လေ့ကျင့်ခန်းလုပ်ကြမယ်
” တစ်နေ့ တစ်နေ့ အထိုင်များလို့နဲ့ထင်တယ်။ ဝလာတယ်”
မိုးရီသည် ဘေးမှ ဝေဝေကို လှမ်းကြည့်ရင်း အတွေးတစ်ခု ဝင်လာသည်။
ဝေဝေသည် ပိန်ပိန်ပါးပါးလေးနှင့် ချစ်စရာကောင်းသည်ဟု ထင်သည်။ မိမိကတော့ အသက်အရွယ်ရလားလို့လားမသိ။ တစ်ဖြေးတစ်ဖြေးနှင့် ကိုယ်အလေးချိန်တိုးတက်လာသည်မှာ ကုန်ဈေးနှုန်းနှင့် အပြိုင်ဖြစ်သည်။
နေ့လည် ထမင်းစားပြီးချိန်တွင် မိုးရီသည် ခြင်းတောင်းထဲမှာ အချိုပွဲကို ထုတ်လိုက်သည်။ အမေထည့်ပေးလိုက်သော Cake စားပြီး ကော်ဖီကို စိမ်နှင့် ထိုင်သောက်နေလိုက်သည်။ ဝေဝေသည် ထမင်းစားပြီးသည်နှင့် တစ်ပြိုင်နက် အိမ်သာသို့သွားမည်ဆိုကာ ထသွားသည်။ ထို့နောက် ရုံးတစ်ပတ်ပတ်ပြီး မှ ရုံးခန်းထဲသို့ ဝင်လာသည်။ ထမင်းစားပြီးတိုင်း ဝေ့အကျင့် ဖြစ်သည်။
” ကော်ဖီသောက်ဦးမလားဝေ”
” မသောက်တော့ဘူး မိုးရေ။ ထမင်းစားတာ များသွားလို့ သောက်လည်း မသောက်နိုင်တော့ဘူး ” ဝေသည် မိုးရီ စကားကို ငြင်းလိုက်သည်။
မိုးရီသည် သက်ပြင်းတစ်ချက် မသိမသာ ချလိုက်သည်။ ထမင်း တစ်ဝိုင်းထဲ အတူ ထိုင်စားကြသည်။ ဝေ ထမင်းချိုင့်က မိမိထမင်းချိမ့်ထက်တောင် သေးနေသည်။ ထည့်လာသည့် ထမင်းများကလည်း မိမိထက် နည်းသည်။ ဒါကိုပင် ဝေက ထမင်းစားလိုက်တာ များနေသည်ဟု ပြောနေသည်။ မိမိကတော့ ထမင်းစားပြီးတိုင်း အချိုပွဲ လေးတည့်ခင်းလိုက်ရမှ စိတ်ကျေနပ်သူ။
Cake မုန့်လေးနှင့် Coffee ကုန်မှပဲ အလုပ်ဆက်လုပ်ရန်ပြင်ဆင်တော့သည်။ ဝေကတော့ ဟိုစားပွဲနားရပ်။ ဒီစားပွဲနားရပ်နှင့် ထမင်းစားပြီး လမ်းလျှောက်နေတော့သည်။
“ရာသီဥတုကလည်း ပူလိုက်တာ။”
ဘေးစကားပွဲ မမမြင့်က စကားဆိုသည်။
” အအေးသောက်ကြဦးမလား။ တို့ဝယ်တိုက်မယ်လေ ”
” ဟေး ” ရုံးခန်းထဲမှ အသံက ဆူညံသွားသည်။
” မိုးအတွက် လိမ္မော်ရည် တစ်ဗူး။ ဝေရော ဘာသောက်ဦးမလဲ။ ” မိုးရည်သည် ဝေကို လှမ်းမေးလိုက်သည်။
” ေ၀ မသောက်တော့ဘူး။ ေ၀ အအေး မကြိုက်ဘူး ”
ဝေသည် မမမြင့်ကို ငြင်းဆိုလိုက်သည်။
” အအေးမသောက်ဘူးဆိုရင် လက်ဖက်ရည်ရော သောက်မလား ေ၀ ” မမမြင့်သည် ဝေကို ထပ်မံ တိုက်တွန်းလိုက်သည်။
” လက်ဖက်ရည်လည်း မသောက်တော့ဘူး မမမြင့်။ ”
” သောက်ပါေ၀ ရဲ့။ တစ်ခုခုတော့ သောက်ပါ” မမမြင့်က ထပ်မံနှိုးဆော်လိုက်သည်။
“ဒါဆိုရင်လည်း သံပရာရည် တစ်ခွက်။ ချဉ်ချဉ်လေး လုပ်ပေးပါနော် ”
” Ok”
“ေ၀ က သိပ်သောက်ချင်တာ မဟုတ်ဘူး။ မမမြင့်ကို အားနာလို့ မှာလိုက်ရတာ။ ”
ဝေသည် မမမြင့် မကြားအောင် လေသံတိုးတိုးလေးနှင့် လှမ်းပြောသည်။
” ေ၀ မသောက်ချင်ရင် မိုးရီ သောက်လိုက်မယ်လေ။ ”
မိုးရီ သည် ဝေကို အားပေးစကားပြောလိုက်သည်။
” ေ၀ က Weight တွေ တက်နေလို့ အအေးတို့ ကော်ဖီလက်ဖက်ရည်တို့ကို ရှောင်နေတာ မိုးရဲ့ ”
” မြတ်စွာဘုရား ” မိုးရီ သည် ဘုရားတမိသည်။ သူကိုယ်ခန္ဓာကိုယ် ကို ဝသည်ဟု ဝေက ထင်သည်။ ပေါင်ချိန် ၁၂၀ တောင် မပြည့်သော သူက ပေါင်ချိန် ၁၆၀ ကျော်သော မိမိရှေ့တွင် weight ချနေသည်ဟု ပြောသည်မှာ လွန်သည်ဟု မိုးရီထင်သည်။
” မိုးကိုလည်း အားနာပါဦးဝေရယ်။ ဝေက မဝပါဘူး ”
” ဝလာမှာစိုးလို့ ကြိုတင်ကာကွယ်ထားရတာပေါ့ မိုးရယ်။ ”
” မိုးလည်း ပိန်ချင်ပါတယ်။ ဒါပေမဲ့ အစားလည်း မလျှော့နိုင်ဘူး ဖြစ်နေတယ်”
” ဝေကတော့အစားကို အဲဒီလောက်ကြီး မလျှော့ပါဘူး။ အချို စားတာကိုတော့ လျှော့လိုက်တယ်။ အအေးတို့ကော်ဖီ လက်ဖက်ရည်ကအစ ချိုတဲ့ အစားအစာ မှန်သမျှ မစားတော့ဘူး။ နောက်ပြီး Exercise လည်း လုပ်ဖြစ်တယ်။ ”
” Gym သွားကစားတာလား ေ၀ ”
” ဘယ်လိုလုပ်သွားကစားမလဲ မိုးရယ်။ ဝေက အိမ်မှာပဲ လေ့ကျင့်ခန်းလုပ်တာပါ။ မနက် နာရီဝက်လောက် သွေးပူလေ့ကျင့်ခန်းလေးလုပ်။ ညနေဖက်ကျရင် ကြိုးခုန်တယ်။ ဒါကြောင့် ေ၀ weight တက်မလာတာပေါ့။ အသက်ကလည်း ၃၀ ကျော်လို့ ၄၀ နားကပ်လာပြီ။ ဒီအရွယ်က ဘာစားစား ဝလာတတ်တာ မိုးရေ။ ဒါကြောင့် အသက် ၃၀ ကျော်လာတာနဲ့ အစားအသောက်အနေအထိုင်အပြင် လေ့ကျင့်ခန်းကို သေချာလုပ်ရတယ် ”
” ဘာလေ့ကျင့်ခန်းတွေလုပ်လဲ ဟင် ”
” အိမ်မှာ စက်တွေ ဘာတွေလည်း ဝယ်မထားပါဘူး။ မနက် အိပ်ယာထတာနဲ့ ဈေးကို သွက်သွက်ကလေး ပြေးပြီး ဈေးဝယ်လိုက်တယ်။ ချွေးထွက်သွားတာပေါ့။ မနက်ပိုင်းက Exercise လုပ်ဖို့ သိပ်အချိန်မရှိဘူးလေ။ ညနေပိုင်းမှပဲ နာရီဝက် မိနစ် ၄၀ လောက် ကစားဖြစ်တယ်။ ”
” အိမ်မှာပြေးစက်တွေ ဘာတွေ ဝယ်ထားသေးလား ”
” မဝယ်ထားပါဘူး။ ဒီလိုပဲ စက်အလွတ် လေ့ကျင့်ခန်းတွေပဲ လုပ်တာပါ။ အိမ်ထဲမှာ ပဲ စက်မပါပဲ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေ အများကြီးရှိပါတယ်။ စက်ပစ္စည်းတွေရှိမှ လုပ်လို့ရတာ မဟုတ်ပါဘူး။ ”
” လေ့ကျင့်ခန်းလုပ်ရတာပျင်းတယ်။ အိမ်ရောက်တာနဲ့ ပင်ပန်းတာနဲ့ ဘာမှ မလုပ်ချင်တော့ဘူး ”
” လေ့ကျင့်ခန်းလုပ်တာတော့ မပျင်းနဲ့ကိုယ်လူရေ။ အသက်အရွယ်က ရလာတော့ လှချင်တာ တစ်ခုတည်းအတွက်လည်း မဟုတ်တော့ဘူး။ လေ့ကျင့်ခန်းလေး ပုံမှန်လုပ်နေတော့ နေရတာလည်း လန်းဆန်းတက်ကြွတာပေါ့။ ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက်လည်း ဖြစ်တယ်။ လေးလံ ထိုင်းမိုင်းတာတွေလည်း မရှိတော့ဘူးပေါ့။ လေ့ကျင့်ခန်း ပုံမှန်လုပ်နေတော့ သွေးတွင်း အဆီဓာတ်လည်း ကျတာပေါ့။ ပုံမှန်တော့ လုပ်ဖြစ်အောင် လုပ်ကွယ် ” ဝေသည် မိုးရီကို နားချ၏။ မိုးရီသည် ခေါင်း တစ်ဆတ်ဆတ် ငြိမ့်၏။ မိုးရီရှေ့ရှိ လိမ္မော်ရည်နှင့် သံပရာရည်တို့ကား ကုန်သွားပြီ။ ဝေသည် နေ့လည်ဖက် လမ်းထလျှေက်၏။ မိုးရီသည် ထိုင်ခုန်ကို နောက်မှီကာ ကျောဆန့်လိုက်၏။ ရုံးဆင်းရန် မိနစ်ပိုင်းသာ လိုတော့သည်။
Dr. အေးချမ်းမိုး