ်ဆောင်ဖို့ ခက်ပေ လိမ့်မည်။ မည်သို့ပင်ဆိုစေ၊ အရိပ်အကဲကို ဖတ်တတ်ရမည်။ နားလည်နိုင်ရမည်။ မပြောဘဲသိရမည်ဟု ဆိုရပေလိမ့်မည်။ အိပ်ရာကိစ္စကို ကျေနပ်အောင် ဆောင်ရွက်ခြင်းမရှိသော အမျိုးသားများအား သဘော မတွေ့ကြပါ။
(၄) တည့်တည့်ပြောပါ။ တည့်တည့်ပြုဆောင်ပါ။
အမျိုးသမီးများသည် အမျိုးသားတို့က တည့်တည့်ပြောဆိုသည်ကို နှစ်သက်သဘောကျသည်။ ဝှေ့လည်ချောင်ပတ်ပြောခြင်းနှင့် ပြုမူခြင်းတို့ကို မုန်းတီးတတ်ကြသည်။ ယောကျာ်းဆိုသည် ပွင့်လင်းရမည်။ တည့်မတ်ရမည်ဟု ခံယူထားကြပုံရသည်။ ကွေ့ကောက်ဝိုင်းဝန်းနေလျှင် အမျိုးသမီးတို့ သဘောမကျပေ။ သို့သော် အထူးသတိပြုရန်မှာ အရမ်းတည့်လွန်ခြင်းကိုလည်း ရှောင်ရပေလိမ့်မည်။
(၅) တူညီမှုကို ရှာပါ။ အဆိုပါ တူညီမှုအပေါ် စိတ်ဝင်စားပါ။
အမျိုးသမီးနှင့် မိမိတို့အကြား တူညီမှုများကို ရှာဖွေပါ။ စာဖတ်ဝါသနာခြင်းတူသလား။ သီချင်းဆို ဝါသနာတူသလား။ တခြားမည်သည့်ကိစ္စ၌ တူညီပါသလဲ။ သတိပြုပါ။ အဆိုပါ တူညီမှုကို စိတ်ဝင်စားပေးပါ။ မတူညီမှုအပေါ် အပြစ်မတင်ပါနှင့်။ ထိုသို့ အပြစ်တင်ခြင်းကို အမျိုးသမီးများ နှစ်လိုခြင်းမရှိပါ။အသေးအမွှားကိစ္စအပေါ်အပေါ် ငြင်းခုံခြင်း၊ အာရုံစူးစိုက်နေမှုကို ဖျက်ဆီးခြင်း၊ အိပ်ရာ၌ ကျေနပ်မှု မပေးနိုင်ခြင်း၊ ကွေ့ပတ်ပြောခြင်းနှင့် မတူညီအပြောအပြစ်ဆိုတတ်ခြင်းတို့သည် အမျိုးသမီးများ၏ အမုန်းကို ခံရနိုင်သော အကြောင်းရင်းငါးရပ်ဖြစ်ပေသည်။
Author: Dr. အေးကျော်(ဇီဝကမ္မဗေဒ)