အနုပညာဆိုတာ နူးညံ့သိမ်မွေ့လွန်းပါတယ်။ ပန်းချီ၊ ဂီတနဲ့ သရုပ်ဆောင်အလုပ်တွေမှမဟုတ်ပါဘူး ဘယ်အလုပ်မဆို အနုပညာဆန်နေရင် ပိုကောင်းတဲ့ ရလဒ်တွေရနိုင်ပါတယ်။ အနုပညာတစ်ခုဖြစ်မြောက်ဖို့ စိတ်ရောကိုယ်ရော အာရုံစူးစိုက်ပြီးလုပ်ဖို့ လိုပါတယ်။ ပြီးဖို့ပဲ စိတ်အားထက်သန်နေမယ်ဆိုရင် အလုပ်တော့ပြီးနိုင်ပေမယ့် အဆင်မပြေတာလေးတွေ ဖြစ်နိုင်ပါတယ်။
အစားစားတဲ့အခါမှာလည်း အတူတူပါပဲ။ အစားစားတဲ့အခါမှာ စိတ်ရောကိုယ်ပါ အာရုံစိုက်ပြီး သတိထားပေးဖို့လိုပါတယ် ။
လူတစ်ယောက် ကျန်းမာဖို့အတွက် အစားအသောက် စားခြင်းကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးနဲ့အညီ စားသောက်ခြင်းကို အစားစာခြင်းအနုပညာရယ်လို့ တင်စားပြောဆိုလိုက်တာပါ ။
ပုံမှန်လူတစ်ယောက်အတွက် နေ့ရက်တစ်ရက်ကို မနက်စာ၊ နေ့လည်စာ၊ ညနေစာ ဆိုပြီး အနည်းဆုံး သုံးကြိမ်စားပေးဖို့ လိုပါတယ်။ ဒီလိုစားပေးတဲ့အခါ ဘယ်အချိန်ကတော့ သင့်တော်တယ်၊ ဘယ်လိုအစားမျိုး စားပေးဖို့ သင့်တယ်ဆိုတာလည်း အရေးကြီးပါတယ်။
မနက်စာ စားခြင်းအနုပညာ
မနက်စာဆိုတာ နေ့တစ်နေ့မှာ အများဆုံးစားဖို့ အလိုအပ်ဆုံးပါ။
ဝဝလင်လင်စားပေးဖို့လိုပါတယ်။ ထမင်း၊ ကြက်ဥပေါင်မုန့်စတဲ့ ကယ်လိုရီများတဲ့ အစားအသောက်တွေ စားပေးဖို့ လိုပါတယ်။ ကော်ဖီ၊ လဘက်ရည်၊ နို့၊ အသီးဖျော်ရည် စသဖြင့်လည်း လိုပါတယ်။ မနက်စာကို များများစားခြင်းက တစ်နေကုန်မှာ လိုအပ်တဲ့ ခွန်အားတွေ ရဖို့လည်း အထောက်အကူပြုပါတယ် ။
အစားများများစားဖို့လိုတယ်ဆိုပေမယ့် မြန်မြန်ပြီးရောဆိုပြီးတော့ မစားစေချင်ပါဘူး။ အစားစားနေရင်းလည်း တစ်ခြားကို အာရုံမစိုက်စေချင်ပါဘူး။ အစားကို ဖြေးဖြေးနဲ့မှန်မှန် ဝါးစားပါ။ ဒါမှပဲ အစာမကြေတာတွေ ရင်ပြည့်ပြီး မအီမသာဖြစ်တာတွေ လေ့ျာနည်းစေမှာပါ ။
နေ့လည်စာစားခြင်း အနုပညာ
နေ့လည်စာကိုတော့ ပုံမှန် သင့်တင့်တဲ့ ပမာဏလောက် စားပေးဖို့ လိုပါတယ်။ ထမင်းဟင်းစားမှ ဗိုက်ပြည့်တယ်ဆိုတဲ့သူတွေလည်း ထမင်းဟင်းစားလို့ရပါတယ်။ ပမာဏတော့ အရမ်းမများပါစေနဲ့၊ ကိုယ်အလေးချိန်များတဲ့သူတွေအနေနဲ့ကတော့ အဆီအဆိမ့်များတာကိုပဲ ရှောင်ပေးရင် ရပါတယ်။
ညနေစာစားခြင်း အနုပညာ
ညနေစာမှာတော့ ပေါ့ပေါ့ပါးပါးအစားပဲ စားစေချင်ပါတယ်။ အသီးအရွက်တို့၊ ပေါင်မုန့်တို့လောက်ပဲ စားတာက ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။ ပြည့်ပြည့်ဝဝစားမှ အဆင်ပြေမယ့်သူတွေ အနေနဲ့တော့ အဆီအဆိမ့်မပါဘဲ စားပေးစေချင်တယ် ။
ဒီလို စားသောက်ခြင်းက ကိုယ်အလေးချိန်ထိန်းချင်လို့ မဟုတ်ပါဘူး။ နာတာရှည်ရောဂါတွေဖြစ်တဲ့ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချိုနဲ့ သွေးအဆီဓာတ်များခြင်း စတဲ့ ရောဂါတွေကို ကြိုတင်ရှောင်ရှားဖို့အတွက်ပါ ။
အချိန်ခြားမယ်
တစ်နေ့ သုံးနပ်ပဲစားတဲ့အခါ တစ်ချိန်နဲ့တစ်ချိန်ကြားထဲ အချိန်ဘယ်လောက်ခြားမလဲလို့ တိတိကျကျ မသတ်မှတ်ထားပါဘူး။ အစာအိမ်တစ်ခုက အစားအပြည့်စားထားတယ်ဆိုရင် အစာအားလုံးချေနိုင်ဖို့ လေးနာရီလောက် အချိန်ကြာတတ်ပါတယ်။ ဒါကြောင့်တော့ အနည်းဆုံးငါးနာရီလောက်တော့ ခြားပြီးစားပေးဖို့ လိုပါတယ်။
တစ်ချို့ဗိုက်အရမ်းဆာတတ်တဲ့သူတွေမှာ မနက်စာနဲ့ နေ့လည်စာကြား၊ နေ့လည်စာနဲ့ ညနေစာကြား၊ ညအိပ်ခါနီး စသဖြင့်တွေမှာ အဆာပြေစားပေးလို့ ရပါတယ်။ အဆာပြေဆိုတဲ့သဘောမှာတော့ ပေါ့ပေါ့ပါးပါးအစာပဲ စားစေချင်ပါတယ်။
ရှောင်ရမယ့်အချက်တွေ
အစားစားခြင်းမှာ အရေးကြီးတဲ့ အချက်ကတော့ အဆာမလွန်ဖို့ပါ။ အဆာလွန်ခြင်းက အစာအိမ်မှ အက်ဆစ်အထွက်များစေပြီး ကြာလာတာနဲ့အမျှ အစာအိမ်ရောဂါတွေ ဖြစ်လာတတ်ပါတယ်။
အစားစားပြီးတဲ့အခါ ရုတ်တရက် မတ်တပ်ရပ်တာမျိုးတွေကိုလည်း သတိထားပြီးရှောင်ပေးပါ။ အစားစားပြီးချင်းမှာ ကိုယ်ခန္ဓာမှာ ဦးနှောက်ထက်စာရင် အစာအိမ်ကို သွေးစီးတာ ပိုများနေတာကြောင့် အထိုင်အထတွေမှာ မူးလဲတတ်ပါတယ်။
နောက်ဆုံးအနေနဲ့ကတော့ အစားစားပြီး ခြေထောက်ရေမဆေးစေချင်ပါဘူး။ ခြေထောက်ကို ရေဆေးလိုက်တဲ့အခါ ခြေထောက်မှာရှိတဲ့သွေးကြောတွေ ကျုံ့သွားတာကြောင့် အစာအိမ်ကိုသွားနေတဲ့ သွေးတွေက ခြေထောက်ဖက်ကို ပိုပြီးစီးပါတယ်။ ဒီလိုအခါမှာ အစာအိမ်က ကောင်းကောင်းအစာမချေနိုင်ဘဲ အစာမကြေ၊ ရင်ပြည့်ရင်ကယ်တွေဖြစ်လာနိုင်ပါတယ်။
ဒါတွေကတော့ အစားစားတဲ့နေရာမှာ လိုအပ်တဲ့ သတိပြုစရာလေးတွေပါ အနုပညာမြောက်အောင် အစားစားကြပါစို့လား ….။
Dr. CST