H1N1 ကို ဘယ်လို ကာကွယ်ကြမလဲ
မနေ့က ရန်ကုန်မှာ H1N1 နဲ့ သေဆုံးသူ ၃ ယောက်အထိ ရှိသွားပြီဖြစ်ပြီး ၇ ယောက်လောက်လည်း ကူးစက်ခံထားရတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီသတင်းကြောင့် လူထုကြားမှာ လှုပ်လှုပ်ခတ်ခတ်တွေ ဖြစ်လာပါတယ်။သိပ်မကြာသေးခင်နှစ်တွေကပဲ ဒီ ခပ်ဆိုးဆိုး H1N1 ဟာ မြန်မာပြည်ကို ဝင်မွှေခဲ့ဖူးပြီး လူအသေအပျောက်လည်း အတိုင်းအတာတခုအထိရှိခဲ့တာကြောင့် အားလုံးအထိတ်တလန့် ဖြစ်ခဲ့ကြပါတယ်။
ဒါကြောင့် “ဒီ H1N1 ဆိုတာ ဘယ်လိုကြောင့်ဖြစ်တဲ့တုပ်ကွေးလဲ။ဘယ်လိုကူးနိုင်လဲ။သေတတ်လား။ကာကွယ်လို့ရသလား။ဘယ်လိုကာကွယ်ရမလဲ။” အစရှိတဲ့မေးခွန်းပေါင်းများစွာကို ဒီဆောင်းပါးမှာ ဖြေရှင်းပေးသွားမှာ ဖြစ်ပါတယ်။
H1N1 ဘယ်ကစလဲ။
H1N1 Virus ကြောင့်ဖြစ်တဲ့တုပ်ကွေးကို ဝက်တုပ်ကွေး(Swine Flu)လို့ အသိများကြပါတယ်။ဘာလို့ ဝက်တုပ်ကွေးလို့ခေါ်သလဲဆိုရင် ဟိုးယခင်က ဒီရောဂါဖြစ်ပွားတဲ့သူတွေဟာ ဝက်တွေနဲ့ ထိတွေ့မှု ရှိခဲ့တာ တွေ့ရလို့လို့ ဆိုပါတယ်။ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဒီဗိုင်းရပ်စ်ဟာ ပုံစံပြောင်းသွားခဲ့ပြီး ဝက်နဲ့ထိတွေ့မှုလုံးဝမရှိတဲ့ လူတွေကြားမှာ ကူးစက်ပျံ့နှံ့ လာခဲ့ပါတယ်။၂၀၀၉ – ၂၀၁၀ မှာ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအသွင်(Global Flu Pandemic) ဖြစ်ပွားခဲ့ပြီး ကလေးငယ်တွေ၊ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ အရင်ကလောက် အသေအပျောက်မများတော့ဘဲ နှစ်စဉ် ပုံမှန်ဖြစ်လေ့ရှိတဲ့တုပ်ကွေးအသွင်သာ ဖြစ်ပွားပါတော့တယ်။အခုအချိန်မှာတော့ H1N1 ကို ပုံမှန်ရာသီတုပ်ကွေးအဖြစ်ပဲ သတ်မှတ်ထားပါတယ်။။ဒါပေမဲ့ အချို့အခြေအနေတွေနဲ့ အချို့လူတွေမှာ အသက်ဆုံးတဲ့အထိ ဖြစ်သွားနိုင်တာကြောင့် ကာကွယ်ထားဖို့ကတော့ အရေးကြီးပါတယ်
H1N1 ရဲ့ လက္ခဏာတွေက ဘာတွေလဲ။
– ဖျားနာခြင်း
– ချောင်းဆိုးခြင်း
– လည်ချောင်းနာခြင်း
– နှာရည်ယို၊နှာစေးခြင်း
– မျက်လုံးများနီရဲပြီး မျက်ရည်ပူထွက်ခြင်း
– ကိုယ်လက်နာကျင်ကိုက်ခဲခြင်း
– ခေါင်းကိုက်ခြင်း
– မောပန်းနွမ်းနယ်ခြင်း
– ဝမ်းလျောခြင်း
– မူးဝေအော့အန်ခြင်း
ဒီလက္ခဏာတွေဟာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး တစ်ရက်ကနေ သုံးရက်အတွင်း ပေါ်ပေါက်လာတတ်ပါတယ်။သေချာဂရုမစိုက်ရင် နမိုးနီးယား၊အဆုတ်ပိုးဝင်တာနဲ့ အသက်ရှုကြပ်တာစတဲ့ပြဿနာတွေ ကြုံရနိုင်ပါတယ်။ဆီးချိုနဲ့ပန်းနာရင်ကြပ်သမားတွေမှာ ဆို ပိုဆိုးတတ်ပါတယ်။အသက်ရှုမရတာ၊ဆိုးဆိုးဝါးဝါး အန်တာ ၊ဗိုက်တွေ မခံမရပ်နိုင်အောင်အောင့်တာ စတာတွေခံစားရရင် ဆေးခန်းဆေးရုံသွားဖို့ အကြံပေးချင်ပါတယ်။
ဘယ်လို ကူးစက်နိုင်လဲ
တခြားတုပ်ကွေးတွေလိုပဲ ဒီဗိုင်းရပ်စ်ပိုးဟာ လေထဲကတဆင့်ကူးစက်ပါတယ်။ရောဂါပိုးရှိသူ နှာချေချောင်းဆိုးတာကတဆင့် ဗိုင်းရပ်စ်ပိုးတွေဟာ လေထုထဲကို ပျံ့နှံ့ ပါတယ်။ဒါတွေကို ရှုရှိုက်မိတာ၊ ဒါမှမဟုတ် အဆိုပါ ဗိုင်းရပ်စ်အမှုံအမွှားတွေ ကျနေတဲ့အရာဝတ္ထုတွေကို ကိုင်တွယ်မိတာ၊ ရောဂါရှိသူ ကိုင်ထားတဲ့အရာဝတ္ထုကို သွားကိုင်မိတာ တွေကတဆင့် H1N1 ကူးစက်နိုင်ပါတယ်။ရောဂါပိုးရှိတဲ့သူတယောက်အနေနဲ့ လက္ခဏာတွေမပြခင် တစ်ရက်ကနေ ဖျားပြီး ၇ ရက်လောက်ကြာတဲ့အထိ သူများကို ကူးစက်စေနိုင်ပါသေးတယ်။ကလေးတွေမှာဆိုရင် ၁၀ ရက်လောက်ထိ သူများကို ကူးစက်စေပါသေးသတဲ့။ဒါပေမဲ့ ဝက်သားစားလို့တော့ H1N1 လုံးဝ မဖြစ်ပါဘူး။
တုပ်ကွေးဖြစ်ရင် ဘာလုပ်မလဲ
မြန်မြန်ဆန်ဆန်သက်သာချင်ရင်
– အနားယူပါ။အိပ်ရေးဝအောင် အိပ်ပါ။
– နွေးနွေးထွေးထွေးနေပါ။
– ကိုယ်လက်ကိုက်ခဲတာ ၊ ကိုယ်ပူတာတွေ သက်သာအောင် အကိုက်အခဲပျောက်ဆေးနဲ့အဖျားကျဆေးတွေ သောက်ပါ။
– ရေများများသောက်ပါ
တုပ်ကွေး ကူးစက်ခြင်း မခံရအောင် ဘာတွေလုပ်မလဲ
– အကောင်းဆုံးကတော့ ကာကွယ်ဆေးထိုးထားတာပါပဲ။အခု ဖြစ်နေတဲ့ A(H1N1)pdm09 ဗိုင်းရပ်စ်ကို လက်ရှိဈေးကွက်ထဲမှာ ရှိနေတဲ့ ကာကွယ်ဆေးအမျိုးအစားတွေထိုးပြီး ကာကွယ်နိုင်ပါတယ်။ဆေးထိုးဖို့ပိုပြီးလိုအပ်သူတွေကတော့ ကျောင်းနေအရွယ်ကလေးတွေ ၊ ကိုယ်ဝန်ဆောင်တွေ နဲ့ အသက် ၆၅ အထက် လူကြီးတွေပဲဖြစ်ပါတယ်။
– ဖျားနေရင် အိမ်မှာနေပါ။ကိုယ့်ကြောင့်သူများတွေကူးတာမျိုးမဖြစ်ရအောင် အဖျားပျောက်ပြီး ၂၄ နာရီကြာတဲ့အထိ အိမ်မှာနေပါ။
– လက်ကို သေသေချာချာ စနစ်တကျ နဲ့ မကြာခဏ ဆေးပေးပါ။အပြင်က ပြန်ရောက်တိုင်း လက်ဆေးဖို့ အရင်ဆုံးတွေးပါ။ရေ၊ဆပ်ပြာ စတာတွေနဲ့ဆေးပါ။ဒါတွေ မရနိုင်ရင် Hand Gel ဖြစ်ဖြစ်ဆောင်ထားပါ။
– နှာချေ၊ချောင်းဆိုးတိုင်း လက်ကိုင်ပဝါသုံးပြီး ဆိုးပါ။
– လူထူထူထဲ ဖြစ်နိုင်ရင် မသွားပါနဲ့။သွားခဲ့ရင်လည်း နှာခေါင်းစည်း(Mask)တပ်သွားပါ။
– အိပ်ရေးဝအောင်အိပ်ပါ။အာဟာရဖြစ်မဲ့အစားအစာတွေစားပါ။
– ကိုယ်ခံအားပြည့်ဝနေဖို့ Vitamin C ပါဝင်တဲ့ အားဆေး တနေ့တလုံး သောက်ပေးပါ။
တုပ်ကွေးဖြစ်ခဲ့ရင် ဘယ်အခြေအနေမှာ ဆေးရုံသွားမလဲ
– ၇ ရက်ကြာတဲ့အထိ ရောဂါလက္ခဏာတွေ မသက်သာသေးရင်
– အသက် ၆၅ နှစ်ကျော်ဖြစ်ခဲ့ရင်
– ကိုယ်ဝန်ဆောင်သည်ဖြစ်ခဲ့ရင်ါ
– နာတာရှည်ရောဂါတခုခုရှိနေခဲ့ရင်
– ကိုယ်ခံအားကျဆင်းတဲ့အခြေအနေတခုခု ရှိခဲ့ရင်(ကင်ဆာ ၊ HIV)
အရေးကြီးတဲ့အချက်တွေကို ပြန်ပြောရရင်
– H1N1 ဟာ သတိထားဖို့ လိုအပ်ပေမဲ့ အလွန်အကျွံကြောက်စရာမလိုပါဘူး။
– ကလေးငယ်တွေ၊ကိုယ်ဝန်ဆောင်သည်တွေနဲ့ နာတာရှည်ရောဂါသည်တွေမှာတော့ ကာကွယ်ဆေးထိုးပေးထားတာဟာ အကောင်းဆုံးကာကွယ်နည်းပါပဲ။
– ကိုယ်ခံအားကောင်းနေဖို့က အဓိက ဖြစ်ပါတယ်။ဒါကြောင့် အားရှိအောင် စားပါ။အိပ်ရေးဝအောင်အိပ်ပါ။Vitamin C ဟာ ကိုယ်ခံအားမြှင့်တင်ပေးနိုင်တာကြောင့် Vitamin C ပါတဲ့အားဆေး တနေ့တကြိမ် သောက်ပါ။
– လက်ကို မကြာခဏဆေးပါ။မလိုအပ်ပဲ လူထူထူရှိမဲ့နေရာတွေ မသွားပါနဲ့။မဖြစ်မနေ သွားရရင်လည်း နှာခေါင်းစည်းတပ်ပြီးမှ သွားပါ။
အားလုံးကျန်းမာရွှင်လန်းကြပါစေ။
Dr.KG