မေမေတို့ဟာ မိသားစုရဲ့ စံပြအိမ်ရှင်မတွေပဲ ဖြစ်ပါတယ်။ မိသားစုတစ်စု ကျန်းမာပျော်ရွှင်စေဖို့ မေမေတို့ ပြင်ဆင်ချက်ပြုတ်တဲ့ အစားအသောက်တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်နေဖို့ အထူးလိုအပ်ပါတယ်။ ကလေးတွေရဲ့ စံပြမေမေဖြစ်ဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်မှုအလေ့အထကိုလည်း ထိန်းသိမ်းပျိုးထောင်ရမှာ ဖြစ်ပါတယ်။
ကလေးငယ်စဥ်ဘဝတည်းက ဒီလိုအလေ့အထတွေကို ရင်းနှီးသွားအောင် မေမေတို့အနေနဲ့ သတိထားလုပ်ဆောင်သွားမယ်ဆိုရင် ကလေးတွေနောက်ပိုင်းဘဝမှာ ကျန်းမာရေးနဲ့ညီညွတ်ပြီး မှန်ကန်တဲ့ စားသောက်မှုအလေ့အထတွေကို ပိုင်ဆိုင်သွားစေနိုင်မှာပါ။
ဒါကြောင့် စံပြမေမေတို့အတွက် စံပြမီးဖိုချောင်လေးတစ်ခုနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့
စားသောက်မှုအလေ့အထတွေကို သိရှိနိုင်အောင် ရေးသားဖော်ပြပေးလိုက်ပါတယ်။
၁။ မီးဖိုချောင်ကို သန့်သန့်ရှင်းရှင်းထားပါ
အစားအသောက် ပြင်ဆင်ချက်ပြုတ်တဲ့ မီးဖိုချောင်ကို နေ့တိုင်း သန့်သန့်ရှင်းရှင်းထားဖို့ လိုအပ်ပါတယ်။ ပန်းကန်စင် ဒါမှမဟုတ် ကြောင်အိမ်ကိုသန့်ရှင်းအောင် ထားသင့်ပါတယ်။ နောက်ပြီး မီးဖိုချောင်ထဲမှာ အဖုံးပါတဲ့အမှိုက်ပုံးကိုလည်း ထားသင့်ပါတယ်။ ဟင်းချက်ပစ္စည်းတွေကလွဲပြီး မလိုအပ်တာတွေကို မထားသင့်ပါဘူး။
ထမင်းဟင်း ပြင်ဆင်ချက်ပြုတ်ပြီးတိုင်း အစားအသောက်အကြွင်းအကျန်တွေကိုလည်း သန့်ရှင်းရေးလုပ်သင့်ပြီး မီးဖိုချောင်ထဲကို ပိုးမွှားတွေ၊ ကြွက်တွေ မဝင်လာအောင်လည်း ထိန်းသိမ်းသင့်ပါတယ်။ ဟောင်းနွမ်းနေတဲ့ ပန်းကန်ခွက်ယောက်တွေကိုလည်း အသစ်လဲလှယ်ဝယ်ယူဖို့ မမေ့သင့်ပါဘူး။ ပန်းကန်ခွက်ယောက်တွေ ဆေးကြောတဲ့ ဘေစင်ကို စားကြွင်းစားကျန်တွေမရှိအောင် ဆပ်ပြာဆီနဲ့ ပုံမှန်သန့်ရှင်းရေး လုပ်ပေးဖို့ကလည်း အရေးအကြီးဆုံးဖြစ်ပါတယ်။
မိသားစုဝင်တွေ နေ့တိုင်းစားသောက်ရမယ့် အစားအသောက်တွေကို ပြင်ဆင်ချက်ပြုတ်တဲ့နေရာဖြစ်တဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်စေဖို့ မီးဖိုချောင်ကို သန့်ရှင်းအောင်ထားရမှာက မေမေတို့ တာဝန်ပဲ ဖြစ်ပါတယ်။
၂။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကိုပဲ ဝယ်ယူသိမ်းဆည်းပါ
စံပြမီးဖိုချောင်ဖြစ်ဖို့ ပြင်ဆင်ချက်ပြုတ်တဲ့အစားအသောက်တွေကလည်း ကျန်းမာရေးနဲ့ညီညွတ်ပြီး လတ်ဆတ်နေသင့်ပါတယ်။ အစားအသောက်သိမ်းဆည်းတဲ့နေရာတွေက သန့်ရှင်းဖို့ လိုအပ်ပါတယ်။ ဒါ့ပြင် အိမ်မှာ သိမ်းဆည်းသိုလှောင်ထားမယ့် အစားအသောက်တွေကို မေမေတို့ကပဲ သင့်တော်သလို စီစဥ်ထားသင့်ပါတယ်။ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို အပတ်စဥ် ဝယ်ယူပါ။ အသား၊ ငါးတွေကိုတော့ နေ့စဥ် ဝယ်ယူသင့်ပြီး အချိန်အကြာကြီး မသိမ်းထားသင့်ပါဘူး။ အသား၊ ငါးအမျိုးမျိုးဝယ်တဲ့အခါမှာလည်း အဆီမပါတဲ့ အသားကိုပဲ ရွေးချယ်ပြီး ဝယ်ယူသင့်ပါတယ်။
ကလေးတွေ ဗိုက်ဆာတဲ့အခါ မုန့်စားဖို့ ရေခဲသေတ္တာနဲ့ ကြောင်အိမ်ထဲကိုလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ မုန့်ပဲသွားရည်စာတွေ ဝယ်ထည့်ထားနိုင်ပါတယ်။ အသင့်စား Ready-made အစားအသောက်တွေ၊ အဆီကြော်စာတွေနဲ့ အသင့်သောက်အချိုရည်ဘူးတွေကို တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။ မိသားစုနဲ့ကိုက်ညီပြီး ကလေးတွေသဘောကျတဲ့ အစားအသောက်အမျိုးအစားကို မေမေတို့စိတ်တိုင်းကျ ဝယ်ယူနိုင်ပါတယ်။ အရေးကြီးတာက သန့်သန့်ရှင်းရှင်း သိမ်းဆည်းထားရမှာပဲ ဖြစ်ပါတယ်။
၃။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းချက်မှုအလေ့အထကို ထိန်းသိမ်းပါ
အစားအသောက်တွေ ပြင်ဆင်ချက်ပြုတ်တဲ့အခါမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဟင်းချက်မှုအလေ့အထတွေနဲ့အညီ လိုက်နာပြီး ချက်ပြုတ်သင့်ပါတယ်။ အစားအသောက်မပြင်ဆင် မချက်ပြုတ်ခင် မေမေတို့အနေနဲ့ လက်ကို ဆပ်ပြာနဲ့ သန့်စင်အောင် ဆေးကြောရပါမယ်။ ဟင်းချက်ပန်းကန်ခွက်ယောက်တွေကို သန့်စင်အောင် ဆေးကြောထားရပါမယ်။ ဟင်းခတ်အမွှေးအကြိုင်သုံးတဲ့အခါမှာ ဆားအလွန်အကျွံသုံးတာ၊ ဆီအလွန်အကျွံသုံးတာ၊ အချိုမှုန့်အသုံးပြုတာကို တတ်နိုင်သလောက် လျှော့ချသင့်ပါတယ်။ ဆီအသုံးပြုတဲ့အခါမှာ ဟင်းသီးဟင်းရွက်ဆီ (ဥပမာ နေကြာဆီ၊ မြေပဲဆီ၊ ပဲပိစပ်ဆီ) စတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီအမျိုးအစားကို အသုံးပြုသင့်ပြီး ကြော်ပြီးသားဆီကို ခဏခဏပြန်ကြော်တာမျိုးကို ရှောင်ကြဥ်သင့်ပါတယ်။
ထမင်း၊ ဟင်းချက်ပြုတ်တဲ့အခါမှာ အစားအသောက်ကရရှိနိုင်တဲ့ အာဟာရဓာတ်တွေ၊ ဗီတာမင်ဓာတ်တွေ လျော့နည်းမသွားရအောင် သင့်တော်သလို ချက်ပြုတ်သင့်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို အချိန်အကြာကြီးချက်ပြုတ်တာကို ရှောင်ကြဥ်ပါ။ အသား၊ ငါးတွေကိုတော့ ရောဂါကင်းဝေးစေဖို့ ကျက်အောင်ချက်ပြုတ်သင့်ပါတယ်။ ဟင်းသီးဟင်းရွက်ကို အစိမ်းစားမယ်ဆိုရင် ရေနွေးပူပူနဲ့ဆေးကြောတာ၊ စိမ်ထားတာမျိုးလုပ်ပြီးမှ စားသင့်ပါတယ်။ စားလို့မကုန်တဲ့ဟင်းတွေကို ပြန်လည်သိမ်းဆည်းပြီး နောက်တစ်ခါ ထပ်စားတဲ့အခါမှာ ပူအောင်ပြန်နွှေးပြီးမှ စားသင့်ပါတယ်။ မိသားစုထမင်းဝိုင်းကိုလည်း သန့်ရှင်းအောင်ပြင်ဆင်ဖို့ အရေးကြီးပါတယ်။
၄။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုအလေ့အထတွေကို ကလေးတွေကို သင်ကြားပေးပါ
ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံကို ရရှိဖို့ မေမေတို့က ကလေးတွေကို သင်ကြားပျိုးထောင်ပေးရပါမယ်။ ကလေးတွေကို အစားအသောက်အသစ်တွေ စတင်ကျွေးမွေးတဲ့အခါမှာ မေမေတို့ကိုယ်တိုင်ကလည်း သူတို့မစားခင် အရင်စားပြသင့်ပါတယ်။ အတင်းအကြပ်မစားခိုင်းဘဲ ချော့ပြီး အကြိမ်ကြိမ်ကျွေးမွေးကြည့်ပါ။
ကလေးတင်မက မေမေတို့ကိုယ်တိုင်ကလည်း တီဗွီကြည့်ရင်း အစားစားတာ ဒါမှမဟုတ် အိပ်ခန်းထဲမှာ ထမင်းစားတာမျိုး မလုပ်သင့်ပါဘူး။ ထမင်းဝိုင်းမှာပဲ မိသားစုထမင်းဝိုင်းဖြစ်အောင် ကြိုးစားသင့်ပါတယ်။ ထမင်းစားနေချိန်မှာ ပြေးလွှားဆော့ကစားတာ၊ ဆူညံတာမျိုးမဖြစ်အောင်လည်း မေမေတို့က ထိန်းသိမ်းပေးရမှာပါ။ ကလေး ပြေးလွှားဆော့ကစားနေချိန်မှာ ထမင်းလိုက်ခွံ့တာထက် တစ်နေရာမှာ ထိုင်စေပြီးမှ ထမင်း၊ မုန့် ကျွေးပေးတာက ပိုသင့်တော်ပါတယ်။ ကလေးတွေ အစားစားရင် သေသေချာချာ ကြေကြေညက်ညက်ဝါးစားဖို့လည်း သတိပေးပါ။
ထမင်းဟင်းချက်ပြုတ်တဲ့အခါ ကလေးကြိုက်တဲ့ဟင်းကိုပဲ နေ့တိုင်းချက်ကျွေးတာမျိုး မလုပ်သင့်ဘဲ အာဟာရဓာတ်နဲ့ ဗီတာမင်ဓာတ်မျိုးစုံရရှိနိုင်အောင် ကလေးအတွက် မတူညီတဲ့အစားအသောက် အသစ်တွေကိုလည်း ပြင်ဆင်ချက်ပြုတ်သင့်ပါတယ်။
မိသားစုတစ်စုရဲ့ ကျန်းမာရေးဟာ မေမေတို့ရဲ့ မီးဖိုချောင်အပေါ်လည်း အများကြီး မူတည်ပါတယ်။ မေမေတို့ကိုယ်တိုင်ကလည်း ကလေးတွေအတွက် စံပြဖြစ်နေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုအလေ့အထတွေကိုလည်း ကိုယ်တိုင် မွေးမြူထိန်းသိမ်းသင့်ပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဖြစ်ဖို့ သန့်ရှင်းတဲ့မီးဖိုချောင်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်မှုအလေ့အထတွေ အထူးလိုအပ်ပါတယ်။ ဒါကြောင့် စံပြမေမေတို့အတွက် စံပြမီးဖိုချောင်လေးတစ်ခု ပိုင်ဆိုင်နိုင်အောင် လိုက်နာဆောင်ရွက်နိုင်မယ့် နည်းလမ်းလေးတွေကို ရေးသားဖော်ပြလိုက်ရပါတယ်။
Author: ဒေါက်တာကောင်း (ဆေး-၂)