ဇစ်ညှပ်နေတဲ့ရွှေပန်းလေးကို ဘယ်လိုကယ်တင်ရမလဲ
ဘဝဆိုတာဟာ နေရင်းထိုင်ရင်းနဲ့ မတော်တဆ မှုတွေ ကြုံရတတ်ပါတယ်။
မတော်တဆမှုဖြစ်တဲ့အခါ လက်ခြေထောက်ခေါင်းထိခိုက်တာ စသဖြင့်တွေက ခံစားရတဲ့နာကျင်မှု အတော်ဆိုးဝါးပြင်းထန်တယ် ဆိုပေမယ့် ဆေးရုံဆေးခန်းပြတဲ့အခါ မျက်နှာပူစရာ ရှက်စရာ မရှိပါ။
တကယ်လို့ မတော်တဆဖြစ်တဲ့အခါမှာ သင့်ရဲ့ မမြင်အပ်တဲ့အစိတ်အပိုင်း (Private parts) တွေပါ ပါဝင်တယ်ဆိုရင်တော့ နာကျင်မှုအပြင် ဆေးရုံဆေးခန်းပြတဲ့အခါ ရှက်ရွံ့မှုကိုပါ ခံစားရနိုင်ပါတယ်။
အထူးသဖြင့် ရွှေပန်းကို ဘောင်းဘီဇစ် ညှပ်မိတဲ့ မတော်တဆမှုမျိုးဟာ အတော်လည်းနာကျင်သလို ဇစ်ညှပ်ရက်တန်းလန်းကြီး ဆေးရုံဆေးခန်းပြဖို့ဆိုတာဟာလည်း ရှက်ရွံ့မှုကို အတော်စိတ်တင်းပြီး သွားပြရမှာပါ။
ရွှေပန်းဇစ်ညှပ်တဲ့မတော်တဆမှုဟာ အသက် ၂ နှစ်ကနေ ၁၂ နှစ်အတွင်း ယောက်ျားလေးတွေမှာ အဖြစ်များဆုံးဖြစ်ပါတယ်။ သို့ပေမယ့် လူကြီး အချို့မှာလည်း ရံဖန်ရံခါ ဖြစ်နိုင်ပါတယ်။
ရွှေပန်းဇစ်ညှပ်တာဟာ ဆီးသွားဖို့ ဘောင်းဘီဇစ်ဆွဲချတဲ့အခါမှာနဲ့ ဆီးသွားပြီးလို့ ဘောင်းဘီဇစ်ဆွဲတင်တဲ့အခါမှာ ဖြစ်လေ့ရှိပါတယ်။
ဆီးသွားဖို့ ဘောင်းဘီဇစ်ဆွဲချတဲ့အခါမှာ ဖြစ်တဲ့ဇစ်ညှပ်ခြင်းဟာ ပိုခံရခက်နိုင်ပါတယ်။
ဇစ်ညှပ်တယ်ဆိုတာ ရွှေပန်းထိပ်အရေပြားဟာ ဇစ်ရဲ့သွားလေးတွေနဲ့ ဇစ်ပါးစပ် (ဇစ်ခေါင်း) ကြားမှာ ညှပ်နေခြင်းဖြစ်ပါတယ်။
ဗြီတိန်ဆီးလမ်းကြောင်းဂျာနယ်ရဲ့ ဖော်ပြချက်အရ ၂၀၀၂ ကနေ ၂၀၁၀ အတွင်း ဇစ်ညှပ်လို့ ဆေးခန်းဆေးရုံရောက်လာတဲ့ ယောက်ျားလေး (ကလေး၊လူကြီး) အရေအတွက်ဟာ အယောက် ၁၇၀၀၀ နဲ့ အထက်ရှိကြောင်းသိရပါတယ်။
ဒါကြောင့် ဒီတပတ်မှာ ဇစ်ညှပ်တဲ့အခါ ဆေးရုံဆေးခန်းမပြခင် အိမ်မှာ မိမိဘာသာ ဇစ်ညှပ်တာကို လွတ်အောင် ကြိုးစားကြည့်နိုင်မယ့် နည်းလေးတွေကို သိသလောက်ရေးသားတင်ပြချင်ပါတယ်။
၁။ ဇစ်ညှပ်တဲ့အခါ အရင်ဆုံးစိတ်အေးအေးထားပါ။ တအားစိတ်ပူပြီး ပြာယာခတ်မနေပါနဲ့။
သင်မဟုတ်ဘဲ သင့်ကလေးဇစ်ညှပ်တာမျိုးဖြစ်ရင်လည်း သင့်ကလေးကို စိတ်အေးအေးထားခိုင်းပါ။ သင့်မျက်လုံး၊ သင့်မျက်နှာကို ကြည့်ခိုင်းပြီး စိတ်တအားပူစရာမလိုကြောင်း ပြောပါ။ အားပေးပါ။ တအားစိတ်ပူပြီး ပြာယာခတ်တာ ငိုနေတာဖြစ်ရင် လုပ်ရကိုင်ရတာ မလွယ်နိုင်ပါ။
၂။ စိတ်ငြိမ်သွားပြီဆိုရင် ဇစ်ညှပ်တဲ့နေရာကို အုန်းဆီ သို့မဟုတ် ချောဆီ တခုခု များများလောင်းဆွတ်ပါ။
ဇစ်ခေါင်းနဲ့ ညှပ်နေတဲ့ အရေပြားကြားထဲ သေချာစိမ့်ဝင်အောင် ၁၀ မိနစ် ၁၅ မိနစ် ခန့်ထားပါ။
၃။ ၁၅ မိနစ်ပြည့်ပြီဆိုရင် လက်တဖက်က ဇစ်ခေါင်းကိုကိုင် တဖက်က ညှပ်နေတဲ့ ရွှေပန်းထိပ်ကိုကိုင်ပြီး ဖြည်းဖြည်းချင်း တဖက်နဲ့ တဖက်ဦးတည်ရာ ဆန့်ကျင်ဖက်ကိုဆွဲပါ။
ဆိုလိုတာက ဇစ်ခေါင်းကို အောက်ကိုဆွဲချပြီး ရွှေပန်းထိပ်အရေပြားကို အပေါ်ကိုဆွဲပါ။
ဆွဲတဲ့အခါမှာ ဖြည်းဖြည်းချင်းဆွဲဖို့က အရမ်းအရေးကြီးပါတယ်။ အလျင်လိုပြီး ဆတ်ခနဲဆွဲတာ အမြန်ဆွဲတာမျိုး လုံးဝလုံဝမလုပ်ပါနဲ့။ ထိခိုက်ဒဏ်ရာရမှု အရမ်းများနိုင်လို့ပါ။
အများအားဖြင့်တော့ ဒီလိုဆီဆွတ်ပြီး ဖြည်းဖြည်းချင်းဆွဲရင် ဇစ်ညှပ်တာ လွတ်သွားတတ်ပါတယ်။
ဆွဲနေရင်းနဲ့ သွေးထွက်တာ အရေပြားပြဲတာတွေဖြစ်လာရင်တော့ ချက်ချင်းရပ်ပြီး ဆေးခန်းဆေးရုံပြဖို့လိုပါတယ်။
၄။ ဖြည်းဖြည်းဆွဲကြည့်လို့ လွတ်ဖို့ရာမလွယ်နိုင်ဘူးလို့ ယူဆရရင်၊ ဆွဲနေရင်းနဲ့ သွေးထွက်တာလည်းမရှိသေးဘူးဆိုရင်တော့ နောက်တနည်းစမ်းကြည့်လို့ရပါတယ်။
အဲ့ဒါကတော့ ဇစ်ခေါင်းကိုဖျက်စီးပစ်တာပါ။
ဇစ်ခေါင်းမှာ အတွင်းနှုတ်ခမ်းပြား အပြင်နှုတ်ခမ်းပြားနှစ်ခုရှိပြီး အဲ့နှစ်ခုကို Median bar လို့ခေါ်တဲ့ ဟာလေးနဲ့ဆက်ထားပါတယ်။ တင်စားပြောရင်တော့ ဇစ်မေးရိုးလေးပေါ့ဗျာ။
အတွင်းနှုတ်ခမ်းပြားနဲ့ အပြင်နှုတ်ခမ်းပြားနှစ်ခုကို ဆက်ထားတဲ့ ဇစ်မေးရိုး (Median bar) လေးကို ဝါယာကြိုးညှပ်တဲ့ကိရိယာ (ကျေးနှုတ်သီး) လိုဟာမျိုးနဲ့ ညှပ်ဖြတ်ပစ်ပါ။
အဲ့ဒါပျက်စီးသွားတဲ့အခါကျ အတွင်းနှုတ်ခမ်းပြားနဲ့ အပြင်နှုတ်ခမ်းပြားပြုတ်ထွက်သွားပြီး ညှပ်နေတဲ့ ရွှေပန်းလည်း လွတ်သွားပါလိမ့်မယ်။
ဒီနည်းက လွယ်တယ်လို့ထင်ရပေမယ့် လုပ်ကြည့်တဲ့အခါအတော်ခက်ပါတယ်။ ဝါယာညှပ်တဲ့ကိရိယာ၊ ကျေးနှုတ်သီးရှာရတာလည်း မလွယ်နိုင်ပါ။
ဒီနည်းသုံးဖို့ အဆင်မပြေရင် နောက်တနည်းရှိပါသေးတယ်။
၅။ ထိပ်ပြားပြီးမာတဲ့ ဝက်အူလှည့်ကို ယူပြီး ဇစ် အတွင်းနှုတ်ခမ်းနဲ့ အပြင်နှုတ်ခမ်းကြား ထည့်ကလန့်ပါ။
ဒီလိုကလန့်ခြင်းဖြင့် အတွင်းနှုတ်ခမ်းပြင်နဲ့ အပြင်နှုတ်ခမ်းပြင်ကြား ဟသွားပြီး ညှပ်နေတဲ့ရွှေပန်းလေး လွတ်သွားနိုင်ပါတယ်။
ဒါတွေကတော့ ကျွန်တော်သိသလောက် ရွှေပန်း ဇစ်ညှပ်တဲ့အခါ အိမ်မှာမိမိဘာသာလွတ်အောင်ကြိုးစားကြည့်နိုင်တဲ့နည်းလမ်း လေးတွေပါ။
ဒီနည်းတွေလုပ်ကြည့်လို့မှ မရရင် လုပ်ဖို့အဆင်မပြေရင်တော့ နီးစပ်ရာဆေးရုံဆေးခန်း ချက်ချင်းသွားဖို့လိုပါတယ်။ ရှက်မနေပါနဲ့။
တကယ်လို့ ဒီနည်းတွေလုပ်ကြည့်လို့ ညှပ်နေတဲ့ ရွှေပန်းလွတ်သွားရင်လည်း အရမ်းပျော်မနေပါနဲ့။ နောက်ထပ်လုပ်ရမယ့် အဆင့်တွေလည်း ရှိပါသေးတယ်။
ဘာလို့လဲဆိုတော့ ဇစ်ညှပ်တာခံရတဲ့ ရွှေပန်းအရေပြားဟာ အနည်းနဲ့အများဆိုသလို ထိခိုက်နိုင်ဒဏ်ရာရပြီး ရောင်ရမ်းနာကျင်နေတတ်ပါတယ်။
ဇစ်ညှပ်ထားခဲ့တဲ့ အရေပြားနေရာကို ရေနဲ့ဆပ်ပြာအပျော့စားသုံးပြီး သန့်စင်ပါ။
သွေးထွက်နေတာရှိရင် အဝတ်သန့် သို့မဟုတ် ပတ်တီးနဲ့ အပေါ်က အုပ်ပြီး ၁၅ မိနစ်ခန့် ဖိထားပါ။
တကယ်လို့ သွေးထွက်နေတာ အရမ်းများရင် သို့မဟုတ် ၁၅ မိနစ်ကျော်လို့မှ သွေးထွက်တာမရပ်ဘူးဆိုရင် နီးစပ်ရာဆေးရုံဆေးခန်းပြပါ။
တကယ်လို့သွေးထွက်တာ ရပ်သွားရင် သို့မဟုတ် အစကတည်းက သွေးထွက်တာမရှိရင် ဆပ်ပြာနဲ့ ရေဆေးပြီးနောက် Petroleum jelly လိမ်းပြီး သန့်စင်တဲ့ ပတ်တီးဖြတ်စ (Sterile pad) လေးအပေါ်က ကပ်ထားပါ။
ဒီလိုလုပ်ပေးရင် အများအားဖြင့် ၃ ရက် ၄ ရက်လောက်ဆို သက်သာပျောက်ကင်းသွားနိုင်ပါတယ်။
တကယ်လို့ ဒီလိုလုပ်ပေးလို့မှ မသက်သာရင် ဇစ်ညှပ်ထားခဲ့တဲ့ ရွှေပန်းအရေပြား နီရဲရောင်ရမ်းတာပိုဆိုးလာရင်၊ နာကျင်မှုကပိုဆိုးလာရင်၊ ဖျားလာရင်၊ ပြည် သို့မဟုတ် အရည်တွေထွက်တာရှိရင်တော့ နီးစပ်ရာဆေးရုံ၊ဆေးခန်းပြဖို့လိုပါမယ်။
ရွှေပန်းဇစ်ညှပ်ခြင်းဖြစ်နိုင်ခြေနဲအောင် ဇစ်ပါတဲ့ ဘောင်းဘီတွေဝတ်ခြင်းကို အတတ်နိုင်ဆုံးရှောင်ပါ။ ပုဆိုးဝတ်ပါ။
ဇစ်ပါတာ ကြိုက်လို့ဝတ်တယ်ဆိုရင်လည်း အထဲက အတွင်းခံဘောင်းဘီခံဝတ်ပါ။
ဇစ်အတင်အချလုပ်တဲ့အခါ အတတ်နိုင်ဆုံးသတိထားပါ။ လို့ အကြံပေးချင်ပါတယ်။
Dr 528