အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစုဆိုသည်မှာ
– ဝမ်းဗိုက်အောင့်ခြင်း
– လေပွခြင်း
– မစင်တွင် အကျိအချွဲများပါခြင်း စသည်တို့အပြင်
– ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းတစ်လှည့်စီဖြစ်နေသည့် ရောဂါလက္ခဏာများရှိသော အူလမ်းကြောင်းနှင့် သက်ဆိုင်သည့်ရောဂါလက္ခဏာစုတစ်ခုပင်ဖြစ်ပါသည်။
အဆိုပါရောဂါလက္ခဏာစု အဘယ်ကြောင့်ဖြစ်ရသည်ဆိုသည့် အကြောင်းရင်းကို သေချာစွာ မသိရှိသေးသော်လည်း နေ့စဉ်နေထိုင် စားသောက်ပုံပြောင်းလဲခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ရောဂါပိုးများကူးစက် ခံရခြင်းနှင့် မိမိနှင့် မတည့်သောအစားအစာများစားသုံးမိခြင်း စသည့် ပတ်ဝန်းကျင်ဆိုင်ရာအခြေအနေများက ထိုရောဂါလက္ခဏာစု ဖြစ်နိုင်ခြေကို များစွာလွှမ်းမိုးမှုရှိနိုင်ကြောင်း ယူဆကြပါသည်။
လေ့လာတွေ့ရှိချက်များအရ အာရုံကြောဆိုင်ရာ သတင်းပေးပို့သည့် ဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် serotonin က အူလမ်းကြောင်းအတွင်းရှိ အာရုံကြောဆဲလ်များ၏ လုပ်ငန်းဆောင်တာများကို ပြောင်းလဲစေပါသည်။ ထိုအခါ နာကျင်မှုများဖြစ်ပေါ်ခံစားရကာ အဆိုပါရောဂါလက္ခဏာစု ပေါ်ပေါက်လာရသည်ဟု တွေ့ရှိရပါသည်။
ကံကောင်းသည့်အချက်တစ်ချက်မှာ အဆိုပါ အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစုသည် အူရောင်ခြင်းနှင့် အူကင်ဆာကဲ့သို့သော ဆိုးရွားသည့် ရောဂါများအဖြစ်သို့ ပြောင်းလဲသွားလေ့မရှိခြင်း ဖြစ်ပါသည်။
အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစု၏ ရောဂါလက္ခဏာများ
အထက်ပါရောဂါလက္ခဏာစု၏ အတွေ့ရများသောရောဂါလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
– ဝမ်းဗိုက်အောင့်ခြင်း (လေလည်လိုက်လျှင် သို့မဟုတ် ဝမ်းသွားလိုက်လျှင် သက်သာသွားလေ့ရှိပါသည်)
– ဝမ်းလျှောခြင်းနှင့် ဝမ်းချုပ်ခြင်းတစ်လှည့်စီ ဖြစ်ပွားခြင်း
– ဝမ်းသွားနေသော်လည်း ထပ်ခါထပ်ခါ ထပ်မံသွားချင်နေခြင်း
– လေပွခြင်း
– မစင်များတွင် အကျိအချွဲများပါခြင်း
– ပျို့ခြင်း
ဖြစ်ပွားစေသောအကြောင်းအရင်းများ
အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစု၏ ဖြစ်ပွားစေသော အခြေခံအကြောင်းအရင်းများကို ယခုအချိန်အထိ သေချာတိကျစွာ သိရှိခြင်းမရှိသေးပါ။ သို့သော် အချို့သော အခြေအနေများသည် အဆိုပါရောဂါ လက္ခဏာစုအား ဖြစ်ပေါ်ခြင်းနှင့် ဆက်စပ်မှုရှိသည်ဟု ယူဆကြပါသည်။ ထိုအချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။
- ရောဂါကူးစက်ခံရခြင်း
အစာအိမ်နှင့် အူရောင်ရမ်းခြင်းရောဂါများဖြစ်ပွားပြီးနောက် အဆိုပါရောဂါများကို ပျောက်ကင်းအောင် ဆေးဝါးကုသမှု ခံယူပြီးသည့်အချိန်တွင် အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစု ဖြစ်ပေါ်လာတတ်ပါသည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသည်ကို သေချာစွာ မသိရှိသော် လည်း အူလမ်းကြောင်းအတွင်းရှိ အာရုံကြောဆိုင်ရာ လုပ်ငန်းဆောင်တာများ ပြောင်းလဲသွားခြင်းနှင့် အူလမ်းကြောင်းအတွင်းရှိ ပုံမှန်ဘက်တီးရီးယားများ၏ ပမာဏပြောင်းလဲသွားခြင်းကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြပါသည်။ အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစု စုစုပေါင်းဖြစ်ပွားမှု၏ ၂၅% သည် ဤပြဿနာကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါသည်။
- အစားအစာများကို မခံနိုင်ခြင်း
နို့ထွက်ပစ္စည်းများနှင့် အခြားပြုပြင်စီရင်ထားသော အစားအစာအများစုတွင်ပါဝင်သော Lactose သကြားအား အူနံရံများမှ စုပ်ယူမှုမပြုလုပ်နိုင်ခြင်းကြောင့်လည်း ဤရောဂါလက္ခဏာစု ပေါ်ပေါက် လာတတ်ပါသည်။ Lactose အပြင် အထက်ပါရောဂါလက္ခဏာစုကို ဖြစ်ပွားစေသော အခြားသကြားအမျိုးအစားမှာ Fructose ဖြစ်ပါသည်။
- အစားအစာ
ဝမ်းချုပ်ခြင်းကို ဖြစ်စေသော အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစုတွင် အမျှင်ဓါတ်ပါသော အစားအစာများကို နည်းပါးစွာစားသုံးခြင်းက အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်နေပါသည်။ အချို့သူများအတွက် ပူစပ်သောအစားအစာများသည် ဤရောဂါကိုဖြစ်စေတတ်သော အကြောင်းအရင်းတစ်ရပ်ဖြစ်နေနိုင်ပါသည်။
- စိတ်ဖိစီးမှု
စိုးရိမ်စိတ်နှင့် စိတ်ဖိစီးမှုများခြင်းကဲ့သို့သော ပြင်းထန်သည့် စိတ်လှုပ်ရှားမှုများကလည်း အူလမ်းကြောင်းအတွင်းရှိ အာရုံကြောများအပေါ်တွင် အကျိုးသက်ရောက်မှုရှိနိုင်ပါသည်။
- ဆေးဝါးများ
ပဋိဇီဝပိုးသတ်ဆေး၊ အစာအိမ်အတွင်း အက်ဆစ်ထုတ်လုပ်မှုလျော့နည်းစေသည့် ဆေးဝါးများနှင့် နာကျင်မှုကို သက်သာစေသည့် ဆေးဝါးများသည် အချို့သောသူများတွင် အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစုကို ဖြစ်စေနိုင်ပါသည်။
ကုသခြင်း
အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစုကို ဆေးဝါးများ သို့မဟုတ် အစားအစာများဖြင့် ကုသ၍ မရ နိုင်ပါ။ အဓိကကုသလုပ်ဆောင်ရမည့်အချက်မှာ မည်သည့်အရာကြောင့် ဤရောဂါဖြစ်ပွားရသည်ဟူသော အကြောင်းရင်းကိုရှာဖွေ၍ ထိုအကြောင်းရင်းအား ရှောင်ရှားခြင်းပင်ဖြစ်ပါသည်။
ကုသမှုခံယူရာတွင် အောက်ပါအကြံပြုချက်များပေးလေ့ရှိပါသည်။
– အမျှင်ဓါတ်ပါသောအစားအစာများကို ပိုမိုစားသုံးပါ
– ရေများများသောက်ပါ
– အကယ်၍ Lactose သကြားနှင့် မတည့်ခြင်းကြောင့် ဤ ရောဂါလက္ခဏာစုဖြစ်ပေါ်လာရသည်ဟု ယူဆပါက နို့ထွက်ပစ္စည်းများစားသုံးခြင်းကို လျှော့ချပါ သို့မဟုတ် ရှောင်ကြဉ်ပါ။
– အကယ်၍ ဝမ်းလျှောခြင်းများ အလွန်အကျွံဖြစ်နေပါက ဝမ်းပိတ်ဆေးများကို သောက်သုံးပါ။ ဝမ်းချုပ်ခြင်း ဖြစ်ခဲ့ပါက ဝမ်းချုပ်ခြင်းအတွက် ဆေးဝါးများကို သောက်သုံးပါ။
– ဗိုက်အောင့်နာကျင်ခြင်းကို သက်သာစေမည့် ဆေးဝါးများကို သောက်သုံးပါ။
– အကယ်၍ စိတ်ဖိစီးမှုကြောင့် ဖြစ်ပွားခဲ့သည်ဟု ယူဆပါက စိတ်ဖိစီးမှုများကို ပြေလျော့စေရန် စီစဉ်ဆောင် ရွက်ပါ။
– ရုတ်တရက် ပုံမှန်စားသုံးသော အစားအစာများ ပြောင်းလဲသွားခြင်းကို ရှောင်ကြဉ်၍ အစားအစာများကို ပုံမှန်အတိုင်း စားသုံးသည့်အလေ့အထကို ပြုလုပ်ပါ။
အထက်ပါနည်းလမ်းများကို အသုံးပြုပြီး အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစုကို ကာကွယ်နိုင်ပါကြောင်း တင်ပြလိုက်ပါသည်။