အခုလို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ပျံနှံ့နေစဉ်ကာလအတွင်း လူအများရဲ့ စိတ်ထဲမှာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေကို အနည်းနဲ့အများဆိုသလို ခံစားနေကြရပါတယ်။ အကယ်၍ ယခင်ကတည်းက စိတ်ဖိစီးမှုများ ရှိခဲ့ပါက စိတ်ဖိအားဒဏ်များ ပိုမိုဆိုးရွားလာနိုင်ပါတယ်။ အချိန်ကြာမြင့်စွာ စိတ်ဖိစီးမှုများခြင်းနဲ့ စိုးရိမ်မှုများခြင်းဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများဖြစ်ခြင်းကို ဦးတည်စေနိုင်ပါတယ်။
ဒါ့ပြင် ယခုကဲ့သို့ အခြေအနေများဟာ ဘယ်အချိန်ကာလအထိ ဆက်လက် ဖြစ်ပွားနေမယ်ဆိုတာ ဘယ်သူမှ အသေအချာမပြောနိုင်ခြင်းကြောင့် စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်တွေကို လျှော့ချနိုင်တဲ့ နည်းလမ်းတွေကို လုပ်ဆောင်ရန် မဖြစ်မနေလိုအပ်လာပါတယ်။
အောက်ဖော်ပြပါအချက်တွေဟာ ကိုဗစ်ရောဂါကူးစက်နေစဉ်ကာလအတွင်း စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့ နည်းလမ်းတွေထဲက တချို့ဖြစ်ပါတယ်။
၁။ အနာဂတ်ကို ကြိုတင်တွေးတောစိုးရိမ်ပူပန်နေခြင်းကို ရပ်တန့်ရန် ကြိုးစားပါ
အနာဂတ်ကိုကြိုတင်တွေးတောစိုးရိမ်ပူပန်ခြင်းဟာ မဖြစ်သေးတဲ့ အရာတွေကို အဆိုးဆုံးအခြေအနေကို တွက်ဆ၍ ထပ်ခါတလဲလဲ ကြိုတင်တွေးတောပူပန်နေခြင်းပင်ဖြစ်ပါတယ်။ ဒီလို တွေးတော့တဲ့အခါ အများအားဖြင့် အမှန်တကယ်ဖြစ်ပေါ်နိုင်တဲ့ အဆိုးတွေထက်ကို များစွာပိုမိုတွေးတော ပူပန်မိတတ်ကြတယ်။ ရောဂါကူးစက်ခံရခြင်း၊ ရောဂါခံစားရခြင်း၊ ကွာရန်တင်းဝင်ရခြင်း၊ ဆေးရုံတက်ရောက်ကုသမှု ခံယူရခြင်းတွေအပါအဝင် အခြား စီးပွားရေး၊ လူမှုရေးကိစ္စ များကိုပါ စိုးရိမ်ပူပန်တတ်ကြသည်။ အဲဒီအရာတွေဟာ စိုးရိမ်ပူပန်သင့်တဲ့အရာတွေဖြစ်ပေမဲ့ စိုးရိမ်ပူပန်နေရုံမျှနဲ့ အဲဒီအရာတွေကို ရှောင်လွှဲနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မိမိတို့ တစ်ယောက်ချင်းစီ လိုက်နာဆောင်ရွက်ရမယ့် စည်းကမ်းတွေကို လိုက်နာဆောင်ရွက်ပြီးပါက အခြားမိမိတို့ မထိန်းချုပ်နိုင်တဲ့ အရာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို လျှော့ချရန် လိုအပ်ပါတယ်။ ဒါ့ပြင် စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ခြင်းက အခုလို အခက်အခဲ အကျပ်အတည်းကာလအတွင်းမှာ ရွေးချယ်လျှောက်လှမ်းရမယ့် လမ်းကြောင်းကို အမှန်ကန်ဆုံးဖြစ်အောင် ရွေးချယ်လျှောက်လှမ်းနိုင်ဖို့ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။
၂။ လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရခြင်းကြောင့် စိတ်ဓာတ်ကျခြင်း၊ အထီးကျန်ခြင်း မဖြစ်ပါစေနှင့်
အထီးကျန်ခြင်းဟာလည်း စိတ်ဖိစီးမှုကဲ့သို့ပင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ လူတွေက တစ်ဦးနဲ့တစ်ဦး ကူညီထောက်ပံမှု၊ ဖေးမမှု၊ အပြန်အလှန်ပတ်သက်ဆက်နွှယ်မှုများကို လိုအပ်ကြပါတယ်။ သီးခြားစီ ခွဲခြားနေခြင်းသည် စိတ်ပိုင်းဆိုင်ရာအရသာမက ခန္ဓာကိုယ်ပိုင်းဆိုင်ရာအတွက်ပါ မကောင်းသော အချက်တစ်ခုဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်များအရ အထီးကျန်ခြင်းဟာ နေထိုင်မကောင်းဖျားနာခြင်းကို ပို၍ ဖြစ်စေနိုင်ကြောင်းတွေ့ရှိရပါတယ်။ ဒါ့ပြင် စိတ်ကျရောဂါနဲ့ နာတာရှည် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ကြောင်းတွေ့ရှိရပါတယ်။ အခုလို ကိုဗစ်ကာလအတွင်း မလွှဲမရှောင်သာ သတ်မှတ်လိုက်နာကြရတဲ့ နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါဆိုတဲ့ စည်းကမ်းချက်နဲ့အညီ လူတစ်ဦးနဲ့လူတစ်ဦး အနည်းဆုံး ခြောက်ပေအကွာမှာ နေပြီးဆက်ဆံပြောဆိုရခြင်း၊ တစ်ဦးနှင့် တစ်ဦး မလိုအပ်ဘဲ တွေ့ဆုံခြင်းကို ရှောင်ကြဉ်ရခြင်း၊ အိမ်အလည်လာရောက်တွေ့ဆုံခြင်းတွေကို ကန့်သတ်ပိတ်ပင်ရခြင်း၊ ခရီးထွက်မထွက်နိုင်ခြင်းတို့ဟာလည်း လူတွေကို ပိုမိုပြီးအထီးကျန်စေကာ စိတ်ဓာတ်ကျစေနိုင်ပါတယ်။
ဒါပေမဲ့ ဒီနေ့ခေတ်မှာ နည်းပညာတွေတိုးတက်ဖွံ့ဖြိုးလာမှုက ကံကောင်းခြင်း တစ်ရပ်ဖြစ်လာစေပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး အပြင်မှာတွေ့စရာမလိုပဲ နည်းပညာများကို အသုံးပြုကာ အပြင်မှာ တွေ့ဆုံသကဲ့သို့ ပြောဆိုဆက်ဆံလာနိုင်ကြပြီ ဖြစ်ပါတယ်။ တယ်လီဖုန်းနှင့် ဆက်သွယ်ပြောဆိုခြင်း၊ စာတို Message များ ပို၍ပြောဆိုဆက်ဆံခြင်းများအပြင် ဗီဒီယိုရုပ်ပုံများပါ တွေ့မြင်နိုင်သော ဆက်သွယ်ရေးနည်းပညာတွေ တစ်ဟုန်ထိုးတိုးတက်လာပြီ ဖြစ်ပါတယ်။ ဒီနည်းပညာတွေကို အသုံးပြုပြီး မိမိတို့ရဲ့ ချစ်ခင်ရတဲ့သူတွေ၊ သူငယ်ချင်း မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပြင်မှာ တွေ့ဆုံသည်နှင့်မခြား တွေ့ဆုံလာနိုင်ပြီဖြစ်ပါတယ်။
ဒါ့ပြင် စိတ်ဓာတ်ခွန်အားပေးနိုင်တဲ့ Online Group တွေကို ဝင်ရောက်ကာ စိတ်ဓာတ်ခွန်အားများရယူနိုင်သလို၊ မိမိတို့ ကြုံတွေ့နေကြရတဲ့ အခက်အခဲတွေကိုရင်ဖွင့်တာမျိုး လုပ်ဆောင်ခြင်းအားဖြင့်လည်း စိတ်ဖိစီးမှုတွေကို လျော့ချနိုင်ပါတယ်။ ဒါကြောင့် ယခုလို အခက်အကျပ်အတည်းတွေနဲ့ စိတ်ဖိစီးမှုများပြားတဲ့ အချိန်ကာလမှာ နည်းပညာရဲ့ အကူအညီကို ရယူပြီး စိတ်ဖိစီးမှု၊ အထီးကျန်မှုများကို မရရအောင် ပယ်ဖျောက်ရမှာဖြစ်ပါတယ်။
တခြားသော စိတ်ဖိစီးမှုကို လျော့ချတဲ့ နည်းလမ်းတွေကိုလည်း ဒုတိယပိုင်းမှာ ဆက်လက်ဆွေးနွေးတင်ပြပေးသွားမှာ ဖြစ်ပါတယ်။
Author: Dr. Hein Htut