မိန်းမမီးယပ်၊ ယောက်ျားဒူလာလို့ အရပ်ထဲမှာပြောနေကြတာ လူကြီးတွေပြောနေကြတာ မျိုးတွေကို ကြားဖူးကြမှာပါ။ ဒါပေမဲ့ ဘာမှန်းသေချာမသိကြတာ များပါတယ်။
မိန်းမမီးယပ်ဆိုတာကတော့ အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါလမ်းကြောင်းမှာဖြစ်တဲ့ ရောဂါတွေကိုဆိုလိုခြင်း ဖြစ်ပါတယ်။ ဥပမာ မီးယပ်ဖြူရောဂါ (မူမမမှန်အဖြူဆင်းခြင်း)၊ မီးယပ်လွန်ရောဂါ (သွေးဆင်းများခြင်း)၊ မီးယပ်သွေးချုပ်ရောဂါ စသဖြင့်ပါ။
ဒါပေမဲ့ ယောက်ျားဒူလာကတော့ ယောက်ျားမျိုးပွားအင်္ဂါလမ်းကြောင်းမှာဖြစ်တဲ့ ရောဂါတွေကိုဆိုလိုတာ မဟုတ်ပါဘူး။ တချို့တွေကကျ ဒူလာလို့ပြောလိုက်ရင် ပန်းသေပန်းညိုးဖြစ်တာ၊ ဂနိုကျတာ စတဲ့လိင်ပိုင်းဆိုင်ရာရောဂါလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ဒူလာဆိုတာဟာ လိင်ပိုင်းဆိုင်ရာရောဂါတွေနဲ့ လားလားမှမဆိုင်တဲ့ အဆစ်အမြစ်တွေ ရောင်ရမ်းနာကျင်ညောင်းကိုက်တဲ့ ရောဂါဖြစ်ပါတယ်။
မီးယပ်ရောဂါက အမျိုးသမီးမှာပဲဖြစ်ပေမယ့် ဒူလာရောဂါကကျ အမျိုးသားမှာပဲဖြစ်တာမဟုတ်ပါ။ အမျိုးသမီးတွေမှာလည်း ဒူလာရောဂါဖြစ်နိုင်ပါတယ်။
ဖြစ်ရတဲ့အကြောင်းရင်းကတော့ ခန္ဓာကိုယ်ထဲမှာ ယူရစ်အက်စစ်ဓာတ်တွေများလာလို့ပါ။ အနောက်တိုင်းဆေးပညာအရတော့ ဒူလာရောဂါကို Gout (ဂေါက်ရောဂါ) လို့ခေါ်ပါတယ်။
ယူရစ်အက်စစ် (uric acid) ဓာတ်တွေဟာ သွေးထဲမှာ ရှိသင့်တာထက် တအားပိုများလာသောအခါမှာ ယူရစ်အက်စစ်အမှုန်အခဲများ (Urate Crystals) အရိုးဆစ်များပေါ်တွင်အနည်ကျခြင်း ဖြစ်လာပါတယ်။ အဲဒီအခါ အရိုးဆစ်များရောင်ရမ်းခြင်းဖြစ်လာပြီး ဒူလာရောဂါကို ခံစားရပါတယ်။
ပုံမှန်ရှိသင့်တဲ့ သွေးတွင်းယူရစ်အက်စစ် ပမာဏာဟာ အမျိူးသားတွေမှာ 0.12-0.42mmol/l(2-7 mg/dl) ဖြစ်ပြီး အမျိူးသမီတွေမှာ 0.12-0.36(2-6 mg/dl) ဖြစ်ပါတယ်။
Purine ဓာတ်များတဲ့ အစားစာတွေအစားများတာ (ဥပမာ အနီရောင်အသားများ၊ ကြက်၊ ဝက်၊ ဆိတ်၊ အမဲဝမ်းတွင်းကလီစာများ၊ တွင်းအောင်းသားများ၊ ပင်လယ်စာများ၊ ငါးသေတ္တာငါး၊ ခရမ်းချဉ်သီးအစေ့များ၊ ပဲပင်ပေါက်၊ အာလူး၊ ပဲမြစ်၊ ပိန်းဥ စသည့် အမြစ်တွယ်အပင်ပေါက်တဲ့ သစ်ဥသစ်ဖုများ၊ ကဇော်ဖောက် ထားသော အစားအစာများ၊ အရက်၊ ဘီယာများ စသဖြင့်)
အကြောင်းကြောင်းကြောင့် (ဥပမာ – ကျောက်ကပ်မကောင်းတာ၊ ကျောက်ကပ်အားနည်းတာ)၊ ခန္ဓာကိုယ်ကနေ ယူရစ်အက်စစ်ကို စွန့်ထုတ်မှုနည်းတာ စတဲ့အကြောင်းတွေဟာ သွေးထဲမှာ ယူရစ်အက်စစ်ဓာတ်တွေဟာ ပုံမှန်ထက်ပိုများလာစေနိုင်ပါတယ်။
ရောဂါလက္ခဏာအနေနဲ့ကတော့ အဆစ်အမြစ်တွေရောင်ရမ်းနာကျင်တာပါ။ အဖြစ်များဆုံးကတော့ ခြေမအဆစ်ပါ။ လက်ဆစ်တွေ၊ လက်ကောက်ဝတ်အဆစ်၊ ခြေကျင်းဝတ်အဆစ်နေရာတွေမှာလည်း အဖြစ်များလေ့ရှိပါတယ်။ ဖြစ်တဲ့အဆစ်နေရာဟာ နာပြီရောင်ရမ်းလာပါမယ်။ အဆစ်ပေါ်က အရေပြားကလည်း နီရဲနေပြီး ပူပူကြီးခံစားရပါမယ်။ အထိမခံနိုင်လောက်အောင် နာတာကိုလည်း ခံစားရနိုင်ပါတယ်။
မကုဘဲထားရင် ဒူလာရောဂါဟာ ရေရှည်မှာ အရိုးအဆစ်တွေပုံပျက်တာ အရိုးအတက်ထွက်တာ ကျောက်ကပ်မှာကျောက်တည်တာ ကျောက်ကပ်ပျက်စီးတာစသဖြင့် နောက်ဆက်တွဲဆိုးကျိူးတွေကို ဖြစ်လာစေနိုင်ပါတယ်။
ဒါကြောင့်သင့်အနေနဲ့ အထက်ပါလက္ခဏာတွေကိုခံစားရပါက နီးစပ်ရာဆေးခန်းပြပြီး ဒူလာရောဂါဟုတ်မဟုတ်စမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါတယ်။ စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ သွေးတွင်းယူရစ်အက်စစ်ပမာဏစစ်တာ၊ယောင်နေတဲ့အဆစ်ထဲကအရည်ကို စုပ်ယူပြီး စမ်းသပ်တာ စသဖြင့်ပါ။
ကုသမှုအနေနဲ့ကတော့ အကိုက်အခဲပျောက်ဆေးတွေ၊ယူရစ်အက်စစ်စုပုံမှုကိုတားတဲ့ဆေးတွေ စသဖြင့်သောက်ရနိုင်ပါတယ်။ သောက်ဆေးတွေအပြင် အစားသောက်ပါဆင်ခြင်ဖို့လိုပါတယ်။
အထက်မှာတခါပြောခဲ့တဲ့ Purine ဓာတ်များတဲ့အစားစာတွေကိုရှောင်ပါ။ အပင်ထွက်ပရိုတင်းဓာတ် များများစားပါ။ ပဲအမျိုးမျိုးလို ဟင်းရွက်ထွက် ပရိုတင်းကိုများများစားပါ။ အဆီမပါနို့နဲ့ နို့်ထွက်ပစ္စည်းရွေးပါ။ အဆီနည်းဒါမှမဟုတ် အဆီမပါနို့သောက်တာနဲ့ ဒိန်ချဉ်သောက်တာတွေဟာ ဒူလာရောဂါ အန္တရာယ်ကိုလျော့ကျစေကြောင်းလေ့လာမှု တချို့ကဆိုပါတယ်။
ရေများများသောက်ပါ။ အခွံချွတ်မထားသော ကောက်ပဲသီးနှံစားပါ။ အခွံချွတ်မထားတဲ့ ဆန်လုံးညို၊ အညိုရောင်ခေါက်ဆွဲ၊ ပေါင်မုန့်ညိုနဲ့ အသီးအနှံတွေကို များများစားပေးရင် ဒူလာရောဂါ အန္တရာယ်ကိုလျော့ကျစေပါတယ်။ ကိုယ်အလေးချိန်ကိုထိန်းပါ။
အဆုံးသတ်အနေနဲ့ ထပ်ပြောချင်တာကတော့ ဒူလာဆိုတာ ပန်းသေပန်းညှိုးရောဂါ၊ လိင်ပိုင်းဆိုင်ရာရောဂါတွေမဟုတ်ကြောင်း ယူရစ်အက်စစ်များပြီး အရိုးအဆစ်တွေ ရောင်ရမ်းနာကျင်တဲ့ အဆစ်အမြစ်ရောင်ရမ်းရောဂါဖြစ်ကြောင်း အမျိုးသမီးတွေလည်း ဒူလာရောဂါခံစားရနိုင်ကြောင်း ပြောချင်ပါတယ်။
Author: Dr သီတာနွယ်(အမရပူရ)