ခေတ်ကာလတိုးတက်လာတာနဲ့အမျှ လက်ကိုင်ဖုန်းများ၊ တက်ဘလက်များ၊ ကွန်ပျူတာများ နဲ့ အခြားသော အီလက်ထရောနစ်ပစ္စည်းများသည် လူသားတို့ရဲ့ နေ့စဉ်ဘဝတွင် နေရာတစ်နေရာ ယူလာပြီးအချက်အလက်ရှာဖွေသည်ဖြစ်စေ၊ ဗီဒီယိုဂိမ်းကစားသည်ဖြစ်စေ၊ သင့်ဖုန်းကိုနှိုးစက်နာရီအဖြစ် အသုံးပြုသည်ဖြစ်စေ၊ အိပ်စက်ခြင်းကို သင်သိထားသည်ထက် ပို၍ အကျိုးသက်ရောက်မှု ရှိနေပါတယ်။
လေ့လာတွေ့ရှိချက်များအရ ကလေးများနှင့် ဆယ်ကျော်သက်လူငယ်များသည် လူကြီးများထက် ဖုန်းကပေးတဲ့ အအိပ်ခက်ခြင်း နဲ့ အခြားသောရောဂါအခြေအနေများ ခံစားနေကြရပါတယ်။ စစ်တမ်းများအရ လူငယ်များသည် ညအချိန်မှာ ဂိမ်းကစားခြင်း၊ ဖုန်းသုံးခြင်း၊ Facebook ကြည့်ခြင်း၊ စာပို့ခြင်း အစရှိတာတွေနဲ့ အိပ်ရာဝင်နောက်ကျကြပါတယ်။
အကြောင်းအရင်းတွေကတော့ –
၁။ ဟော်မုန်းကမောက်ကမ ဖြစ်ခြင်း
ဖန်သားပြင်ပေါ်မှ ထုတ်လွှတ်လိုက်တဲ့ Blue light ခေါ် အပြာရောင်အလင်းဟာ သင့်ရဲ့အိပ်စက်ခြင်း / နိုးထခြင်းဖြစ်စဉ်အတွက်တာဝန်ယူထိန်းချုပ်ပေးတဲ့ (Melatonin) မယ်လတိုနင်ဟော်မုန်း ထုတ်လုပ်မှုကိုကမောက်ကမ ဖြစ်စေပါတယ်။
၂။ အိပ်စက်ခြင်းကို ထိခိုက်ခြင်း
လုံလောက်သောအိပ်စက်မှုမရှိတဲ့အတွက်ကြောင့် နောက်တစ်နေ့တာ လုပ်ငန်းဆောင်တာတွေမှာ မျိုးစုံသောအဆင်မပြေမှုများနဲ့သံသရာ တဝဲလည်လည် ဖြစ်နေကြရပါတယ်။ နောက်ဆက်တွဲစိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ အမူအကျင့်ဆိုင်ရာ ပြဿနာများ၊ ဒေါသကြီးခြင်း၊ အာရုံလွင့်ခြင်း နဲ့ စိတ်ဓာတ်အတက်အကျမြန်ခြင်း အစရှိသော စိတ်ရောဂါလက္ခဏာများ ကြုံတွေ့ရနိုင်ပါတယ်။
၃။ ဓာတ်ရောင်ခြည်သင့်ခြင်း
လက်ကိုင်ဖုန်းတွေကနေ မျက်စိနဲ့ မမြင်ရတဲ့(Radiation) ဓာတ်ရောင်ခြည်များ ထုတ်လွှတ်ပါတယ်။ အနီးအနားမှာ ဖုန်းတစ်လုံးရှိရုံနဲ့ ဓါတ်ရောင်ခြည်ထိတွေ့မှု အနည်းနဲ့အများ ရှိတဲ့အတွက်ကြောင့် ဦးနှောက်လှိုင်းများ ပျက်ပြားခြင်း၊ အာရုံကြောများထိခိုက်ခြင်း၊ သွေးခုန်နှုန်း နဲ့ သွေးပေါင်အတက်အကျဖြစ်ခြင်းများအပေါ်မှာ သက်ရောက်မှုတွေရှိနေပါတယ်။
ဘယ်လိုကာကွယ်ကြမလဲ
အိပ်ချိန်မမှန်ခြင်း၊ အိပ်မပျော်ခြင်း၊ အအိပ်ခက်ခြင်း၊ မျက်စိကြောင်ခြင်း အစရှိတဲ့ ပြဿနာများမဖြစ်စေရန်
– မအိပ်ခင် အနည်းဆုံး မိနစ် ၃၀ မှ ၁ နာရီ အချိန်ကိုခွာထားပြီး အိပ်စက်ခြင်း (ဒါမှမဟုတ်)
– လက်ကိုင်ဖုန်းကို အဝေးဆုံးမှာထား၍ အိပ်စက်ခြင်း က အကောင်းဆုံးဖြစ်ပါတယ်။
အဆောင်ငှားနေရတယ်၊ အများနဲ့ တစ်ခန်းထဲ အတူနေရတယ်၊ နံနက်နှိုးစက် သို့မဟုတ် တစ်ရေးနှိုးအချိန်ထကြည့်ချင်တယ်ဆိုသူတွေ ဘယ်လိုအကြောင်းကြောင်းကြောင့်ဖုန်းကို ကိုယ်နဲ့မခွာဘဲ ထားချင်တယ်ဆိုတဲ့တွေ အတွက် Airplane mode (ခေါ် ) လေယာဉ်ပျံအသုံးစနစ်ထားပြီး အိပ်စက်နိုင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ဖုန်းကိုတတ်နိုင်သလောက် လျှော့သုံးပါ။ မိဘတွေအနေနဲ့လည်း ကလေးများဖုန်းသုံးခြင်းကို အချိန်ကန့်သတ်ပေးပါ။ ရောဂါအခြေအနေများ စိုးရိမ်ရတယ်ဆိုရင်အမြန်ဆုံး ဆရာဝန်နဲ့ ဆေးကုသမှုခံယူပါ။
အားလုံးကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းရင်း
Author : Dr. Wallace K