နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုကို ကျန်းမာရေးအဆင့်အတန်းကြည့်ခြင်းအားဖြင့် သိသာမြင်သာ ရှိနိုင်ပါသည်။ ကျန်းမာရေးကိန်းဂဏန်းတွေထဲက တစ်နှစ်အောက် ကလေးသေဆုံးမှုနဲ့ မီးဖွားပြီး မိခင်သေဆုံးနှုန်းကို ကြည့်ခြင်း အားဖြင့် သိသာမြင်သာ ရှိနိုင်ပါတယ်။ ကျန်းမာရေးကိန်းဂဏန်းတွေထဲက တစ်နှစ်အောက် ကလေးသေဆုံးနှုန်းနဲ့ မီးဖွားပြီး မိခင်သေဆုံးနှုန်းကို ကြည့်ခြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ ကျန်းမာရေးအခင်းအကျင်းကို ယေဘုယျ မှတ်ချက် ပေးနိုင်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှု
ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ ၁၉၄၈ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှာ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) ကို ဖွဲ့စည်းပေးပြီး နိုင်ငံအသီးသီးနဲ့ လိုက်လျောညီထွေရှိမယ့် ကျန်းမာရေးဆောင်ရွက်ချက် များ ပြုလုပ်ခဲ့ကြတယ်။ ကျန်းမာခြင်းဆိုတာ လူတစ်ဦချင်း သို့မဟုတ် လူတိုင်းမှာ အနာရောဂါကင်းစင်ပြီး ကာယသုခ၊ စိတ္တသုခ၊ မိတ္တသုခတို့နဲ့ ပြည့်စုံပြီး ကျန်းမာရေးပြုစုစောင့်ရှောက်မှု အလွယ်တကူ ရယူနိုင်ခြင်းကို ခေါ်ဆိုတယ်။ ကမ္ဘာပေါ်၌ လူသားအားလုံးဟာ မိမိတို့နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေးအရ ဖွံ့ဖြိုးတဲ့ဘဝကို တည်ဆောက်နိုင်တဲ့ ကျန်းမာရေး အဆင့်အတန်းကိုရရှိစေဖို့ ဆောင်ရွက်ခဲ့ကြတယ်။ မြန်မာနိုင်ငံမှာလည်း ၁၉၇၈ခုနှစ်ကတည်းကစပြိး ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု (Primary health care) စတင်ခဲ့ပြီး လူထုကျန်းမာရေးစောင့်ရှောက်မှု စီမံချက်၊ ရောဂါ နှိမ်နင်းရေးစီမံချက်၊ ဆေးရုံလုပ်ငန်းစီမံချက်၊ ပတ်ဝန်းကျင် ကျန်းမာရေးစီမံချက်၊ ကျန်းမာရေးစနစ် ဖွံ့ဖြိုးမှု စီမံချက်၊ စီမံခန့်ခွဲမှု စီမံချက်ဆိုပြီး ၆ရက်ပါဝင်ကာ ဆောင်ရွက်မှု လွယ်ကူစေဖို့ စီမံချက် ၅၀ခွဲကာ ဆောင်ရွက်တာ တွေ့ရတယ်။ စီမံချက်များ အကောင်အထည်ဖော်ရေးမှာ အခြေခံကျန်းမာရေးစောင့်ရှောက်မှုပဲ ဖြစ်တယ်။ အဖွဲ့အစည်း အသီးသီးရဲ့ ပံ့ပိုးမှု၊ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှု၊ ကျန်းမာရေးဝန်ထမ်းများရဲ့ ကြိုးပမ်းမှုက အောင်မြင်မှုများ ရစေဖို့ ဖြစ်တယ်။
ကမ္ဘာပေါ်မှာ ကမ္ဘာ့ရွာလို့ဆိုရလောက်အောင် ပြုပြင်ပြောင်းလဲနေတယ်။ ကမ္ဘာ့တစ်နေရာက ဖြစ်ပျက်မှုကို တစ်စက္ကန့်မဆိုင်း အခြားတစ်နေရာကနေသိနိုင်ကြတယ်။ ပြုပြင်ပြောင်းလဲမှုစနစ်မှာ ကောင်းကျိုးနဲ့ဆိုးကျိုး ဒွန်တွဲနေပါတယ်။
(၁) ခေတ်မီတိုးတက်ပြောင်းလဲမှုက ဖခင်တစ်ဦးရဲ့ဝင်ငွေနဲ့ မရပ်တည်နိုင်ဘဲ၊ မိခင်ပါအလုပ်ထဲဝင်ပါလာရလို့ သမီးသားတို့ရဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှု လျော့နည်းလာရတယ်။
(၂) ကျေးလက်မှ မြို့ပြ၊ မြို့ပြမှနိုင်ငံကျော်ဖြတ် ရွှေ့ပြောင်းလုပ်သားအဖြစ် အစုလိုက်ပြောင်းရွှေ့လာကြတယ်။
(၃) ဖွံ့ဖြိုးဆဲနိုင်ငံများမှာ မြို့ပြဖွံ့ဖြိုးတိုးတက်မှုများ လျင်မြန်စွာဖြစ်ပေါ်ခြင်းက ကျန်းမာရေးစောင့်ရှောက်မှုကို ထိရောက်အောင်ပေးနိုင်စွမ်း မရှိခဲ့ဘူး။ ကျန်းမာရေးစာရင်းအင်း ကောက်ယူမှုအရ လူတို့သက်တမ်းပိုရှည်လာခြင်း၊ ကလေးသေနှုန်းကျဆင်းလာခြင်း တွေ့ရပေမယ့်၊ လူအများစုမှာ ကျန်းမာရေးအဆင့်အတန်း နိမ့်ကျနေသေးတယ်။
နိုင်ငံတစ်ခုတိုးတက်ဖွံ့ဖြိုးမှုကို မွေးစကလေး တစ်နှစ်အောက်သေဆုံးနှုန်း (Infant Mortality Rate) နှင့် မီးတွင်းမိခင်သေဆုံးနှုန်း (Maternal Mortality Rate) ကြည့်ခြင်းဖြင့် တိုင်းတာကြပါတယ်။ မြန်မာနိုင်ငံမှာ တစ်နှစ်အောက်ကလေးသေဆုံးနှုန်း ၁၉၉၅ ခုနှစ်က အရှင်မွေး ၁ ထောင်လျှင် ၈၄ ဦးရှိခဲ့ပြီး ကမ္ဘာ့ဘဏ်စာရင်းအရ ၂၀၁၄ ခုနှစ်တွင် ၁၁ ဦး(၁.၁ရာခိုင်နှုန်း)ရှိနေပြီး၊ ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများမှာ တစ်နှစ်အောက်ကလေး သေဆုံးနှုန်း အရှင်မွေး ၁ထောင်လျှင် ၂၀၀ဦး (၂၀ရာခိုင်နှုန်း) ရှိနေ၍ တော်သေးတယ်လို့ ဆိုရမယ်။ မွေးဖွားမိခင် သဆုံးနှုန်းမှာလည်း မြန်မာနိုင်ငံမှာ ၁၉၉၅ခုနှစ်မှာ ကလေး ၁၀၀၀ဦး အရှင်မွေးတိုင်း ၁၀၀ဦး၊ ၂၀၀၆ခုနှစ်မှာ ၉၅ဦး (၉.၅ ရာခိုင်နှုန်း) ရှိပြီး ထိုင်းနိုင်ငံမှာ၁၉၉၅ခုနှစ်တွင်ကလေး၁ထောင်ဦးအရှင်မွေးတိုင်း၁၆ဦး၊၂၀၀၆ခုနှစ်တွင် ၁၄ဦး (၁.၄ရာခိုင်နှုန်း) ရှိနေလို့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကိန်းဂဏန်းတွေက ထိုင်းထက်စာရင် နိမ့်ကျနေသေးတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ကျန်းမာရေးလုပ်ငန်းများ ပြန်လည်ဆန်းစစ်ကြပါတယ်။ ကျန်းမာရေး စိန်ခေါ် နေမှုများ အချက်ပေါင်းမြောက်မြားစွာရှိတဲ့အထဲမှာ အဓိက ၅ချက်ရှိရာ (၁)ဆင်းရဲခြင်း၊ (၂) ဆင်းရဲစွာနေထိုင်ခြင်း (၃)ပညာရေးချို့တဲ့ခြင်း (၄) စာမတတ်ခြင်း၊ (၅) ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ မရရှိခြင်း သို့မဟုတ် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မရနိုင်ခြင်းတို့ ဖြစ်တယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မှာ ယခင်အစိုးရလက်ထက် “စရိတ်မျှပေး ကျန်းမာရေး” စနစ်ကြောင့် ကျန်းမာရေးဝန်ဆောင်မှု(လူထုရဲ့ အိတ်ကပ်ထဲက မပါဝင်ဘဲ ကျန်းမာရေးစောင့်ရှောက်မှု) မှာ အဆင့် (၁၅၆) ရှိခဲ့ပြီး၊ နောက်ဆုံးအာဖရိကဆီယာလီယွန်နိုင်ငံသာရှိတော့ကြောင်း တွေ့ရှိခဲ့ရတယ်။ ၂၀၁၀ ပြည့်နှစ် သမ္မတဦးသိန်းစိန် လက်ထက်က စပြီး ကျန်းမာရေး ဝန်ဆောင်မှုများ တိုးတက်လာရာ ၂၀၁၅ ခုနှစ်ဆန်းကစလို့ “ပြည်သူလူထုရဲ့ အားကိုးအားထားရာ ပြည်သူ့ဆေးရုံကြီး” အဖြစ် ပြောင်းလဲလာသည်နှင့်အမျှ ပြည်သူတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု့ ကို ပိုမိုအလေးထား ကုသမှုများ ရှိလာခဲ့ပါတယ်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း လူနာရဲ့ အိတ်ကပ်ထဲက မပါဘဲ ပြုစုစောင့်ရှောက်မှု ပေးနိုင်ရမယ်လို့ ဆိုခဲ့သလို၊ လိုအပ်တဲ့ ဆေးဝါးများ၊ ဆေးပစ္စည်းကိရိယာများ၊ ဆေးရုံများ အဆင့်မြှင့် ဖွဲ့စည်းပေးခဲ့လို့ လူနာများရဲ့ အမှန်တကယ် ယုံကြည်ကိုးစားမှု ရယူနိုင်ခဲ့ပြီလည်း ဖြစ်တယ်။
ကျန်းမာရေး စီမံချက်များ အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ရာမှာ သက်ဆိုင်ရာ ဒေသန္တရအစိုးရအဖွဲ့၊ ပြည်သူလူထုမပါဘဲ မအောင်မြင်နိုင်သလို၊ ပြည်သူလူထုကလည်း မိမိတို့ကျန်းမာရေးအခြေအနေကို ကိုယ်တိုင် ဖော်ထုတ်ဖြေရှင်းနိုင်ရမှာလည်း ဖြစ်တယ်။ ပြည်သူလူထု ပါဝင်ခြင်းက ကျန်းမာရေးအမူအကျင့်၊ စိတ်ဓာတ်နှင့် အလေ့အထများ ပြုပြင်ပြောင်းလဲပေးနိုင်တယ်။ ပူးပေါင်းဆောင်ရွက်မှုအဆင့်ဆင့်မှာ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက လုပ်ဆောင်ဖို့ဖြစ်တယ်။ ပြဿနာဖြေရှင်းရာမှာလည်း ကျန်းမာရေးဝန်ထမ်းက ကျန်းမာရေးမြှင့်တင်ပေးခြင်း၊ ရောဂါ မဖြစ်အောင်ကာကွယ်ခြင်းနဲ့ ကုသရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာမှာ ပြည်သူလူထု ပူးပေါင်းပါဝင်မှု ရှိရေးပဲ ဖြစ်တယ်။
ကျန်းမာရေးဝန်ထမ်းများက မိမိတို့ရည်မှန်းချက် အောင်မြင်ဖု့ိ အခြေခံအဖွဲ့အသည်းများနဲ့ ပူးပေါင်းဆောင်ရွက် ဖို့ လိုအပ်သလို၊ အခြားအဖွဲ့အစည်းများကလည်း ကျန်းမာရေးအဖွဲ့ကို ရည်ရွယ်ချက် အောင်မြင်အောင် ပူးပေါင်း ဆောင်ရွက်ဖို့လိုတယ်။လုပ်ငန်းမစမီပူးပေါင်းပါဝင်ရမယ့်အဖွဲ့အစည်းကို ဖိတ်ခေါ်ပြီး ဆွေးနွေးရမယ်။ ဆောင်ရွက် ရမယ့် ကျန်းမာရေးလုပ်ငန်း အကျယ်အဝန်း၊ အတိမ်အနက်၊ အရေးပေါ်အခြေအနေပေါ်မူတည်ပြီး ပြည်သူလူထုအတွင်း အလွယ်တကူ ရနိုင်မယ့် အဖွဲ့အစည်းများကို ရှာဖွေဖော်ထုတ်ဖို့ လိုပါတယ်။
အပြန်အလှန်ရင်းနှီးမှု ရရှိဖို့ လုပ်ဆောင်ချက်များ သိရှိဖို့ လိုအပ်ပါတယ်။ စီမံကိန်းရှိဖို့ လိုအပ်သလို၊ စီမံ ခန့်ခွဲခြင်းမှာ အဖွဲ့ဝင်တစ်ဦးချင်း ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ၊ ဆောင်ရွက်မယ့်နည်းဗျူဟာများကို ပြန်လည် သုံးသပ်ခြင်း အဖွဲ့ဝင်အားလုံး ညှိနှိုင်းတိုင်ပင်ကာ လုပ်ငန်းစဉ်များ ကြပ်မတ်ကြည့်ရှု့ခြင်းနဲ့ လုပ်ငန်းစဉ်များ ကြပ်ပတ် ကြည့်ရှု့ခြင်းနဲ့ လုပ်ငန်းတစ်ခုလုံး အောင်မြင်မှုအခြေအနေ ပြန်လည်ဆန်းစစ်ခြင်းများ၊ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့ဝင်များ ချစ်ကြည်ရင်းနှီးမှုရစေဖို့ ဆက်သွယ်ရေးကောင်းမွန်စေဖို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ ရှေ့လုပ်ငန်းစဉ် များ ချမှတ်အကောင်အထည်ဖော်ခြင်းမှသည် ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ အောင်မြင်မှုရလဒ်အဖြစ် တွေ့မြင်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာ ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ ပြယုဂ်အဖြစ် ၁၉၇၀ ပြည့်နှစ်ကစလို့ ကျောက်ကြီးရောဂါ ပပျောက်ခဲ့ပြီး ကမ္ဘာပေါ်မှာ ၁၉၈၀ပြည့်နှစ်မှာ ပပျောက်ခဲ့တယ်။ ထို့အတူ ၁၉၉၆ခုနှစ်ကစလို့ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်း ဆောင်ရွက်ခဲ့လို့ ပိုလီယိုကင်းစင်နိုင်ငံ ၁၅၅နိုင်ငံမှာ ပါဝင်လာနိုင်ပြီဖြစ်တယ်။
မြန်မာနိုင်ငံရဲ့ ကျန်းမာရေးအခင်းအကျင်း က “စရိတ်မျှပေး ကျန်းမာရေး” စနစ်ရဲ့ ခေတ်တုန်းကလို မဟုတ် တော့ပါဘူး။ လူနာများပိုမို နွေးထွေးဆက်ဆံခြင်း၊ လူနာများမှ ပိုမိုအားထားရာ ပြည်သူ့ဆေးရုံကြီးအဖြစ် ဆက်လက် ချီတက်သွားနိုင်ရှု် စီမံချက်များ အောင်မြင်ဖို့ ရှိပါတော့မယ်။
Author: Dr. လွင်သန့်