တစ်ကိုယ်ရေသန့်ရှင်းရေသည်လူတိုင်းမဖြစ်မနေ ဆောင်ရွက်ရပါမည်။ သို့မှသာကျန်းမာရေးနှင့်ညီ ညွှတ်ပါမည်။ ကျန်းမာပျော်ရွှင်သောမိသားစုဘဝကို တည်ဆောက်နိုင်ရန် မိခင်၊ ဖခင်သာမက ကလေးများလဲ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရပါမည်။ တစ်ကိုယ်ရေသန့်ရှင်းရေးမကောင်းပါက ခန္ဓာကိုယ်ကျန်းမာရေး ကိုထိခိုက်သည့်အပြင် လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ချစ်မှုရေးရာများတွင်အနှောင့်အယှက်များစွာ ဖြစ်စေပါ သည်။ ထို့ကြောင့် လူကြီး၊ လူငယ်၊ ကျား၊ မမရွေး အသက်ရှင်နေထိုင်သမျှကာလပတ်လုံး ကျန်းမာရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေးကို နေ့စဉ်ပြုလုပ်ရပါမည်။
တစ်ကိုယ်ရေသန့်ရှင်းရေးမပြုလုပ်သောကလေး
ကလေးများသည်မြေကြီးပေါ်တွင်ရှိသော ဖုန်မှုန့်များ၊ ကြမ်းပြင်ပေါ်တွင်ရှိသောအမှုန့်များ၊ ရေအိုင်ထဲ တွင်ရှိသောရွှံ့ဗွက်များ၊ ကော်နှင့်ရွှံ့များဖြင့်ပြုလုပ်သောကစားစရာ အရုပ်များဖြင့် ဆော့ကစားကြပါသည်။လက် သည်း၊ ခြေသည်းများကိုလည်း မိဘအုပ်ထိန်းသူများမှ မညှပ်ပေးခြင်းကြောင့်ရှည်ပြီး ချေး (ဂျီး) များဝင်နေတတ် ကြပါသည်။ မျက်နှာမသစ်၊ သွားမတိုက်၊ လက်မဆေး၊ ရေမချိုး၊ ခေါင်းမလျှော်၊ အုန်းဆီမလိမ်း၊ သန့်ရှင်းသောအ ဝတ်အစားများမဝတ်သော ကလေးများသည် ကျန်းမာရေးချူချာ တတ်ပါသည်။ ကလေး၏အရေပြားတွင်သာမန်မျက်စိနှင့် မမြင်ရသောရောဂါပိုးများ ကပ်ညိတွယ်ကပ်လာပါသည်။ခန္ဓာကိုယ်မှထွက်လာသော သွေးကြောင့် အရေပြား ယားယံတတ်လာပါသည်။ ဝမ်းပျက်ဝမ်းလျှော၊ အသည်း ရောင်အသားဝါ၊ ကြွက်ဆီးကြောင့်ဖြစ်သော အသားဝါရောဂါ၊ အူရောင်ငန်းဖျားရောဂါနှင့် အခြားအသက်ရှုလမ်း ကြောင်းရောဂါများလည်း ဖြစ်တတ်ပါသည်။
တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းသော အမျိုးသမီး
အမျိုးသမီးများသည် အိမ်ထောင်မှုထိန်းသိမ်းရသောတာဝန်ကို ထမ်းဆောင်ရပါသည်။ အိမ်သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ဈေးသွားခြင်း၊ ချက်ပြုတ်ပြင်ဆင်ရခြင်း၊ ကလေးများနှင့်အမျိုးသားများအတွက်လည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ရသောကြောင့် ချွေးထွက်ပြီးအညစ်အကြေးများငြိတွယ်ကာ ရောဂါပိုးများကူးစက်ခံရပါသည်။
ချက်ပြုတ်သောအခါတွင် သန့်ရှင်းစင်ကြယ်မှုအားနည်းပါက မိသားစုတွင်အစာအိမ်အဆိပ်သင့်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အူရောင်ငန်းဖျား၊ သန်ကောင်စွဲခြင်း၊ အသည်းရောင်အသားဝါနှင့်အစာအိမ်အူလမ်း ကြောင်းရောဂါများဖြစ်ပွားနိုင်ပါသည်။ နေ့စဉ်ရေမချိုး၊ ဆပ်ပြာမတိုက်ခြင်းကြောင့်လည်း အရေပြားရောဂါများ ဖြစ်ပွားနိုင်ပါသည်။ အသားအရေကိုဂရုမစိုက်ခြင်းကြောင့်လည်း ရောဂါပိုးမွှားများကူးစက်နိုင်ပါသည်။ တစ်ကိုယ် ရေသန့်ရှင်းမှုနည်းသော လုပ်ငန်းခွင်တွင်တာဝန်ထမ်းဆောင်နေသောအမျိုးသမီးများသည် ရောဂါဖြစ်ပွားမှုပိုမို များတတ်ပါသည်။
တစ်ကိုယ်ရေသန့်ရှင်းရေးအလေးအနက်မထားသော အမျိုးသားများ
အမျိုးသားများသည် မိသားစုတွင်အိမ်ထောင်ဦးစီးဖြစ်သောကြောင့် စား၊ ဝတ်၊ နေရေးအတွက်နေပူမ ရှောင်၊ မိုးရွာမရှောင်ပြေးလွှားလှုပ်ရှားရုန်းကန်နေရပါသည်။ အမြဲတမ်းလှုပ်ရှားသွားလာနေခြင်းကြောင့် ချွေး ထွက်ကာအညစ်အကြေးများ ခန္ဓာကိုယ်တွင် တွယ်ကပ်နိုင်ပါသည်။ ဖုန်မှုန့်နှင့်အညစ်အကြေးများကို ထိတွေ့ခြင်း ကြောင့်အသက်ရှုလမ်းကြောင်းရောဂါ (နှာစေ၊ ချောင်းဆိုး၊ ရင်ကျပ်၊ ပန်းနာ၊ အဆုတ်ရောင်ခြင်း) နှင့် အစာအိမ် အူလမ်းကြောင်းရောဂါ (အော့အန်ခြင်း၊ ဝမ်းဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းလျှောခြင်းများ) ဖြစ်ပွားနိုင်ပါသည်။ နေ့စဉ်ရေမှန်မှန်မချိုးခြင်း၊ ဆပ်ပြာမှန်မှန်မတိုက်ခြင်းကြောင့်လည်း ရောဂါများရရှိနိုင်ပါသည်။
ကလေး၊ အမျိုးသမီးနှင့်အမျိုးသားများနေ့စဉ်ဂရုပြုရမည့် သန့်ရှင်းမှုများ
တစ်ကိုယ်ရေသန့်ရှင်းမှုသည် ကိုယ်စိတ်နှစ်ဖြာကြည်လင်သန့်ရှင်းစေပါသည်။ မသန့်ရှင်းခြင်းကြောင့်ဖြစ် သောရောဂါများကို ကင်းဝေးစေပါသည်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးပေးဆောင်ရွက်ခြင်းဖြင့် လတ် တလောသာမကရေရှည်တွင် ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုပါသည်။ ထို့ကြောင့်တစ်နေ့လျှင် နှစ်ကြိမ်ရေချိုးရပါမည်။ ရေချိုးရာတွင်မိမိနှင့်အဆင်ပြေသော၊ ကျန်းမာရေးနှင့်ညီ ညွှတ်သောဆပ်ပြာကို ရွေးချယ်အသုံးပြုရပါမည်။ အညစ်အကြေးများကို ကိုင်တွယ်ပြီးပါကလည်း ဆပ်ပြာသုံးပြီး ဆေးကြောပေးရပါမည်။ လက်သည်း၊ ခြေသည်းညှပ်ခြင်း၊ ဆံကေသာကိုသပ်ရပ်စွာဖြီးလိမ်းခြင်း၊ သန့်ရှင်းသော အဝတ်အစားများကိုဝတ်ခြင်း၊ လက်ဆေးသောဓလေ့ကိုအပြည့်အ၀ လိုက်နာခြင်းများဆောင်ရွက်ရပါမည်။
အကြံပြုချက်
လူတိုင်းကျန်းမာနေစေရန် တစ်ကိုယ်ရေသန့်ရှင်းရေးသည် လွန်စွာအရေးကြီးပါသည်။ တစ်ကိုယ်ရေသန့် ရှင်းကိုတစ်ဦးတစ်ယောက်ချင်းစီက ဆောင်ရွက်ရပါမည်။ သို့မှသာ ပျော်ရွှင်သောမိသားစုဘဝကို တည်ဆောက် နိုင်မည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။
Author:ဒေါက်တာမင်းသူရိန် (Vol-8 / No-7) Healthcare Journal