fbpx

Myanmar (Covid-19 Stats)

😷 87,977 Total Cases
😥 1,887 Deaths
😇 67,588 Recovered

စိတ်ဖိစီးမှုမဖြစ်အောင် ခေါင်းထဲမှထုတ်ပစ်သင့်သည့်အရာများ

စိတ်ဖိစီးမှုကို ကြာရှည်စွာကြုံတွေ့ရင်ဆိုင်နေရပါက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးများသာမက ရုပ်ပိုင်းဆိုင်ရာ အခြေအနေများကိုပါ ကျဆင်းလာစေကာ ရောဂါများကိုလည်း ပိုမိုဖြစ်ပွား၊ ကူးစက်ခံရနိုင်စေသည့် အန္တရာယ်ရှိလာပါသည်။ ထို့ကြောင့် စိတ်ဖိစီးမှုများကို လျော့ကျအောင် ခေါင်းထဲမှ ထုတ်ပစ်သင့်သည့် အရာများကို လေ့လာသင့်လှပါသည်။

 

အတွေးလွန်နေခြင်းများကိုခေါင်းထဲက ထုတ်ပစ်ပါ

လူအတော်များများသည် ကြုံတွေ့လာရသည့် ကိစ္စရပ်များကို မည်သို့ မည်ပုံကိုင်တွယ်ဖြေရှင်းရမည်ဆိုသည့်အကြောင်းကို စဉ်းစားတွေးတောရာတွင် တစ်ခါတစ်ရံအတွေးလွန်ကာ ခေါင်းထဲတွင် ရှုပ်ထွေးရောထွေးနေတတ်သည်။

စဉ်းစားတွေးတော ဖြေရှင်းရမည်မှာ မှန်ကန်သော်လည်း တိကျခိုင်မာသည့် အဖြေတစ်ခုကို မရရှိဘဲ အတွေးလွန်နေခြင်းကတော့ စိတ်ဖိစီးမှုများကိုသာ ဖြစ်လာစေပါသည်။ ထို့ကြောင့် ထိုအတွေးလွန်ခြင်းများကို ခေါင်းထဲကထုတ်ပစ်ကာ ခိုင်မာသည့်ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လုပ်ဆောင်ခြင်းဖြင့် စိတ်ဖိစီးမှုများကို လျော့ကျသက်သာစေရန် ပြုလုပ်ဆောင်ရွက်သင့်ပါသည်။

 

အခြားသူများမည်သို့ ထင်မြင်မည်ဆိုသည့်အကြောင်းကို အလွန်အကျွံစိုးရိမ်ပူပန်မှု မဖြစ်ပါနဲ့

ပတ်ဝန်းကျင်ကို ဂရုမပြုဘဲ မနေသင့်သော်လည်း အခြားသူများမည်သို့မည်ပုံ ထင်မြင်မည်ကို အလွန်အမင်းဂရုပြုနေခြင်းသည် စိတ်ရှုပ်ထွေး၊ စိတ်ဖိစီးမှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုဖြစ်ပါသည်။

ထိုသို့ အခြားသူများ၏ ထင်မြင်ယူဆချက်များကို အလွန်အမင်းဂရုစိုက် စိုးရိမ်ပူပန်နေခြင်းသည် မိမိ၏ဘဝကို အခြားသူများ၏ ထင်မြင်ယူဆချက်များ၊ ပါးစပ်ဖျားများတွင် လမ်းဆုံးသွားအောင် ပြုလုပ်ခြင်းနှင့် အတူတူပင်ဖြစ်ပါသည်။ ထို့ကြောင့် အခြားသူများ၏ ထင်မြင်ယူဆချက်များကို အလွန်အမင်းဂရုမစိုက်မိစေရန် သတိပြုကြိုးစားခြင်းအားဖြင့် စိတ်ဖိစီးမှုများ မဖြစ်အောင် လုပ်ဆောင်သင့်ပါသည်။

 

အတိတ်မှထွက်ခွာပါ

အတိတ်ဆိုသည်မှာ ဖြစ်ပျက်ပြီးသောအရာများ ဖြစ်ပါသည်။ ထို့ပြင် အတိတ်သည် ပစ္စုပ္ပန်လည်း မဟုတ်သလို့ အနာဂတ်လည်း မဟုတ်ပါ။

ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် မဖြစ်နိုင်တော့သည့် အတိတ်တွင်ဖြစ်ပျက်ခဲ့ပြီးသော အရာများအား စိတ်ထဲတွင် အစဉ်အမြဲ ထည့်ထားကာ ပူဆွေးတသ ယူကြုံးမရဖြစ်နေခြင်းသည် ဦးနှောက်၏စွမ်းအားကို ဖြုန်းတီးရာရောက်သကဲ့သို့ အချိန်ကိုလည်း အကျိုးမဲ့ ကုန်လွန်စေခြင်း ဖြစ်ပါသည်။

ထို့ကြောင့် အတိတ်တွင်ဖြစ်ပျက်ခဲ့ပြီးသော အရာများဆီက သင်ခန်းစာကိုယူ၍ ထိုအဖြစ်အပျက်များအား မေ့ပစ်ရန်ကြိုးစားခြင်းဖြင့် စိတ်ဖိစီးမှုမဖြစ်အောင် ပြုလုပ်သင့်ပါသည်။

 

မိမိကိုယ်မိမိ အလွန်အမင်း သနားတတ်သောအလေ့အကျင့်ကို စွန့်လွှတ်ပါ

တစ်ခါတစ်ရံ မိမိကိုယ်မိမိ အလွန်အမင်းညှာတာ သနားနေခြင်းကလည်း စိတ်ဖိစီးမှုများကို ဖြစ်လာနိုင်စေပါသည်။

ဘဝတွင် အခက်အခဲများ၊ ဒုက္ခများကြုံတွေ့ရတိုင်း ဝမ်းနည်းတတ်ကြသော်လည်း မိမိကိုယ်မိမိ အလွန်အမင်း သနားနေပါက စိတ်ဖိစီးမှုများ ပိုမိုမျာပြားလာမည့်အပြင် စိတ်အားငယ်ခြင်း၊ စိတ်ကျခြင်းများပါ ဆက်လက်ဖြစ်ပေါ်လာနိုင်ပါသည်။

မိမိ၏ဘဝကို မိမိတာဝန်ယူ၍ ဖြစ်ပျက်နေသော အခြေအနေများကို အပြုသဘောဖြင့် အမှန်အတိုင်း လက်ခံကာ စိတ်အားတင်းပြီး ရှေ့ဆက်ချီတက်ခြင်းသည် ပိုမိုကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်ပါသည်။

ထို့ကြောင့် မိမိကိုယ်မိမိ အလွန်အမင်း သနားငဲ့ညှာနေသော အတွေးများ တွေးတောခြင်းကို ဖျောက်ပစ်ပြီး ယခုထက်ပိုမို၍ မိမိဘဝတိုးတက်အောင် မည်သို့မည်ပုံ လုပ်ဆောင်ရမည်ဆိုခြင်းကို ပိုမိုစဉ်းစားတွေးတောခြင်းအားဖြင့် စိတ်ဖိစီးမှုများ မဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်ပါသည်။

အခြားသူများကို မနာလိုဖြစ်ခြင်းကို ပယ်ဖျောက်ပါ

အခြားသူများကို မနာလိုဖြစ်နေမည့်အစား ထိုသူတို့အတွက် မုဒိတာပွား၍ ဝမ်းသာနိုင်အောင်ကြိုးစားခြင်းဖြင့် စိတ်ဖိစီးမှုများကို လျော့ကျအောင် ပြုလုပ်ဆောင်ရွက်နိုင်ပါသည်။

သူတစ်ပါးအပေါ်မနာလိုဖြစ်ခြင်းသည် မိမိအတွက် မည်သည့်ကောင်းကျိုးမျှ မရှိသည့်အပြင်  စိတ်ဖိစီးမှုများကိုသာ ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ထိုသို့ မနာလိုဖြစ်ခြင်းများကို ပယ်ဖျောက်ကာ စိတ်ဖိစီးမှုများကို လျော့ကျအောင် လုပ်ဆောင်သင့်ပါသည်။

 

မကောင်းသော အတွေးအမြင်များကို ဖယ်ရှားပါ။

မည်သည့် အကျိုးကျေးဇူးမျှမရှိသော မကောင်းသော အတွေးအမြင်များသည် တစ်ခါတစ်ရံ မိမိ၏စိတ်အတွင်းသို့ ဝင်ရောက်လာတတ်ပါသည်။

ထို့ကြောင့် ထိုအတွေးများကို ရှင်းလင်းဖယ်ရှားကာ လောကကြီးကို တတ်နိုင်သလောက် အကောင်းမြင်စိတ်ဖြင့် ကြည့်ရှုခြင်းအားဖြင့် စိတ်ဖိစီးမှုများကို လျော့ကျအောင် ပြုလုပ်သင့်ပါသည်။

 

အခြားသူများနှင့် မိမိကိုယ်မိမိ မနှိုင်းယှဉ်ပါနှင့်

လောကတွင် မိမိထက် သာလွန်သူများရှိသကဲ့သို့ မိမိထက် နိမ့်ပါးသောသူများလည်း ရှိပါသည်။

ထို့ကြောင့် မိမိထက်ပို၍သာလွန်နေသောသူများနှင့် မိမိကိုယ်မိမိနှိုင်းယှဉ်ခြင်းသည် စိတ်အားငယ်စိတ်နှင့် စိတ်ဖိစီးမှုများ ဖြစ်ပေါ်စေရန် လုပ်ဆောင်နေသကဲ့သို့ဖြစ်ပါသည်။

မိမိဘဝတွင်ဖြစ်ပေါ်၊ ရရှိထားသော အခြေအနေများကို အရှိအတိုင်းလက်ခံကာ မိမိတွင်ရှိသောအစွမ်းအစများကို အကောင်းဆုံး အသုံးချခြင်းအားဖြင့် ပိုမိုကောင်းမွန်သည့် ရလဒ်များ ရရှိစေနိုင်သလို စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါသည်။

 

အနာဂတ်ကိုကြိုတင်တွေးတော၍ မပူပန်ပါနှင့်

အနာဂတ်ကိုကြိုတင်တွေးတောပူပန်၍ စိတ်ဖိစီးမှုဖြစ်နေမည့်အစား ထိုအရာများအတွက် လုပ်သင့်လုပ်ထိုက်သည်များကို ကြိုတင်ပြုလုပ်ပြင်ဆင်ခြင်းကသာ မှန်ကန်သည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် ကြိုတင်တွေးတော ပူပန်မှုများကို လျော့ချ၍ လုပ်ဆောင်သင့်သည်များကို လက်တွေ့ကျကျ လုပ်ဆောင်ခြင်းအားဖြင့် စိတ်ဖိစီးမှုများကို လျော့ကျစေရန် ဆောင်ရွက်နိုင်ပါသည်။

 

Author : Dr. ဟိန်းထွဋ်

ဆက်စပ် ဆောင်းပါးများ