ကွမ်းကို ယာပြီး ဝါးတတ်တဲ့ ဓလေ့ကို မြန်မာနိုင်ငံ အပါအဝင် အရှေ့
တောင်အာရှနိုင်ငံများ ၊အိန္ဒိယနွယ်ဖွားတွေနဲ့ တောင်ပစိဖိတ်ကျွန်းဒေသ အချို့မှာ
တွေ့ရပါတယ် ။ဒီဓလေ့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀လောက်ကတည်းက အိန္ဒိယ
ဒေသကနေ ပြန့်ပွားပေါ်ပေါက်လာတာဖြစ်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ် ။
မြန်မာနိုင်ငံမှာလည်း ကွမ်းစားခြင်း ဓလေ့ဟာ ရှေးဘိုးဘေးဘီဘင် လက်ထက်
ကတည်းက အမြစ်တွယ်လာခဲ့တာ ယနေ့ထိတိုင်ပါ ။ဘယ်လောက်တောင် မြန်မာ
တွေ ကွမ်းကြိုက်ကြသလဲ ဆိုရင် မိမိ အိမ်ကို ဧည့်သည်လာလို့ဆေးရိုးနဲ့ ကွမ်းအစ်
မကမ်းရင် ဧည့်ဝတ်မကျေပြွန်ဘူးရယ်လို့ ရှေးလူကြီးတွေက ဆိုရိုးရှိကြတဲ့အထိပါ ။
ရှေးတုန်းကတော့ ကွမ်းရွက် ၊ကွမ်းသီး ၊ထုံးလောက်နဲ့သာ ယာပြီးစား
ရာက ယနေ့ခေတ်မှာတော့ ဗမာဆေးလို့ခေါ်တဲ့ ဆေးရွက်ကြီး ၊အိန္ဒိယကလာတဲ့
အာမွှေး ၊နိုင်တီးနိုင်း စတဲ့ ဆေးအမွှေးပေါင်းစုံ ထည့်စားလာကြပါတယ် ။ကွမ်းယာကို
အပျင်းပြေ ဝါးတဲ့သူက ဝါးတယ် ။ဆေးရွက်ကြီးအစွမ်းနဲ့ အိပ်မငိုက်အောင် လန်းနေ
အောင်ဆိုပြီး စားတဲ့သူတွေက စားတယ် ။ဆေးလိပ်ဖြတ်ချင်လို့ ကွမ်းယာပြောင်းစား
တဲ့သူတွေလည်း ရှိတယ် ။ပါးစပ်ချင်လို့ဆိုပြီး ခံတွင်းထဲ ငုံတတ်တဲ့သူလည်း ရှိတယ်။
ကြိုက်လို့ ဝါးနေတဲ့ကွမ်းယာ ၊တမြုံမြုံနဲ့ ငုံထားတဲ့ ကွမ်းယာဟာ
ကျန်းမာရေးကို ကောင်းကျိုးထက် ဆိုးကျိုးပေးတာ ပိုပါတယ် ။အပျင်းပြေ ဝါးရာက
နေ တဖြည်းဖြည်း ဖြတ်ဖို့ခက်တဲ့အထိ စွဲသွားတတ်တယ် ။ပထမဆုံး သွားတွေ
အရောင်ညစ်မယ် ။နီကျင့်ကျင့် ၊ဝါကျင့်ကျင့်ဖြစ်မယ် ။သွားတွေ ဝါးရလွန်းလို့ ကျိုး
တာ ၊ပဲ့တာ ၊မလှတာတွေ ဖြစ်မယ် ။သွားကြွေလွှာတွေပြုန်းတီးပြီး ကွမ်းချိုးတွေ ကပ်
မယ် ။သွားကျောက်တွေ တည်မယ် ။သွားဖုံးရောဂါ ၊မေးရိုးနာရောဂါတွေ ဖြစ်မယ် ။
ကွမ်းယာထဲ ထည့်စားတဲ့ ကွမ်းသီး ၊ဆေးရွက်ကြီးနဲ့ ဆေးအမွှေးအကြိုင်တွေမှာ
နိုက်ထရိုစမင်း ၊အယ်ကာလွိုက်နဲ့ ပိုလီနောဓာတ်တွေ အပါအဝင် ကင်ဆာဖြစ်စေတဲ့
ဒြပ်ပေါင်း အမျိုး ၃၀ လောက်ပါဝင်ပါတယ် ။ဒါ့အပြင် ထုံးဖြူဖြူလေးတွေကလည်း
ခံတွင်း အသားကိုလောင်စေပြီး ကင်ဆာဖြစ်စေတဲ့ ဒြပ်ပေါင်းတွေကို စိမ့်ဝင်အောင်
ကူညီအားပေးနေပြန်တယ် ။
ကင်ဆာမဖြစ်ခင် အဆင့်မှာ ခံတွင်းသားလေးတွေမှာ အဖြူကွက်တွေ
ဖြစ်လာပြီး မာလာတယ် ။ဆေးပညာအခေါ်အရတော့ Submucous fibrosis ရယ်
လို့ ခေါ်ပါတယ် ။ဒါ့အပြင် အဖြူအကွက်တွေကို လျှာဘေးသားတွေနဲ့ ပါးစောင်သား
တွေမှာ တွေ့ရတာလည်း ရှိတယ် ။ခံတွင်းကင်ဆာဖြစ်ရင် ရလဒ်က မကောင်းလှပါ
ဘူး ။ကင်ဆာဖြစ်ပွားပြီး နောက် ၅နှစ် အသက်ရှင်ဖို့ ရာခိုင်နှုန်းဟာ တစ်ဝက်တောင်
မပြည့်ပါဘူး ။ဒါ့အပြင် ခံတွင်းကင်ဆာဖြစ်လာရင်လည်း ဓာတ်ကင်ရတာ ၊လျှာလှီး
ထုတ်ရတာ ၊မေးရိုးတစ်ခုလုံးဖြတ်ထုတ်ရတာ စတဲ့ ကုသမှုတွေကြောင့် မစားနိုင် ၊
မသောက်နိုင် တပိန်ပိန်နဲ့ ကင်ဆာဝေဒနာကြောင့် နာကျင်မှုကိုလည်း မချိမဆန့်
ခံစားရပါတယ် ။သုတေသန အရ ကွမ်းပဲစားသူထက်စာရင် ကွမ်းစား-ဆေးလိပ်
သောက်သူတွေမှာ ခံတွင်းကင်ဆာဖြစ်ပွားနှုန်းသည် ၆ဆလောက်မြင့်တက်လာပြီး
ကွမ်းစား-ဆေးလိပ်သောက်-အရက်သောက်သူတွေမှာတော့ ၁၂၃ ဆတောင် ပိုပြီး
ဖြစ်ပွားနိုင်ခြေရှိပါတယ် ။
ဒါကြောင့် မိမိအတွက်လည်း ဘေးဖြစ်စေမယ့် အပြင် တပြွတ်ပြွတ်နဲ့
ထွေးတဲ့ ကွမ်းတံတွေးကြောင့် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတာကြောင့် ကွမ်းစား
ခြင်းကို သတိပြုကြပါစို့ ။
Author: ခေတ်သစ်ဇီဝက