လေထိုး ၊ လေပွ ခြင်းဟာ ကျား၊ မ အရွယ် မရွေး အဖြစ်များတတ်ပါတယ်။ တစ်ခါတစ်ရံ ဗိုက်ထဲမှာကယ်ကာ လေတွေပွပြီး နေရခက်တဲ့ အခိုက်အတန့်များကို စာဖတ်သူတို့ ကြုံတွေ့ဖူးမှာပါ။ ဒါကြောင့် ဒီတစ်ခေါက်မှာ လေထိုး၊လေပွ ခြင်းရဲ့ အန္တရာယ်ကို ဖော်ပြပေးလိုက်ပါမယ်။ တကယ်တော့ လေထိုးလေပွ ခြင်း အများစုမှာ အလွန်အမင်းစိုးရိမ်စရာ ဘေးမရှိသော်လည်း အလွန်အမင်းရှည်ကြာသော လေထိုးခြင်းမှာမူ ရောဂါကြီးတစ်ခုခုရဲ့ ရှေ့ပြေးလက္ခဏာလည်း ဖြစ်နိုင်တာကြောင့် ဒီတပတ်တော့ Dr.Z အနေနဲ့ လေထိုး၊လေပွခြင်း အန္တရာယ် ဘာကြောင့်ဖြစ်ရသလဲ ဆိုတာကို အလေးပေးဖော်ပြပေးလိုက်ရပါတယ်။
အများအား ဖြင့်လေထိုးလေပွ ခြင်းဟာ အောက်ပါအကြောင်းအရာတွေကြောင့် အဖြစ်များရပါတယ်။
(၁) gas တွေ စုနေခြင်း
လေပွခြင်း ဆိုတဲ့ အတိုင်း အစာအိမ်နှင့် အူလမ်းကြောင်း တလျှောက် gas များပြည့်နေကာ လေတက်ခြင်း၊ လေထိုးခြင်း နှင့် မူးဝေပျို့လာခြင်းတို့ ဖြစ်တတ်ပါတယ်။ အဆိုပါ gas တွေကတော့ အချို့သော အစားအစာများ( ပန်းဂေါ်ဖီ၊ ဂေါ်ဖီစိမ်း နှင့် ဂေါ်ဖီထုပ် အစရှိသော အသီးအရွက်များ)၊ အစာအိမ်တွင် ရောဂါပိုးဝင်ခြင်း၊ Crohn’s disease လို့ခေါ်တဲ့ နာတာရှာအူလမ်းကြောင်းဆိုင်ရာရောဂါ နှင့် အစာမကြေခြင်းတို့ကြောင့် ထွက်တတ်ပါတယ်။ gas ကြောင့် လေပွ ခြင်းမှာ နာရီပိုင်း အကြာတွင် အလိုလိုသက်သာတတ်ပါတယ်။
(၂) အစာမကြေခြင်း
အစာမကြေခြင်းကြောင့် လည်းလေထိုးခြင်းကိုဖြစ်စေပါတယ်။ အစာမကြေခြင်းဟာ အများအားဖြင့် အစားအလွန်အကျူးစားခြင်းနှင့် အရက် အလွန်အမင်းသောက်ခြင်းတို့ကြောင့်ဖြစ်တတ်ပါတယ်။ သတိထားစရာကတော့ အစားများခြင်း၊ အရက်သောက်ခြင်းနှင့် အခြားသော အစာမကြေခြင်းကိုဖြစ်သော အကြောင်းအရာများကြောင့် မဟုတ်ပဲ မကြာခဏဆိုသလို အစာမကြေ၊ လေထိုးလေပွ ဖြစ်နေပါက အစာအိမ်အနာပေါက်ခြင်း ၊ အစာအိမ်ကင်ဆာ နှင့် အခြား သောရောဂါကြီးများကြောင့်ဖြစ်နိုင်သဖြင့် အထူးဂရုပြုရန်လိုအပ်ပါတယ််။
(၃) ပိုးဝင်ခြင်း
အစာအိမ်ပိုးဝင်ပါက gas ဖြစ်ပေါ်ခြင်းကိုဖြစ်စေသောကြောင့် လေထိုး၊လေပွခြင်းနှင့်အတူ ဝမ်းလျှောခြင်း၊ အန်ခြင်းနှင့် ပျို့ခြင်းတို့ကိုဖြစ်တတ်ပါတယ်။ အဆိုပါ လက္ခဏာများနဲ့ အတူ ဖျားခြင်း၊ အလွန်အမင်းအန်ခြင်း၊ သွေးဝမ်းသွားခြင်း တို့ ဖြစ်ပါက ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြသရန်လိုအပ်ပါတယ်။
(၄) အစာနှင့် မတည့်ခြင်း
အချို့သောသူများမှာ မိမိနှင့် မတည့်သော အစာများစားမိလျှင်လည်း လေပွတတ်ပါတယ်။ အများအားဖြင့် lactose tolerance လို့ ခေါ်တဲ့ နို့နှင့်မတည့်သူများ နှင့် gluten allergy ရှိသူများမှာ အဖြစ်များတာတွေ့ရပါတယ်။
(၅) gastroparesis လို့ခေါ်တယ့် အစာအိမ်လှုပ်ရှားမှုရောဂါ
Gastroparesis ဆိုတာကတော့ ပုံမှန်အစာချေစနစ်ကိုထိခိုက်စေသော ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ အစာအိမ်ရှိကြွက်သားများ၏ လှုပ်ရှားမှုကိုထိခိုက်စေသဖြင့် လေပွခြင်းနှင့်အတူ ဝမ်းချုပ်ခြင်း၊ အစာစားပြီးပြီးခြင်း ဗိုက်အလွန်ပြည့်လာခြင်း၊ အစာစားချင်စိတ်နည်းလာခြင်း နှင့်အတူ ပျို့ခြင်း၊ အန်ခြင်းတို့ပါဖြစ်တတ်ပါတယ်။
(၆)ဝမ်းချုပ်ခြင်း
ဝမ်းချုပ်ခြင်းကြောင့်လည်း လေထိုး၊ လေပွ ခြင်း ကိုဖြစ်ပေါ် စေနိုင်သဖြင့် ဝမ်းမချုပ်စေရန်အတတ်နိုင်ဆုံးဂရုစိုက်သင့်ပါတယ်။
အထက်ပါအကြောင်းများကြောင့် အပြင် အမျိုးသမီးများမီးယပ်ဆိုင်ရာရောဂါများကြောင့် လေထိုး၊လေပွ နိုင်သည့်အပြင် ရေဖျဉ်းစွဲခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာည့်ကင်ဆာများကြောင့်လည်း ဖြစ်နိုင်သဖြင့် အလွန်ကာလ ရှည်ကြာနေသော လေထိုး၊လေပွ ခြင်းများအတွက် ဆေးရုံ၊ ဆေးခန်းသို့ပြသသင့်ပါတယ်။
သာမန် လေထိုး၊လေပွ ခြင်းကိုတော့ ဆေးဆိုင်များတွင် အလွယ်တကူဝယ်နိုင်သော antacids လို့ခေါ်တယ့် လေဆေး သောက်ခြင်းဖြင်သက်သာနိုင်သည့် အပြင် ရေများများသောက်ခြင်း၊ ဝမ်းမချုပ်အောင် ကာကွယ်ခြင်း ဖြင့်လည်း လေထိုး၊လေပွ ခြင်းကို လျှော့ချပေးနိုင်ပါကြောင်း ရေးသားဖော်ပြရင်း စာဖတ်သူတို့ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ စေဖို့လည်း Dr.Z မှဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။