ဒေါက်တာရေချမ်းနှင့် ဆေးခန်းထဲက အသံများ (၁)
“ဆရာ…သမီးတစ်ခုလောက်မေးစရာလေးရှိလို့” ငုဝါအသံကြားတော့ ဒေါက်တာရေချမ်းနည်းနည်းတော့ စိတ်ညစ်သွားတယ်။
သူ့ယောက်ျား ‘ကိုအေး’လည်း ခေါင်းကုတ်နေပြီ။
“ဟဲ့ မိန်းမရယ် နင့်တစ်ခုလောက်က ဒါနဲ့ဆို ငါးခုမြောက်လားရှိနေပြီ မပြီးနိုင်သေးဘူးလား ဆရာ့လည်း အားနာပါဦး”
“ရပါတယ် ကိုအေးရာ မေးပါစေ.. ဒီလိုပါပဲ သားဦးအရူးဆိုတာ မှန်တယ်ဗျ ..ကျွန်တော့်မိန်းမတုန်းကလည်း ဒီလိုပါပဲဗျာ..
ကလေးအတွက် သူတို့မှာ စိတ်ပူစရာကုန်တယ်လို့ကိုမရှိတာ.ကဲ ဘာထပ်သိချင်သေးတာတုန်း သမီး”
“ဟိ..ကျေးဇူးဆရာ.. သမီးဘာသီးစားလို့ရလဲဆရာ အသီးတွေစားချင်တာ ကလေးနဲ့ မတည့်မှာစိုးလို့”
“မီးသီးနဲ့ လက်သီးကလွဲရင် ကျန်တာစားလို့ရတယ်ဗျာ.. စားသာစား..”
“အာ…ဆရာကလည်း…”
မငုဝါဗိုက်ကလေးကော့ကော့ကို လက်နဲ့ကိုင်ထားရင်း မျက်လုံးတွေပိတ်အောင် ရယ်တယ်။
ရယ်လို့ဗိုက်လှုပ်ရင် ဗိုက်ထဲကကလေး လန့်နိုးမှာစိုးတယ်ထင်ရဲ့။
ရယ်ပါစေ။
ဒီဗိုက်ကြီးသည်လေးတွေရဲ့ ပျော်ရွှင်လန်းဆန်းမှုက ဗိုက်ထဲက ပိစိကောင်လေးအတွက် ခွန်အားတစ်ရပ်ပဲ မဟုတ်လား။
“ကျွန်တော် ပြောပါတယ် စားလို့ရပါတယ်ဆိုတာကို..သူကိုက မလိုအပ်ဘဲ အရမ်းစိတ်ပူနေတာ ဆရာ..ကျွန်တော်ဝယ်လာလာပေးပါတယ်…
သူကိုက ဘာစားစား ကလေးနဲ့ တည့်ပါ့မလား… ချဉ်လို့ ကလေးအထဲမှာသွားကျိန်းနေရင်ဘယ်လိုလုပ်မလဲနဲ့” ကိုအေးတစ်ယောက်သူ့မူပိုင် အပြုံးလေးနဲ့ ခေါင်းထပ်ကုတ်ရင်း ဝင်ပြောရှာတယ်။
“မငုဝါ.. ကလေးက ဗိုက်ထဲမှာ သွားမပေါက်သေးဘူးလေ..ပေါက်ကရတွေတော့ စိတ်မပူနဲ့လေဗျာ
မလိုအပ်ဘဲ စိတ်ဖိစီးမှုများလွန်းတာကမှ ကလေးအတွက် တကယ်ထိခိုက်စေတာဗျ
စားပါ..အသီးအနှံတွေက ကိုယ်ဝန်ဆောင်တွေနဲ့ တည့်ရုံတင်မကဘူး ကောင်းကျိုးတွေအများကြီးပေးပါတယ် စားပါဗျာ”
“ဟုတ်ကဲ့..ဆရာ..ဘာတွေကောင်းလို့လဲ” သွားဖြဲလေးနဲ့ ရယ်ပြရင်း ခြောက်ခုမြောက်မေးခွန်းကို မသိမသာ ထပ်မေးတယ်။
သူ့အပြုံးကိုမြင်တော့ ဒေါက်တာရေချမ်းတစ်ယောက် မဆီမဆိုင် “ကိုကျော်ကွန့်ရယ် ဒီကလေးက ကျွန်မနဲ့ရတဲ့ကလေးမှဟုတ်ရဲ့လား”ဆိုတဲ့ ဆရာမင်းလူရဲ့ “လှထုံ”ကို သတိရသွားစေတယ်။
ငုဝါတစ်ယောက်ကိုယ်ဝန်စရှိကတည်းက ဆေးခန်းမကြာခဏ ရောက်ရောက်လာတတ်တယ်။ ဘာမှအထွေအထူးဖြစ်လို့တော့မဟုတ်။
သိချင်တာတွေ စိတ်ပူတာတွေများလွန်းလို့ ဒေါက်တာရေချမ်းကို ခေါင်းလာလာစားတာ။
တစ်ခါလာတစ်မျိုးမကတဲ့ ပြဿနာတွေနဲ့ ရိုးတယ်ရယ်လို့မရှိ။
ကိုယ်ဝန်ဆောင်တွေဆိုတာ တကယ်တော့လည်း သနားစရာ။
ကိုယ်ဝန်ရှိမှန်းစသိတဲ့ နေ့ကတည်းက တစ်နေ့တစ်မျိုး ဝေဒနာအသစ်အသစ်တွေ ရောက်ရောက်လာကြတာ ပိစိလေးမွေးပြီးတဲ့အထိ ပြီးသေးတာမဟုတ်။
ဗိုက်ထဲက ဒီပိစိလေးကို ချစ်စိတ်ကြောင့်သာ ခံနိုင်ရည်ဆိုတာကို မွေးယူရတာကိုး။
“ကဲ သေချာနားထောင် ကျွန်တော်ပြောပြမယ်..
အသီးတွေထဲမှာ ဘာတွေပါလဲသိလား ငုဝါ”
“အစေ့တွေပါတယ်လေ ဆရာ”
ဒေါက်တာရေချမ်း ငိုချင်သွားတယ်။
သူလျှာရှည်ပြီး တီထွင်လိုက်တဲ့ interactive health education method က အစမှာတင် ဆုံးသွားတာကိုး။
“မဟုတ်ဘူးလေ အာဟာရဓာတ်တွေကိုပြောတာ သမီးရဲ့နေပါစေတော့ ..ဆရာပဲပြောပြလိုက်တော့မယ်”
“ငုဝါရယ်..နင်ကတော့လေ…ကျွန်တော်သိသလောက်တော့ ဗိုက်တာမင်စီတွေဘာတွေပါတယ် ဟုတ်တယ်မလား ဆရာ”
“ဟုတ်တယ် ကိုအေးရဲ့..အဖြစ်များတဲ့ ကိုယ်ဝန်ဆောင်ပြဿနာတွေကို သိတယ်မလား
အစာမစားချင်တာတို့
ဝမ်းချုပ်တာတို့
အာရုံကြောအားနည်းတာတို့
ကိုယ်ခံအားနည်းတဲ့ အတွက် ဖျားလွယ်တာတို့ ဒါမျိုးတွေ ပေ့ါ.”
ငုဝါ စိတ်ဝင်တစားနားထောင်နေတယ်..။
သူ့ယောက်ျား ကိုအေးကတော့ ယောင်လည်လည် ဟိုကုတ်သလိုလို ဒီကုတ်သလိုလိုနဲ့ အပြင်ထွက်သွားတာတွေ့တော့ ငုဝါ မျက်စောင်းလှမ်းထိုးတယ်။
ဒီလိုအချိန်မျိုးမှာ ဂရုစိုက်တာ ပိုခံချင်တာ မိန်းမသဘာဝပဲလေ။
“အသီးအနှံတွေမှာ အဓိကအားဖြင့် အမျှင်ဓာတ်တွေ အများကြီးပါတဲ့အတွက် ကိုယ်ဝန်ဆောင်တွေမှာ ဝမ်းချုပ်တဲ့ ပြဿနာကို တော်တော်လေးပြေလည်စေတယ် သမီးရဲ့
နောက်တစ်ခုက သမီးကို ကိုယ်ဝန်စရှိကတည်းက သောက်ခိုင်းထားတဲ့ ဖောလစ်အက်စစ် ဆိုတာ..အဲ့ဒီ ဖောလိတ် ဓာတ်လည်း အသီးအနှံတွေမှာပါတယ်”
“ အဲ့ဒါချို့တဲ့ရင် ကလေးလေး ကျောကုန်းက အာရုံကြောအပေါက်ကြီးဖြစ်မယ်ဆိုတဲ့ဟာလား ဆရာပြောဖူးတာ”
“ဟားဟား..ဟုတ်တယ်သမီး Neural Tube Defect လို့ခေါ်တာပေါ့….ဒီတစ်ခါတော့ တော်သွားပြီငုဝါ”
ငုဝါချီးကြူးခံရတော့ သွားဖွေးဖွေးလေးတွေ ပြန်ပေါ်လာတယ်။
“ ပြီးတော့ ဗိုက်တာမင်စီ ပမာဏတော်တော်များများပါတဲ့အတွက် ကိုယ်ခံအားပိုတက်စေတယ်။
ချဉ်တဲ့ အသီးအနှံတွေစားတော့ ဝမ်းလည်းပိုမှန်စေတယ်..ခံတွင်းလည်း ပိုလိုက်စေတာပေါ့ သမီးရဲ့..စားသာစားပါ
ပြီးတော့ ကယ်လိုရီနည်းနည်းပဲပါတော့ ကျန်းမာရေးနဲ့ ပိုညီညွတ်တယ် ကလေးလေးမွေးပြီးနောက်ပိုင်းမှာလည်း အမြဲစားလို့ရတယ် တခြားအကျိုးရှိတဲ့ ဗိုက်တာမင်တွေ သတ္ထုဓာတ်တွလည်း အများကြီးပါတာကိုး သမီးရဲ့”
“ဟုတ်ဆရာ…ဘာသီးတွေ စားရမလဲ”
“ဒါတွေစားလို့ရတယ်မလား ဆရာ”
ငုဝါမေးသံနဲ့အတူ အခန်းအဝမှာ ပြန်ပေါ်တော်မူလာတဲ့ ကိုအေးရဲ့ အသံပါပြိုင်တူထွက်လာတယ်။
ကြည့်လိုက်တော့ လက်ထဲမှာ ပန်းသီး စပျစ်သီး ထောပတ်သီး ငှက်ပျောသီး အသီးအစုံအလင် ပါတဲ့ အထုပ်ကြီးပိုက်လို့ ။
ဟာ..ကိုအေးတို့က အပြောမဟုတ်လက်တွေ့ကျကျချစ်တာပါလား..။
“စား..သမီးရေ…သူဝယ်လာတာ အကုန်စားလို့ရတယ်…ခုနကပြောသလိုပဲ..လက်သီးနဲ့ မီးသီးကလွဲရင် ကြိုက်တာစား.. အခွံလေးတော့ခွာစား..တစ်ခုပဲသတိထားရမှာ..ယောက်ျားအခွံခွာပြီး ခွံ့ကျွေးတာလေးတော့ ဖြစ်ပါစေပေါ့ကွာ”
“ဟီးဟီး..ဟုတ်ဆရာ ကျွန်မယောက်ျားက ဒီတစ်ခုတော့ မှာစရာမလိုဘူးဆရာရဲ့..
ပြန်ပြီနော် ဆရာ..နောက်သိချင်တာရှိရင်လည်း လာမေးမယ်နော်”
ကိုအေးတို့လင်မယားပြန်သွားတယ်။
စားပွဲပေါ်မှာတော့ ဆရာစားဖို့ဆိုပြီး ကိုအေးထားသွားတဲ့ ပန်းသီးလေးတွေက စားချင်စရာ ရဲရဲနီလို့..။
အာဒံနဲ့ဧဝ မလွန်ဆန်နိုင်ခဲ့တဲ့ ပန်းသီးတစ်လုံးအကြောင်းကိုတောင် ဆက်တွေးမိသွားစေရဲ့…။
Dr ဖြိုးဝေလင်း
(20.1.20)