လိင်မှုရေးရာ ပေါက်ပေါက်ရှာရှာ မေးခွန်းများ အပိုင်း (၁)
လိင်မှုရေးရာ လို့ဆိုလိုက်ရင် ကျနော်တို့ မြန်မာလူမျိုးတွေဟာ အားကြီးကို ရှက်တတ်ကြတယ်ဗျ။
ဘာကို ရှက်တာလဲဆိုရင် သူများကို မေးရမြန်းရမှာ ရှက်တာ။ ဒီအခါကျ လိင်မှုရေးရာနဲ့ ပတ်သက်ရင် သူတို့ဆီမှာ မေးစရာတွေ တပုံတပင်ကြီး ရှိပေမဲ့ မမေးဖြစ်ကြဘူး။
ဒါပေမဲ့ ဒီနေ့ခေတ်မှာ OnDoctor လို လိုင်းပေါ်ကနေ တယောက်ချင်းဆီရဲ့ ကျန်းမာရေးဆိုင်ရာမေးခွန်းတွေကို ဖြေပေးတဲ့ Page မျိုး App မျိုး ပေါ်လာတော့ အားရပါးရကို မေးလာကြတယ်။
ဒီအထဲမှာ လိင်မှုရေးရာ ပေါက်ပေါက်ရှာရှာ မေးခွန်းတွေလည်း အများကြီးပါတာပေါ့ဗျာ။ ဒီမေးခွန်းတွေထဲကမှ ဗဟုသုတလည်းရမယ့် ပြုံးချင်စရာလည်းဖြစ်မယ့် မေးခွန်းတွေရဲ့ အဖြေတွေကို ပြန်တင်ပြပေးလိုက်ပါတယ်။
၁။ စအိုကနေ လိင်ဆက်ဆံရင် ကလေး ရတတ်လား
မဖြစ်နိုင်သလောက်ပါပဲ။ ဖြစ်အောင် ကြံဖန်ပြောရရင်တော့ စအိုထဲမှာ ထွက်သွားတဲ့ သုတ်ရည်တွေက အပြင်ကိုပြန်စီးကျပြီး မိန်းမကိုယ်ထဲ ဝင်သွားတာမျိုးမှပဲ ဖြစ်နိုင်ပါလိမ့်မယ်။ ဒါလည်း အတော်လေး ဖြစ်ဖို့ မလွယ်ကူပါဘူး။
ဒါပေမဲ့ စအိုကနေ လိင်ဆက်ဆံတာဟာ ကလေးရဖို့ဖြစ်နိုင်ချေသာ မရှိသလောက်နည်းပေမဲ့ လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေ ရသွားနိုင်ချေကတော့ ပုံမှန်ထက် အရမ်းကို မြင့်မားပါတယ်။ ဒါကြောင့် မနေနိုင်လို့ အနောက်တံခါးကိုမှ ဖွင့်ချင်သပဆိုလည်း ကွန်ဒုံးလေးတော့ သုံးကြပါလို့ အကြံပေးချင်ပါတယ်။
၂။ အပြင်မှာ ပန်းထုတ်တဲ့နည်းလမ်းက ဘယ်လောက်စိတ်ချရသလဲ
အင်္ဂလိပ်လို Withdrawal or Pull-out Method လို့ ခေါ်တဲ့ ဒီနည်းလမ်းဟာ ကိုယ်ဝန်မရဖို့အတွက် စိတ်ချယုံကြည်စွာ အသုံးပြုနိုင်တဲ့နည်းလမ်းတစ်ခုတော့ မဟုတ်ပါဘူး။ ဒီကိစ္စက ထင်သလောက် ထိန်းချုပ်ဖို့ မလွယ်ဘူးဆိုတာ အမျိုးသားအတော်များများ သိကြပါတယ်။
နောက်တစ်ချက်က မပန်းထုတ်ရသေးခင် ထွက်တဲ့အရည်တွေထဲမှာလည်း သုက်ပိုးတွေ ပါဝင်နေတတ်တာမို့ ကိုယ်ဝန်ရသွားတာမျိုး ဖြစ်နိုင်ပါတယ်။လေ့လာမှုတွေအရ ဒီနည်းလမ်းကို အသုံးပြုတဲ့ အမျိုးသမီး ၂၂ % လောက်ဟာ တစ်နှစ်အတွင်းမှာပဲ ကိုယ်ဝန်ရသွားနိုင်တယ်လို့ သိရပါတယ်။
၃။ ပီပီပြင်ပြင် မချစ်ခင် နှုးကြနှပ်ကြ ကလူကြမြူကြတာတွေကတဆင့် ကိုယ်ဝန်ရသွားနိုင်လား
ထိတွေ့ပွတ်သပ်ရုံ နမ်းရှုတ်ရုံလောက်နဲ့တော့ ကိုယ်ဝန်မရတတ်ပါဘူး။ ဒါပေမဲ့ လိင်အင်္ဂါတွေ ပါဝင်လာရင်တော့ သတိကြီးကြီး ထားသင့်ပါတယ်။ အဝတ်အစားတွေ လက်တွေမှာ ပေနေတဲ့ သုက်ရည်ကတဆင့် သုက်ပိုးတွေ မရရအောင် လမ်းကြောင်းရှာပြီး သားအိမ်ထဲရောက်သွားရင်တော့ ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဖြစ်ဖို့ ခဲယဉ်းပေမဲ့ သတိထားစရာပါပဲ။
၄။ လိင်မဆက်ဆံခင် အမျိုးသားအနေနဲ့ တကိုယ်ရည်အာသာဖြေထားရင် ကလေးမရနိုင်ဘူးဆိုတာ ဟုတ်လား
သဘောက လိင်မဆက်ဆံခင်လေးမှာ အာသာဖြေလိုက်မယ်။ ဒီအခါ သုက်ရည်ထွက်တဲ့အထဲမှာ သုက်ပိုးတွေပါသွားတာမို့ တကယ်တမ်း လိင်ဆက်ဆံတဲ့အခါ ကိုယ်ဝန်ရစေလောက်တဲ့သုက်ပိုးပမာဏ မရှိနိုင်တော့ဘူးဆိုတဲ့ အယူအဆပါ။
ဒါဟာ မမှန်ပါဘူး။ တကိုယ်ရည်အာသာဖြေခြင်းဟာ သုက်ပိုးပမာဏကို မလျော့နည်းသွားစေပါဘူး။ ပြီးတော့ ကိုယ်ဝန်မရဖို့ဆိုရင် ဒီနည်းဟာ ဘာအကျိုးမှ မရှိပါဘူး။
၅။ ကွန်ဒုံး ၂ ခုသုံးတာဟာ ၁ ခုထဲ သုံးတာထက် ပိုစိတ်ချရသလား
ကွန်ဒုံး ၂ ခု တပြိုင်ထဲ သုံးတာဟာ ၁ ခုထဲ သုံးတာထက် ပိုပြီး အန္တရာယ် ကြီးပါတယ်။ နှစ်ခုသုံးတဲ့အတွက် ပွတ်တိုက်မှုပိုများလာပြီး တစ်ခုမဟုတ်တစ်ခု ဒါမှမဟုတ် နှစ်ခုလုံး ပေါက်ပြဲသွားနိုင်ချေ ပိုများပါတယ်။ ကွန်ဒုံးဟာ စနစ်တကျသုံးမှသာ အကျိုးရှိပါတယ်။ ဒါကြောင့် အတတ်ဆန်း မထွင်ချင်ကြပါနဲ့။
၆။ လိင်ဆက်ဆံပြီးပြီးချင်း ရေဆေးပစ်တာက ကိုယ်ဝန်မရအောင် ကာကွယ်နိုင်သလား
မကာကွယ်နိုင်ပါဘူး။ ရေဆေးပစ်ရုံနဲ့ အထဲဝင်သွားတဲ့ သုက်ပိုးတွေအကုန်လုံးပြောင်စင်အောင် မလုပ်နိုင်ပါဘူး။
နောက်တချက်က ဆရာဝန်တွေက ဒီလိုအတွင်းပိုင်းထိအောင် ရေတို့ ဆပ်ပြာတို့နဲ့ ဆေးပစ်တာမျိုးကို အားမပေးပါဘူး။ မိန်းမကိုယ်ရဲ့ ရှိသင့်ရှိထိုက်တဲ့ pH ပမာဏ အပြောင်းအလဲဖြစ်သွားရင် ရောဂါပိုးတွေ ဝင်လာနိုင်တာကြောင့်ပါ။
အားလုံးခြုံပြောရရင် အနောက်တံခါးကို အလည်သွားမယ်ဆိုရင်တော့ ကွန်ဒုံးဆောင်ပါ။ ကိုယ်ဝန်မရအောင် ကာကွယ်ချင်တယ်ဆိုရင်တော့ ပေါက်တက်ကရနည်းလမ်းတွေ သုံးဖို့ မကြိုးစားပါနဲ့။ လူထုကို အသုံးပြုဖို့ ချမှတ်ပေးထားတဲ့ စိတ်ချရတဲ့နည်းတွေကိုသာ သုံးပါ။ အိမ်ထောင်မရှိတဲ့သူတွေဆိုရင်တော့ ကွန်ဒုံးသုံးတာ အကောင်းဆုံးပါလို့ အကြံပေးလိုက်ရပါတယ်။
Dr. Banana