‘သွား’ ဆိုတာ ဘဝကပေးတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ်ခုဆိုရင် ‘သွားကျဉ်ခြင်း’ ဆိုတာကိုတော့ ဒီလက်ဆောင်ကို တန်ဖိုးမထားမိလို့ကျရောက်လာတဲ့ သိပ်ဆိုးတဲ့ ကျိန်စာတစ်ခုလို့ ပြောရင်မမှားပါဘူး။
သွားပြဿနာတွေအားလုံးမှာ အဖြစ်အများဆုံးနဲ့ ဒုက္ခအပေးဆုံး ပြဿနာကောင်အဖြစ်ရှေ့ဆုံးက အလံကိုင်ချီတက်နေသူလို့လည်း ပြောလို့ရပါတယ်။
သွားကျဉ်တယ်ဆိုတာဘာလဲ ??
သွားကျဉ်တယ်ဆိုတာ သွားတွေမှာ ရုတ်တရက် စူးကနဲ ကျဉ်ခနဲ ဖြစ်သွားတဲ့ တိုတောင်းတဲ့ခံစားမှုတစ်ခုဖြစ်ပါတယ်။
အချိန်အားဖြင့်တိုတောင်းတယ်ဆိုပေမဲ့ ခံစားရသူအတွက်တော့ သိပ်ဆိုးပါတယ်။
ပြန်မတွေးရဲစရာ အိပ်မက်ဆိုးတစ်ခုလိုပါပဲ။
ဘယ်အချိန်မှာ သွားကျဉ်တတ်လဲ ??
သွားရဲ့အတွင်းပိုင်းက သွေးကြောတွေ အာရုံကြောတွေရှိတဲ့ အလွှာကို အကာအကွယ်ပေးထားတဲ့ အပေါ်လွှာလေးတွေ ယိုယွင်းလာတဲ့အခါမှာ အပူအအေး၊ အချို အချဉ် စတဲ့ အရသာထူးခြားမှုတစ်ခုခုနဲ့တွေ့တဲ့အခါမှာ သွားတစ်ချောင်းချောင်းကနေ ကျဉ်ခနဲ စူးခနဲ ဖြစ်သွားတတ်ပါတယ်။
အစားအသောက်တွေတင်မကဘဲ သွားကျန်းမာရေးအတွက် ကုသမှုတစ်ခုခုခံယူချိန်မျိုးမှာလည်း ကျဉ်သွားတတ်ပါတယ်။
ဒီထက်ပိုဆိုးတာကတော့ လေအေးအေး ရှူမိတဲ့အခါမျိုးမှာတောင် ဖြစ်နိုင်ပါတယ်။
အဆိုးဆုံးပြောရရင်တော့ သွားတိုက်ရင်း ထိမိတာနဲ့တောင် ကျဉ်နိုင်ပါတယ်။
အငွေ့ကြောင့်ရော အတွေ့ကြောင့်ရော ဘာကြောင့်မဆို သွားကျဉ်စေနိုင်တယ်လို့ပဲ ဆိုရပါမယ်။
သွားကျဉ်တာ ဘာလို့အရေးကြီးတာလဲ ??
သွားကျဉ်ခြင်းက သိပ်ဆိုးတဲ့ ခံစားချက်ပေးတာကြောင့်အပြင် ပိုအရေးကြီးတဲ့ အကြောင်းတွေရှိပါသေးတယ်။
သွားရဲ့အပေါ်ယံအလွှာတွေပျက်စီးလာတာကနေတစ်ဆင့် ပိုဆိုးလာရင် ရောဂါပိုးတွေဝင်လာတာ၊ သွားပိုးစားတာ၊ သွားဖုံးနဲ့ တခြားသွားရောဂါတွေလည်း ဆက်ဖြစ်လာနိုင်ပါတယ်။
ဒီတော့ သွားကျဉ်ခြင်းကို သွားရောဂါတွေရဲ့ ကနဦးတပ်လှန့်သံလို့လည်း ခေါ်လို့ရပါတယ်။
သွားကျဉ်လာရင် ဘာလုပ်မလဲ ??
သွားကျဉ်လာရင် ဘာလုပ်မလဲ ဆိုတာထက် သွားမကျဉ်အောင် ကာကွယ်ဖို့ သွားတွေကို တန်ဖိုးထားဂရုစိုက်ဖို့က နံပါတ်တစ်ဖြစ်ပါတယ်။
ရေရှည်စွဲမြဲကျင့်သုံးဖို့လိုတဲ့ အလေ့အကျင့်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
အစားအသောက်နဲ့ ပတ်သတ်ရင်
– သိပ်ပူတဲ့ သိပ်အေးတဲ့ အစားအသောက်တွေကိုရှောင်ပါ။
– အက်ဆစ်ပမာဏများတဲ့ ချဉ်တဲ့ အစားအသောက်တွေကို ရေ၊ ပေါင်မုန့်၊ ချိစ် စတဲ့ မချဉ်တဲ့ အစာတစ်ခုခုနဲ့တွဲစားပါ။
– အက်ဆစ်ဓာတ်က သွားအပေါ်လွှာတွေကို ပိုမိုပျက်စီးစေနိုင်တာမို့ တတ်နိုင်သမျှ အချဉ်လျှော့စားပါ။
– အချဉ်တစ်ခုခုစားသောက်ပြီး တစ်နာရီအတွင်း သွားမတိုက်ပါနဲ့။ သွားအပေါ်လွှာတွေပိုပျက်စီးစေတတ်ပါတယ်။
– ရေအေး၊ ဖျော်ရည်အေးတွေ သောက်ချိန်မှာ သွားတွေကို မထိအောင် ပိုက်ကလေးနဲ့ သောက်ပါ။
နေ့စဉ် လုပ်ဆောင်ရမဲ့အချက်တွေကတော့
– သွားတိုက်ပါ
တစ်နေ့နှစ်ကြိမ်..နှစ်မိနစ်ကြာအောင်တိုက်ပါ။
– သွားတိုက်တံရွေးချယ်မှုမှန်ကန်ပါစေ။
မာတဲ့၊ ကြမ်းတဲ့ သွားတိုက်တံတွေရှောင်ပါ။
အားနဲ့ တိုက်ဖို့ထက် သွားတိုက်ပုံတိုက်နည်း မှန်ကန်ဖို့ ပိုအရေးကြီးတာ သတိထားပါ။
– သွားတိုက်ဆေးရွေးချယ်မှုလည်း မှန်ကန်ပါစေ
သွားအပေါ်လွှာတွေကို ပြန်လည်ဖြည့်တင်းပေးပြီး အထိမခံနိုင်ဖြစ်နေတဲ့ သွားအတွင်းပိုင်းက အာရုံကြောလေးတွေကိုပါ ငြိမ်းချမ်း သက်သာသွားစေနိုင်တဲ့ Potassium Nitrate၊ Strontium Acetate သို့မဟုတ် Strontium Chloride ၊ Stannous Fuloride စတာတွေပါဝင်တဲ့ အမျိုးအစားတွေကို ရွေးချယ်ပါ။
ဒီလို သွားကျဉ်ခြင်းအတွက် အထူးပြုလုပ်ထားတဲ့ သွားတိုက်ဆေးတွေ နေ့စဉ်မှန်မှန်တိုက်ရင်း နဲ့လည်း သွားကျဉ်တာ သက်သာပျောက်ကင်းသွားတတ်ပါတယ်။
သိပ်ဆိုးဆိုးဝါးဝါး သွားကျဉ်နေရင်တော့ သွားဆရာဝန်တစ်ယောက်နဲ့ ပြသတိုင်ပင်ပါ။
ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။ သွားတွေကိုလည်း တန်ဖိုးထားပါ။
ကျန်းမာပျော်ရွှင်ကြပါစေ…
Dr ဖြိုးဝေလင်း