မိမိတို့၏ သားသမီးများ နေထိုင်မကောင်းဖျားနာခြင်းများ ဖြစ်ကြပါက မိဘတိုင်းလိုလိုပင် စိုးရိမ်ပူပန်တတ်ကြပါသည်။ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်တတ်ကြပါသည်။ တကယ်တမ်းပြောရလျှင် ဖျားနာသည့်အခါတိုင်း စိုးရိမ်ပူပန်စရာမလိုအပ်ပါ။ သို့သော် စိုးရိမ်စရာကောင်းသည့် အခြေအနေသို့ မရောက်ရှိအောင် ဂရုပြုစောင့်ကြည့်ရမည့်အချက်များ ရှိပါသည်။
ဖျားနာခြင်းသည် တစ်ခါတစ်ရံ ပြင်းထန်သောရောဂါတစ်ခုခု ဖြစ်ပွားနေကြောင်းကိုပြသသော်လည်း အများအားဖြင့် ပြင်းထန်လေ့မရှိသော သာမန် အအေးမိ တုပ်ကွေးကူးစက်ရောဂါများကြောင့် ဖြစ်လေ့ရှိပါသည်။
ကိုယ်ပူချိန်မြင့်တက်၍ ဖျားနာခြင်း တစ်ခုတည်းက ပုံမှန်အားဖြင့် အသက်အန္တရာယ်ကို ဒုက္ခမပေးနိုင်ပါ။ သို့သော် ဂရုပြုစောင့်ကြည့်ရမည့် အချက်များတော့ရှိပါသည်။ အကယ်၍ ကိုယ်ပူချိန်မြင့်တက်၍ ဖျားနာခြင်းသည် အသက်နှစ်နှစ်အောက်ကလေးများတွင်ဖြစ်ပွားခဲ့လျှင်၊ ကိုယ်အပူချိန်သည် အလွန်အမင်း မြင့်တက်နေခဲ့လျှင်၊ သီတင်းတစ်ပတ်ကျော်သည်အထိ ကိုယ်အပူချိန်မကျဘဲ ဆက်လက်ဖျားနာခဲ့လျှင် ထိုကဲ့သို့ဖျားနာခြင်းကို အထူးဂရုစိုက်ရန် လိုအပ်လာပြီဖြစ်ပါသည်။
ဘာကြောင့် ကိုယ်အပူချိန် မြင့်တက်ရတာလဲ
ဦးနှောက်ထဲတွင်ရှိသော Hypothalamus ဟုခေါ်သော အစိတ်အပိုင်းက လူ့ခန္ဓာကိုယ်၏ ကိုယ်အပူချိန်ကို ထိန်းညှိပေးပါသည်။ အကယ်၍ ခန္ဓာကိုယ်အတွင်းသို့ ကူးစက်ရောဂါများဝင်ရောက်ခဲ့ပါက ၎င်းတို့ကို တိုက်ခိုက်ရန် Hypothalamus က ခန္ဓာကိုယ်၏အပူချိန်ကို မြင့်တက်စေပါသည်။ သို့သော် ကူးစက်ရောဂါများအပြင် ကိုယ်အပူချိန်ကိုမြင့်တက်စေသည့် အခြားအကြောင်းအရာများသည်လည်း ရှိပါသေးသည်။
ဖျားနာရခြင်း အကြောင်းများ
ကလေးများသည် အောက်ပါအကြောင်းအချက်များကြောင့် ဖျားနာနိုင်ပါသည်။
- ဗက်တီးရီးယားရောဂါပိုးကူးစက်ခံရခြင်းကြောင့် ဖျားနာခြင်း
- ဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံရခြင်းကြောင့် ဖျားနာခြင်း
- အချို့သော ဆေးဝါးများကြောင့် ဖျားနာခြင်း
- အပူရှပ်ခြင်းကြောင့် ဖျားနာခြင်း
- ဓာတ်မတည့်ခြင်းကြောင့် ဖျားနာခြင်း စသည့်အကြောင်းအချက်များကြောင့် ဖျားနာနိုင်ပါသည်။
ကလေးငယ်များတွင်တွေ့ရသော ဖျားနာခြင်း၏လက္ခဏာရပ်များ
ဖျားနာခြင်း၏ လက္ခဏာရပ်များသည် သိသာထင်ရှားနိုင်သလို တစ်ခါတစ်ရံ မသိမသာလည်း ဖြစ်နေတတ်ပါသည်။ ကလေးငယ်များ၏အသက်အရွယ်သည် ငယ်ရွယ်လေလေ လက္ခဏာများမှာ ပို၍ သိသာထင်ရှားမှု အားနည်းလေလေဖြစ်ပါသည်။
ကလေးတစ်ယောက်ဖျားနာနေလျှင်
- ဂနာမငြိမ်ဖြစ်လာခြင်း
- ပုံမှန်ထက်ဂျီကျခြင်း
- အီနေခြင်း၊ အကြောင်းမရှိငိုယိုနေခြင်း
- မှိန်းနေခြင်း
- ကိုယ်နွေးနေခြင်း သို့မဟုတ် ခြစ်ခြစ်တောက်ပူနေခြင်း
- ပုံမှန်အတိုင်း အစားမဝင်တော့ခြင်း
- အသက်ရှူမြန်နေခြင်း
- အိပ်စက်ခြင်းနှင့် အစာစားခြင်းဆိုင်ရာ အမူအကျင့်များပြောင်းလဲလာခြင်း
- တက်ခြင်း စသော ရောဂါ လက္ခဏာများကို ခံစားရနိုင်ပါသည်။
အကယ်၍ စကားပြောဆိုတတ်သောအရွယ် ကလေးတစ်ယောက်ဖြစ်ပါက
- ပူသည် သို့မဟုတ် ချမ်းသည်ဟုပြောခြင်း
- ခန္ဓာကိုယ်ကိုက်ခဲသည်ဟုပြောခြင်း
- ခေါင်းကိုက်သည်ဟုပြောခြင်း
- ယခင်ကထက် ပို၍အိပ်ချင်သည်ဟုပြောခြင်း သို့မဟုတ် အိပ်လို့မရဟုပြောခြင်း
- အစာမစားချင်ဘူးဟုပြောခြင်း စသည်တို့ကို ပြောဆိုနိုင်ပါသည်။
ဘယ်အချိန်မှာ ဆရာဝန်နှင့် ပြသသင့်သလဲ
ဖျားနာနေသော ကလေးငယ်များတွင် အောက်ပါအချက်များတွေ့ရှိပါက ဆရာဝန်နှင့် ပြသသင့်ပါသည်။
- ကလေးငယ်၏ အသက်သည် ( ၆ )လအောက် ဖြစ်နေခြင်း
- အဖျားကျအောင် ပြုလုပ်၍ မရခြင်း သို့မဟုတ် လုပ်ဆောင်သော်လည်း အဖျားမကျခြင်း
- အော့အန်ခြင်း ၊ ဝမ်းလျှောခြင်း
- ရေမသောက်နိုင်တော့ခြင်းကြောင့် ခန္ဓာကိုယ်တွင် ရေဓာတ်ဆုံးရှုံးလာခြင်း စသည့် အခြေအနေများတွင် ဆရာဝန်နှင့် ပြသရန်လိုအပ်ပါသည်။
ကလေးများတွင် တွေ့ရသော ရေဓာတ်ခန်းခြောက်သည့် လက္ခဏာများမှာ
- ခံတွင်းခြောက်သွေ့လာခြင်း
- ငိုသောအခါ မျက်ရည်မထွက်ခြင်း
- မျက်တွင်းများချောင်ကျလာခြင်း
- ဦးခေါင်းပေါ်ရှိ ဦးရေပြားချိုင့်လာခြင်း
- ဆီးမသွားနိုင်တော့ခြင်း
- အရေပြားခြောက်သွေ့၍ အေးစက်လာခြင်း
- ဂနာမငြိမ်ဖြစ်လာခြင်း
- အလွန်အမင်း မှိန်းလာခြင်း စသည်တို့ဖြစ်ပါသည်။
အကယ်၍ ဖျားနေသောကလေးများတွင် အောက်ပါ လက္ခဏာများ ဖြစ်ပေါ်လာပါက မိမိ၏ဆရာဝန်နှင့် ပြသရန် မစောင့်ဆိုင်းတော့ဘဲ အရေးပေါ် ဌာနသို့ ချက်ချင်းသွားရန် လိုအပ်ပါသည်။
- ကလေးငယ်သည် အလွန်အမင်း ရေဓာတ်ခန်းခြောက်သော လက္ခဏာဖြစ်ပေါ်လာခြင်း
- တက်ခြင်း
- ခရမ်းရောင်သို့မဟုတ် အနီရောင် အကွက်များအရေပြားပေါ်တွင် ပေါ်ပေါက်လာခြင်း
- သတိမရတစ်ချက်ရတစ်ချက်ဖြစ်ခြင်း
- အသက်ရှူရခက်ခဲလာခြင်း သို့မဟုတ် အသက်ရှူမြန်နေခြင်း
- ကလေးငယ်၏ အသက်သည် နှစ်လအောက်ဖြစ်နေခြင်း
- ကလေးငယ်၏ ခေါင်းကိုက်သောလက္ခဏာသည် အချိန်ကာလတစ်ခုကြာသည့်တိုင်အောင် ပျောက်မသွားခြင်း
- ဆက်တိုက် အန်နေခြင်း စသော အခြေအနေများတွင် အရေးပေါ်ဌာနသို့ အလျင်အမြန်သွားရောက်ရန် အကြံပြုလိုက်ရပါသည်။
Author: Dr. မွန်