အခုအချိန်မှာဆိုရင် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံတွေမှာ ပြင်းထန်အသက်ရှုလမ်းကြောင်းပိုး Corona virus ကူးစက်မှုကြောင့် Covid-19 ဆိုတဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပေါ်လျက်ရှိပါတယ်။ မြန်မာနိုင်ငံအတွင်းမှာလဲ အဆိုပါ Covid-19 ရဲ့ ဒုတိယလှိုင်း ရိုက်ခတ်မှုက ပြင်းထန်လျက်ရှိနေပါတယ်။ အများပြည်သူများဟာလဲ Covid-19 ရောဂါကို အန်တုဖို့ နည်းလမ်းမျိုးစုံနဲ့ ကာကွယ်နေကြပါတယ်။ အဆိုပါ Covid-19 ၏ ရိုက်ခတ်မှုတွေဟာ အရွယ်သုံးပါးထဲတွင်မှ ထိခိုက်လွယ်တဲ့ ကလေးငယ်များတွင် သက်ရောက်မှုများစွာ ရှိနေပါတယ်။
* Covid-19 နှင့် ကလေးငယ်များ၏ ကျန်းမာဖွံ့ဖြိုးရေး !
ကလေးတွေဟာ မွေးကင်းစအရွယ်ကနေ ကြံ့ခိုင်တဲ့လူရွယ်တစ်ယာက်ဖြစ်ဖို့အထိ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုတွေကို တောက်လျှောက်လုပ်ဆောင်နေရပါတယ်။ ဒါ့အပြင် ပြည့်စုံတဲ့ခုခံအားစနစ်ရရှိလာအောင်လဲ သူတို့ရဲ့ခန္ဓာကိုယ်က ပျိုးထောင်နေရပါတယ်။ သားသားမီးမီးတို့ ထိုကဲ့သို့ ကြီးထွားဖွံ့ဖြိုးဖို့၊ ခုခံအားစနစ်ကောင်းဖို့အတွက် အစာအာဟာရဟာ အရေးကြီးတဲ့ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။
ယခုလို Covid-19 ကာလ အထူးသဖြင့် stay home ကာလမှာ ပြည်သူအများစုဟာ အစားအသောက်နဲ့ပက်သက်ပြီး ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ အရင်းမြစ်ရှားပါးခြင်း၊ လွယ်ကူစွာ လက်ဝယ်မရရှိနိုင်ခြင်း၊ အလွယ်တကူ ရရှိသိမ်းဆည်းထားနိုင်တဲ့ ကျန်းမာရေးနဲ့ မညီညွတ်သော အသင့်လုပ်အစားအစာများသာ စားသုံးနေရခြင်းစတဲ့ အခက်အခဲမျိုးစုံကို အလွှာမရွေး ကြုံတွေ့နေရပါတယ်။ ဒါ့ကြောင့် အစားအစာနဲ့ ပြုစုပျိုးထောင်မှုတွေမှာ လူကြီးတွေအပေါ် မှီခိုနေရတဲ့ ကလေးငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ခုခံအားတည်ဆောက်မှုကဏ္ဍတွေမှာ အခက်အခဲတွေ ကြုံတွေ့လာကြရပါတယ်။
* အစာအာဟာရနဲ့ သားသားမီးမီးတို့ရဲ့ ခုခံအား !
ကလေးတွေရဲ့ စားသောက်မှုပုံစံနဲ့ ခုခံအားကြားမှာ အရေးကြီးတဲ့ ချိတ်ဆက်မှုတွေ အများကြီး ရှိနေပါတယ်။ ခုခံအားတည်ဆောက်မှုမှာ လိုအပ်တဲ့ ပရိုတိန်း အသားဓာတ်၊ ကာဗိုလ်ဟိုက်ဒရိတ် ကစီဓာတ်၊ ဗီတာမင်၊ Mineral သတ္တုဓာတ်တွေကို အစာအာဟာရကနေ ရရှိပါတယ်။ ဒါကြောင့် အာဟာရမပြည့်ဝတဲ့ကလေးငယ်တွေဟာ ခုခံအားကျဆင်းနေတတ်ပြီး ရောဂါပိုးတွေ မကြာခဏ ဝင်ရောက်တာခံရသလို နာတာရှည်ရောဂါတွေကိုပါ ခံစားရနိုင်ပါတယ်။ ဒါ့အပြင် နေမကောင်းတဲ့ကလေးငယ်တွေဟာ အစားအသောက်ပျက်တာကြောင့် အာဟာရချို့တဲ့တာပိုဆိုးပြီး ပိုချူချာတတ်ပါတယ်။
အစာအာဟာရပညာရှင်များရဲ့ သုံးသပ်ချက်အရ ခုခံအားစနစ်အတွက် အရေးအပါဆုံး အာဟာရများမှာ
Vitamin A, Vitamin C, Vitamin E, Vitamin D, Zinic နှင့် Probiotics တို့ဘဲ ဖြစ်ပါတယ်။ ရရှိနိုင်တဲ့ အစားအစာတွေကတော့ –
- Vitamin A – ဥအမျိုးမျိုး၊ နွားနို့၊ မုန်လာဥ၊ ကန်စွန်းဥ၊ သခွားမွှေး၊ ငါး၊ ပန်းပွင့်စိမ်း၊ ဟင်းနုနွယ်
- Vitamin C – လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ကီဝီနှင့် ချဉ်သောအသီးများ၊ ခရမ်းချဉ်သီး၊ ငရုတ်ပွ၊ ဂေါ်ဖီထုပ်
- Vitamin E – ရေချိုငါး၊ ပုစွန်၊ ထောပတ်သီး၊ သံလွင်ဆီ၊
နေကြာဆီ/စေ့၊ သစ်ချသီး၊ မြေပဲနှင့် အစေ့အဆံအမျိုးမျိုး
- Vitamin D – တူနာငါး၊ ဆော်လမွန်ငါး၊ ဥအနှစ်၊ နွားနို့၊ ပဲနို့၊ ချိစ်၊ နွားအသည်း၊ မှို၊ တို့ဖူး
- Zinc – ကမာ၊ ပင်လယ်စာအမျိုးမျိုး၊ အနီရောင်အသားများ၊ ကြက်သား၊ ပဲနှင့် အခြားအစေ့အဆံအမျိုးမျိုး၊ ချောကလက်အမဲ
- Probiotics – ဒိန်ချဉ်၊ ချဉ်ဖတ်အမျိုးမျိုး၊ လက်ဖက်စိမ်း၊ မီဆိုပဲအနှစ်တို့ဘဲ ဖြစ်ပါတယ်။
* သားသားမီးမီးတို့ အာဟာရပြည့်ဝအောင် ဘယ်လိုကျွေးကြမလဲ ?
- မွေးကင်းစမှ ၆ လအရွယ်အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးပါ။ ၆ လကျော်လျှင် ဖြည့်စွက်စာများ ကျွေးနိုင်ပါပြီ။ သို့သော် မိခင်နို့ကိုလည်း အနည်းဆုံး ၂ နှစ်အရွယ်အထိ တိုက်ပေးပါ။
- ၆ လကျော်မှစပြီး အစာအုပ်စု ၃ စုနဲ့အညီ အသီးအရွက်မှစ၍ အသားငါး၊ ဥ၊ နို့၊ ဆန်ဆီပြောင်း၊ အစေ့အဆံအမျိုးမျိုးကို သင့်လျော်စွာ ချက်ပြုတ်ကျွေးပါ။
- လတ်ဆက်သန့်ရှင်းသော အစားအစာများသာ ရွေးချယ်ပါ။ အသင့်လုပ်အစားအစာများ၊ မုန့်ပဲသရေစာများ တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ တခြားအဆာပြေမုန့်များအစား သစ်သီးဝလံများ စားစေရန် အလေ့အကျင့် လုပ်ပေးပါ။
- ရေကို တစ်နေ့လျှင် ၈ – ၁၀ ခွက်ခန့် သောက်ခိုင်းပါ။
- ချက်ပြုတ်ရာတွင် ငံပြာရည်၊ သကြား၊ အချိုမှုန့် လျော့သုံးပါ။
- အချိုရည်များအစား အသီးဖျော်ရည်၊ ဒိန်ချဉ် သောက်ခိုင်းပါ။
- အိမ်တွင် သန့်ရှင်းစွာ ချက်ပြုတ်ကျွေးမွေးပါ။ အပြင်စာများ လျှော့ပါ။
ထို့အပြင် အားဖြည့်စာ / ဆေးများ တိုက်ကျွေးလိုလျှင်လည်း နားလည်တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်း၊ ဆရာဝန်များနှင့် တိုင်ပင်ပြီး တိုက်ကျွေးနိုင်ပါတယ် !