တစ်နေကုန် ထိုင်လိုက်ထလိုက်နှင့် ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး ပြန်လာသော အချိန်များနှင့် ရာသီဥတုအေးသဖြင့် တစ်နေကုန် ချမ်းချမ်းစီးစီးနေရသည့် အချိန်များတွင် ရေနွေးနွေးလေးဖြင့် ရေချိုးလိုက်လျှင် တစ်ကိုယ်လုံးရှိ အကြောအချဉ်များ ပြေလျော့သွားပြီး အညောင်းအညာများ သက်သာသွားနိုင်သည်ကို ရေနွေးဖြင့် ရေချိုးဖူးသူတိုင်း သတိထားမိကြသည်။ အထူးသဖြင့် ယခုအချိန်ကဲ့သို့ ရာသီဥတုအေးသောကာလများတွင် ရေနွေးဖြင့်ရေချိုးခြင်းဖြင့် အညောင်းအညာပြေနိုင်စေနိုင်ရုံသာမက အထွေထွေကျန်းမာရေး ပြဿနာများအတွက်လည်း များစွာအကျိုးဖြစ်ထွန်းစေနိုင်သည်။
သို့ရာတွင် ရေပူ၊ ရေနွေးဖြင့် ရေချိုးခြင်းဖြင့် ကျန်းမာရေးအတွက် ကောင်းကျိုးများရှိနိုင်သလို အချို့သောနောက်ဆက်တွဲ ပြဿနာများလည်း ရှိသဖြင့် မည်သူမဆို သိထားသင့်သော ရေနွေးဖြင့် ရေချိုးခြင်းနှင့်ဆိုင်သည့် ကျန်းမာရေးအချက်အလက်များကို ဖော်ပြပေးလိုက်သည်။
ရေနွေးဖြင့်ရေချိုးခြင်း၏ ကောင်းကျိုးများ
(၁) ကောင်းကောင်းအိပ်ပျော်စေသည်
စိတ်ဖိစီးမှုများတတ်သူများနှင့် ညဘက်တွင် ကောင်းကောင်း အိပ်မပျော်သူများအနေဖြင့် ညအိပ်ခါနီးချိန်များတွင် ရေနွေးနွေးဖြင့် ရေချိုးပေးခြင်းဖြင့် စိတ်ဖိစီးမှုများကို လျော့နည်းစေပြီး ညောင်းညာကိုက်ခဲခြင်းများ သက်သာစေကာ နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်သည်။
(၂) ကြွက်သားနာကျင်ကိုက်ခဲခြင်းများကို သက်သာစေသည်
ရေနွေးဖြင့် ရေချိုးခြင်းကြောင့် သွေးလည်ပတ်မှု ကောင်းမွန်စေပြီး ကိုယ်လက်လှုပ်ရှားမှုများခြင်းများကြောင့်ဖြစ်ရသည့် ကြွက်သား နာကျင်မှုများနှင့် သွေးလည်ပတ်မှုမကောင်းခြင်းကြောင့်ဖြစ်သောကြွက်သားနာကျင်ကိုက်ခဲမှုများကို သက်သာစေနိုင်သည်။
မကြာခဏ ကြွက်တက်ခြင်းဖြစ်လေ့ရှိသူများအနေဖြင့်လည်း ရေနွေးနွေးတွင် ဆားကြမ်း/ဆားခါး အနည်းငယ်ထည့်၍ ချိုးပေးခြင်းဖြင့် ကြွက်တက်ခြင်းမှ ကာကွယ်ပေးနိုင်သလို ကြွက်တက်ပြီးနောက်ပိုင်း ခံစားရတတ်သည့် နာကျင်ခြင်းများမှလည်း သက်သာစေနိုင်သည်။
(၃) သွေးတိုးကျစေနိုင်သည်
ရေနွေးဖြင့် ပုံမှန်ရေချိုးပေးခြင်းဖြင့် သွေးကြောများကို ကျယ်စေနိုင်ပြီး သွေးလည်ပတ်မှုကောင်းစေနိုင်သဖြင့် သွေးကြောထုံးခြင်းနှင့် သွေးကြောနံရံများ ထူလာခြင်းကို ကာကွယ်ပေးနိုင်သည်။ သွေးတိုးရောဂါရှိသူများ ညနေပိုင်းတွင် ရေနွေးဖြင့် ပုံမှန်ရေချိုးပေးခြင်းဖြင့် သွေးပေါင်ကျစေနိုင်ကာ သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ဖြစ်သည့် နှလုံးရောဂါနှင့် လေဖြတ်ခြင်းများကိုလည်း ကာကွယ်ပေးနိုင်သည်။
(၄) အဆီပိုများကို လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန် ကျစေသည်
သာမန်ရေနွေးဖြင့် ရေစိမ်/ရေချိုးသူများတွင် မသိသာလှသော်လည်း ချွေးထုတ်ခန်း များတွင် ရေနွေးငွေ့ဖြင့် အချိန်ကြာကြာ ချွေးထုတ်သူများတွင် ချွေးအလွန်ထွက်သဖြင့် လမ်းလျှောက်ခြင်း/လေ့ကျင့်ခန်းများ ပြုလုပ်သကဲ့သို့ အဆီပိုများ လောင်ကျွမ်းစေ နိုင်သည်။ သို့ရာတွင် ကိုယ်အလေးချိန် သိသိသာသာ ကျဆင်း ခြင်းမျိုး မဟုတ်သဖြင့် ဝိတ်ချလိုသူများတွင် သိသာစေနိုင်မည်မဟုတ်ပါ။
(၅) တုပ်ကွေးရောဂါလက္ခဏာများကို သက်သာစေနိုင်သည်
လတ်တလော တုပ်ကွေးရောဂါဖြစ်ပြီး အဖျားကျသွားချိန်များတွင် ရေနွေးနွေးဖြင့် ရေချိုးပေးခြင်းဖြင့် အသက်ရှူလမ်းကြောင်းတစ်လျှောက် အကျိအချွဲများကို ပျော်ဝင်စေနိုင်သဖြင့် နှာစေးခြင်း၊ နှာခေါင်းပိတ်ခြင်းနှင့် ချောင်းဆိုးခြင်းများကို သက်သာစေနိုင်သလို အဖျားကျပြီးနောက်ပိုင်း ကျန်နေခဲ့နိုင်သည့်လက္ခဏာများဖြစ်သည့် ကိုယ်လက် ကိုက်ခဲခြင်းများနှင့် အဆစ်အမြစ် ကိုက်ခဲခြင်းများကိုလည်း သက်သာစေနိုင်သည်။ ရေနွေးနွေးဖြင့် ပုံမှန်ရေချိုးခြင်းဖြင့် ကိုယ်ခံအားစနစ်ကို မျှတစေနိုင်သဖြင့် သာမန် ဖျားနာခြင်းများမှလည်း ကာကွယ်ပေးနိုင်သည်။ သို့ရာတွင် ဖျားနာနေချိန်များတွင်မူ အပူချိန်များသော ရေနွေးဖြင့် ချိုးမိလျှင် ကိုယ်ပူပို၍ ကြီးစေနိုင်သဖြင့် ကိုယ်ပူကျစေရန် ရေအေးဖြင့်သာ ရေချိုးပေးသင့်သည်။
(၆) ခေါင်းကိုက်ခြင်းကို သက်သာစေသည်
ခေါင်းကိုက်ခြင်းအများစုသည် သွေးလည်ပတ်မှုမကောင်းခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သည့်အတွက် ရေနွေးနွေးဖြင့်ရေချိုးပေးခြင်းဖြင့် သွေးလည်ပတ်မှု ကောင်းမွန်စေကာ ပြင်းထန်ခြင်းမရှိသော ခေါင်းကိုက်ခြင်း ပြဿနာများနှင့် ခေါင်းတစ်ခြမ်း ကိုက်ခြင်းဝေဒနာများကို သက်သာစေနိုင်သည်။
(၉) အရေပြားရောင်ရမ်းယားယံခြင်းများကို သက်သာစေသည်
ချွေးပေါက်များကို ကျယ်စေပြီး အညစ်အကြေးများကို သန့်စင်စေနိုင်သည့်အတွက် အညစ်အကြေးများကြောင့်ဖြစ်သည့် ခန္ဓာကိုယ်ယားယံခြင်းများကို သက်သာစေသည်။
ရေနွေးကန်အတွင်း အသားအရေအတွက် စီမံထားသော အဆီများဖြစ်သည့် သံလွင်ဆီ၊ လာဗန်ဒါဆီ၊ နှင်းဆီပန်းအဆီ စသည်တို့ထည့်၍ စိမ်ခြင်း၊ ချိုးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် အသားအရေ စိုပြည်စေပြီး အသားပပ်ခြင်း၊ ခြောက်သွေ့ခြင်း၊ ယားယံခြင်းနှင့် ရောင်ရမ်းခြင်း များကို သက်သာစေနိုင်သည်။
ရေနွေးကန်အတွင်း ပင်လယ်ဆား၊ ဆားခါး ထည့်၍ ချိုးပေးခြင်းဖြင့်လည်း အရေပြားမှိုရောဂါ၊ ဝဲရောဂါ စသည့် အရေပြားကူးစက်ရောဂါများမှ သက်သာစေနိုင်သလို ဖြစ်ပွားခြင်းမရှိအောင်လည်း ကာကွယ်ပေးနိုင်သည်။
ရေနွေးဖြင့် ရေချိုးခြင်း၏ ဆိုးကျိုးများ
အကောင်းအဆိုး အမြဲဒွန်တွဲလေ့ရှိသည့်ထုံးစံအတိုင်း ရေပူ၊ ရေနွေးဖြင့် မချိုးသင့်သည့် အခြေအနေများနှင့် ရေနွေးဖြင့်ချိုးခြင်းကြောင့် ဖြစ်စေတတ်သည့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများလည်း ရှိသည်။
(၁) အသားအရေခြောက်သွေ့နိုင်ခြင်း
အထူးသဖြင့် ပူလွန်းသော ရေဖြင့်၊ စိမ်ခြင်း၊ ချိုးခြင်း ပြုလုပ်သူများတွင် နေလောင်ခြင်း ဖြစ်ပွားသူများကဲ့သို့ အရေပြား ပူခြင်း၊ ရောင်ခြင်းနှင့် အသားအရေ ခြောက်သွေ့ခြင်းများ ဖြစ်ပွားနိုင်သည်။ သို့ဖြစ်၍ ရေနွေးအတွင်း အသားအရေအတွက် စီမံထားသော အဆီတစ်မျိုးမျိုးထည့်၍ ချိုးပေးခြင်းနှင် ရေပူစမ်းစိမ်ပြီးချိန်/ရေနွေးပူပူဖြင့် ရေစိမ်/ရေချိုးပြီးချိန်များတွင်လည်း အသားအရေ အစိုဓာတ်ကို ထိန်းပေးသည့် ကရင်မ်များ (သို့) သခွားသီး၊ ရှားဇောင်းလက်ပက်စသည့် သဘာဝပစ္စည်းများဖြင့် ပွတ်လိမ်းပေးဖြင့် အသားအရေခြောက်သွေ့ခြင်းကို ကာကွယ်ထားသင့်သည်။ ရေပူ/ရေနွေးဖြင့် ပုံမှန်ရေချိုးလေ့ ရှိသူများအနေနှင့် အသားအရေခြောက်သွေ့ခြင်းမှ ကာကွယ်ရန်အတွက် ပူလွန်းသောရေမျိုးထက် ကြက်သီးနွေးထက် အနည်းငယ် ပိုသော အပူချိန်မျိုးဖြင့်သာ ရေချိုးပေးသင့်သည်။
(၂) လေးလံထိုင်းမှိုင်းသွားတတ်ခြင်း
ရေပူ/ရေနွေးဖြင့် အချိန်ကြာကြာ စိမ်/ချိုးတတ်သူများအနေနှင့် ရေချိုးပြီးစတွင် စိတ်ရောကိုယ်ပါ လေးလံထိုင်းမှိုင်းခြင်း ဖြစ်စေနိုင်သည်။ သို့ဖြစ်၍ ရေချိုးပြီး ချက်ချင်းအပြင်သွားခြင်း၊ အလုပ်လုပ်ခြင်းများကို မပြုလုပ်သေးဘဲ အနားယူသင့်ပြီး အရေးတကြီး အလုပ်လုပ်ရန် ရှိသူများနှင့် အနားယူရန် အချိန်မရှိသူများအနေနှင့် (အထူးသဖြင့် မနက်အစောပိုင်းအချိန်များတွင်) ရေပူ/ရေနွေးဖြင့် ရေချိုးခြင်းကို ရှောင်ကြဉ်သင့်ပြီး ရေအေးအေးဖြင့်သာ ရေချိုးပေးသင့်သည်။
(၃) အမျိုးသားများတွင် မျိုးပွားနှုန်းကျဆင်းနိုင်ခြင်း
ရေပူ/ရေနွေးဖြင့် စိမ်ချိုးတတ်သည့် အမျိုးသားများတွင် သုက်ပိုးပမာဏ ကျဆင်းနေနိုင်ပြီး မျိုးပွားနှုန်းကိုလည်း ကျဆင်းစေနိုင်သဖြင့် လတ်တလော ကလေးယူရန် ကြိုးစားနေသည့် အိမ်ထောင်သည် အမျိုးသားများအနေနှင့် ရေပူ၊ ရေနွေးဖြင့် အချိန်ကြာကြာ စိမ်၍ ချိုးခြင်းကို ရှောင်ကျဉ်ရန်လည်းလိုသည်။
မည်သို့ပင်ဖြစ်စေကာမူ ရေနွေးဖြင့် ရေချိုးခြင်းဖြင့် ရေချိုးနေစဉ်တွင် အလွန်သက်သောင့်သက်သာရှိလှသလို အထွေထွေးကျန်းမာရေး အခြေအနေများ တွင်လည်း အထောက်အကူပြုသဖြင့် အချို့သော ရာသီဥတု ချမ်းအေးလှသည့် အရပ်ဒေသ များတွင် နေထိုင်ကြသူများ အနေနှင့် ရေနွေးအိုးကြီးကြီးတည်ပြီး ရေနွေးဖြင့် ရေချိုးခြင်း /စိမ်ခြင်း အလေ့အထများ ရှိတတ်ကြသလို အချို့သော လျှပ်စစ်မီး အလွယ်တကူရသည့် အိမ်များတွင် ရေနွေးဖြင့် ရေချိုးနိုင်သော စက်ကလေးများကို တပ်ဆင်လာကြသည်။
ရေနွေးဖြင့်ရေချိုးခြင်းသာမက ရေပူကန်အတွင်း စိမ်ခြင်း၊ ရေပူစမ်းတွင်စိမ်ခြင်း၊ ရေနွေးငွေ့ချွေးထုတ်ခန်းများတွင် ရေနွေးငွေ့ခံခြင်းများဖြင့်လည်း ရေနွေးဖြင့်ရေချိုးခြင်း နည်းတူ ကျန်းမာရေးအတွက် ကောင်းကျိုးများ ရရှိစေနိုင်သည်။ သို့ဖြစ်၍ ယခုကဲ့သို့ ချမ်းအေးလှသောရာသီဥတုတွင် ကျန်းမာရေးအတွက် သင့်တော်သည့် ရေနွေးဖြင့် ရေချိုးခြင်းကို မိမိတို့နှင့် အဆင်ပြေသည့်နည်းလမ်းများအတိုင်း ရွေးချယ်ဆောင်ရွက် ကြနိုင်ပါစေကြောင်း အကျိုး/အပြစ်များကို အကြံပြုတင်ပြအပ်ပါသည်။
Dr. Tint Tal