ရောဂါတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ လက်နဲ့မသန့်တဲ့အရာတွေကို ထိတွေ့ပြီးနောက် ထိုမသန့်တဲ့လက်တွေနဲ့ အစားစားတာ၊ နှာခေါင်းနှိုက်တာ၊ မျက်စိမျက်နှာကိုင်တာမျိုးတွေ လုပ်ရာကတဆင့် ကူးစက်ပါတယ်။
ဒါကြောင့် အပြင်ကပြန်လာတိုင်း၊ အိမ်သာတက်ပြီးတိုင်း၊ အစာမစားခင်နဲ့ အစာစားပြီးတိုင်း၊ အစားအစာမပြင်ဆင်မှီနဲ့ အစားအစာပြင်ဆင်ပြီးတိုင်း၊ တိရိစ္ဆာန်တွေကို ထိတွေ့ကိုင်တွယ်ပြီးတိုင်း၊ သန့်ရှင်းမှုမရှိတဲ့အရာတွေနဲ့ ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာစင်ကြယ်အောင်ဆေးသင့်ပါတယ်။
လက်ကိုစင်ကြယ်အောင်၊ သန့်ရှင်းအောင်ထားခြင်းဖြင့် ရောဂါပိုးကူးစက်ခံရမှုနည်းလာတဲ့အတွက် အအေးမိ၊ ဖျားနာ၊ ဝမ်းလျှောတာ၊ သန်ထတာ စတဲ့ရောဂါတွေဖြစ်ပွားနိုင်ခြေနည်းလာပြီး ကိုယ်ခံအားကောင်းလာကာ ကျန်းမာရေးလည်းကောင်းလာနိုင်ပါတယ်။
လက်ဆေးတယ်လို့ဆိုရာမှာ တချို့က ပြီးစလွယ်ဆပ်ပြာမပါဘဲ ရေနဲ့ပဲခပ်မြန်မြန်ဆေးတာရှိသလို တချို့ကျလည်း ဆပ်ပြာသုံးပြီး အချိန်ကြာကြာဆေးပေမယ့် လက်ဆေးတာနည်းလမ်းမကျတာမျိုးလည်း ရှိပါတယ်။
တချို့တောနယ်ဘက်တွေမှာဆိုရင် ထမင်းစားခါနီးလက်ဆေးတဲ့အခါ စားမယ့်သူတွေအားလုံးက ရေဖလားတခုထဲကိုလက်နှစ်ပြီး လက်ကို ရေစွတ်ရုံလောက်ပဲဆေးကာ ထိုလက်နဲ့ ထမင်းစားတာမျိုးတွေလည်း ရှိပါတယ်။
လက်ဆေးတယ်ဆိုပေမယ့် နည်းလမ်းမကျတဲ့အခါ လက်ကသေချာမပြောင်တဲ့အတွက် ရောဂါပိုးတွေ ကပ်ကျန်နေခဲ့ပြီး အအေးမိ၊ ဖျားနာ၊ တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သန်ထတာစတဲ့ရောဂါတွေ ဖြစ်လွယ်နိုင်ပါတယ်။
ဒါကြောင့် ဒီတပတ်ဆောင်းပါးမှာ စနစ်တကျ လက်ဆေးနည်းအဆင့်ဆင့်ကို ရေးသားတင်ပြလိုက်ရပါတယ်။
စနစ်တကျ လက်ဆေးနည်းအဆင့်ဆင့်ကို သိတဲ့သူတွေလည်း သိကြပေမယ့် ခုထိမသိသေးတဲ့သူတွေ၊ သေချာမသိသေးတဲ့သူတွေလည်း အများကြီးရှိနေပါသေးတယ်။
ဦးစွာ ကျွန်တော်ကြားဖူးတဲ့ လက်ဆေးနည်းကဗျာလေးကို ပြန်လည်မျှဝေချင်ပါတယ်။
လက်ဆေးနည်းကဗျာ
————–
ဖဝါး ဖမိုး
လက်ခေါက်ချိုး
လက်ကြား လက်မ မကျန်စေရ
ကုတ်၍ခြစ်ပါ လက္ခဏာ
လက်ကောက်ဝတ်မှာအဆုံးသတ်ပါ
ဒီကဗျာလေးကို ပြန်ရှင်းရရင်တော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
လက်ဆေးတဲ့အခါမှာဆိုရင် ပထမဆုံး လက်ကိုရေဆွတ်ပြီးတာနဲ့ လက်ကို ဆပ်ပြာတုံး (သို့) အခုဆိုရင် ဆပ်ပြာရည် စတာနဲ့ လက်ကိုနေရာအနံ့ပွတ်တိုက်ပေးရပါမယ်။
နေရာအနှံ့ပွတ်တိုက်ပေးမှလည်း လက်မှာ မမြင်ရတဲ့ အညစ်အကြေး၊ ပိုးမွှားတွေ ကင်းစင်မှာပါ။
ပွတ်တိုက်တဲ့အခါမှာ
လက်ဖဝါးအချင်းချင်း နေရာအနှံ့၊ ဘယ်ဖမိုးပေါ် ညာဖဝါး ၊ ညာဖမိုးပေါ် ဘယ်ဖဝါး အပြန်အလှန် ပွတ်တိုက်ပေးပါ။
လက်အဆစ်လေးတွေကိုလည်းခေါက်ပြီး အခြားလက်ဖဝါးပေါ် ပွတ်တိုက်ပါ။
ပြီးတဲ့အခါ လက်ချောင်းလေးတွေ ကြားပါမကျန်အောင် ဘယ်နဲ့ညာ လက်ကိုယှက်ပြီး ပွတ်တိုက်ပေးရပါမယ်။ ဒီအချိန်မှာ လက်မကတော့ မပါပဲ ကျန်နေနိုင်တာမို့ လက်မကို ပွတ်တိုက်ရာမှာ လက်အခြားဘက်ဆုပ်ထားတဲ့ လက်နဲ့ လှည့်ပြီး ပွတ်တိုက်ပေးရမှာပါ။
ပြီးရင် လက်ဖဝါးပေါ်နဲ့ လက်သည်းကြားရှိနေတဲ့ အညစ်အကြေးတွေအတွက် လက်ချောင်းလက်သည်းတွေနဲ့ အခြားဘက်ဖဝါးပေါ် အပြန်အလှန် ကုတ်ခြစ်ပေးပါ။
နောက်ဆုံးအဆင့်အနေနဲ့ လက်ကောက်ဝတ်ကိုပါ ဟိုဘက်ဒီဘက် ပွတ်တိုက်ပေးပါ။
ပြီးရင်တော့ ရေနဲ့ ဆေးချနိုင်ပါပြီ။ ရေနဲ့ဆေးချတဲ့အခါမှာလည်း အခုပြောထားတဲ့ အဆင့်တွေအတိုင်းပဲ ပွတ်တိုက်ပြီး ဆပ်ပြာကို ရေနဲ့ ဆေးချပေးပါ။
ဒီလို နည်းစနစ်အမှန်အတိုင်း လက်ဆေးတဲ့အခါမှာ စက္ကန့် ၂၀ မှ စက္ကန့် ၄၀ လောက်အထိ ကြာမြင့်သင့်ပါတယ်။
အခုခေတ်မှာတော့ လက်ဆေးဖို့ ဆပ်ပြာခဲတွေအပြင် လက်ဆေးဆပ်ပြာရည် ၊ Hand-gel အမျိူးမျိုးကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြပါပြီ။
အဆုံးသတ်အနေနဲ့အကြံပေးရရရင်တော့ ဆပ်ပြာခဲသုံးခြင်းကတော့ ရေတွေနဲ့ ပွပြီး ပြဲနေတာမျိုး၊ မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေ တွယ်ကပ်နေနိုင်တာမျိုးမို့ အများနဲ့ရောသုံးလို့ မသင့်တော်ပါ။
ဆပ်ပြာရည်ကတော့ အခုလို စိတ်အနှောင့်အယှက်ဖြစ်ရတာတွေ နည်းလို့ အများသုံးနေရာတွေမှာ သင့်တော်ဆုံးပါ။
ရေအလွယ်တကူမရနိုင်တဲ့ နေရာတွေမှာဆိုရင် လက်ဆေးဖို့ အဆင်ပြေအောင် Hand-gel လေးတွေကို ယူဆောင်သွားပြီး ဆေးတာမျိုးတွေလည်း လုပ်နိုင်ပါတယ် လို့ အကြံပေးချင်ပါတယ်။
Author: Dr 528