fbpx

Myanmar (Covid-19 Stats)

😷 87,977 Total Cases
😥 1,887 Deaths
😇 67,588 Recovered

အစာအိမ်ရောင်လျှင် ရှောင်ကြဉ်သင့်သော အစားအစာများ

 

အစာအိမ်ရောင်ရမ်းခြင်းဆိုသည်မှာ အစာအိမ်၏ အနားသတ်များ ရောင်ရမ်းနေသော ရောဂါအခြေအနေတစ်ခုဖြစ်ပါသည်။ အစာတစ်ခုခုစားသောက်လိုက်သောအခါ အစာအိမ်အတွင်းပူလောင်သည့် ဝေဒနာကို ခံစားနေရပြီဆိုလျှင် အစာအိမ်ရောင်ရမ်းသည့် ရောဂါဖြစ်ပွားနိုင်ချေများပါသည်။

အစာအိမ်ရောင်ရမ်းခြင်းကို ဖြစ်စေသော အကြောင်းခြင်းရာများစွာရှိသည့်အနက် မိမိစားသောက်လိုက်သော အစားအစာများသည်လည်း အကြောင်းခြင်းရာ တစ်ချက်အပါအဝင်ဖြစ်ပါသည်။

ကျန်းမာရေးအတွက် သင့်တော်သော အစားအစာများစားခြင်းနှင့် ကောင်းမွန်သောနေထိုင်မှုပုံစံများက အစာအိမ်ရောင်ရမ်းခြင်းအပါအဝင် ရောဂါအတော်များများ၏ အန္တရာယ်မှ ကာကွယ်ပေးနိုင်ပါသည်။

ထို့ကြောင့် အစာအိမ်ရောင်ရမ်းခြင်းကို ကာကွယ်နိုင်ရန်နှင့် ခံစားရသော လက္ခဏာဝေဒနာများ လျော့ကျသွားစေရန် ရှောင်ရှားသင့်သည့် အစားအစာများအကြောင်း ဖော်ပြဆွေးနွေးပေးလိုက်ရပါသည်။

၁။ ပူစပ်သော အစားအစာများ

ပူစပ်သောအစားအစာများသည် အစာအိမ်ရောင်ရမ်းမှုကိုဖြစ်စေသော အဓိက အစားအစာများမဟုတ်သည့်တိုင် အစာအိမ်ရောင်ရမ်းမှုကို ပိုမိုဆိုးရွားစေရန် အားပေးကူညီသော အစားအစာများဖြစ်ကြပါသည်။ အစာအိမ်ရောင်ရမ်းသောအခါ အစာအိမ်သည် ထိလွယ်ခိုက်လွယ် အခြေအနေ ဖြစ်နေသည့်အတွက် ပူစပ်သောအစားအစာများသည် အစာအိမ်ကို နေမထိထိုင်မသာ ဖြစ်စေရန် ပြုလုပ်သောကြောင့် အစာအိမ်ရောင်ရမ်းခြင်း၏ ဝေဒနာများကို ပိုမိုဆိုးရွားလာစေပါသည်။

ထို့ကြောင့် အချဉ်ဖောက်ထားသော အစားအစာများ၊ ချဉ်ရည်စိမ်ထားသော အစားအစာများ၊ ငရုတ်ကောင်း၊ ငရုတ်သီးနှင့် ပူစပ်သောဆော့စ်များသည် မိမိ၏ အကြိုက်ဆုံးအစားအစာများ ဖြစ်နေသည့်တိုင် ထိုအစားအစာများကို ရှောင်ရှားသင့်ပါသည်။

၂။ အဆီများသော အစားအစာများ

အဆီများသော အစားအစာများကို စားသောက်ပြီးသောအခါ အစာအိမ်တွင် မအီမသာ ဖြစ်လာတတ်သည်ကို သတိပြုမိချင်မှ ပြုမိပါလိမ့်မည်။ သို့သော် အဆီများသော အစားအစာများသည် အစာအိမ်ရောင်ရမ်းမှုကို အားပေးသော အစားအစာများဖြစ်နေသည်ကတော့ အမှန်ပင်ဖြစ်ပါသည်။

အဆီများသော အစားအစာများကို အစာချေစနစ်က ကောင်းစွာခြေဖျက်ရန် မစွမ်းဆောင်နိုင်သောအခါ အစာအိမ်၏ အနားသတ်များ ရောင်ရမ်းလာတတ်ပါသည်။

လေ့လာတွေ့ရှိချက်များအရ အဆီများသော အစားအစာများကို သုံးလေးလခန့် များစွာစားသောက်ပြီးသောအခါ အစာအိမ်ရောင်ရမ်းသည့်ဝေဒနာ ဖြစ်ပေါ်လာတတ်ကြောင်းတွေ့ ရှိရပါသည်။

သို့သော် Omega-3 Fatty Acid ကဲ့သို့သော ကောင်းမွန်သည့်အဆီများကမူ အူလမ်းကြောင်းရှိ ဒဏ်ရာအနာတရများကို အနာကျက်၍ သက်သာစေနိုင်ပါသည်။

Omega 3-Fatty Acid ကို ပင်လယ်ငါးများတွင်သာမက မြေပဲ၊ ထောပတ်၊ အစေ့အဆန်များ၊ အခွံမာသီးများနှင့် သံလွင်ဆီတို့တွင် တွေ့ရှိရပါသည်။

 

၃။ ကော်ဖီနှင့် အခြားကဖင်းဓါတ်ပါသော အစားအစာများ

ညဘက်ပိုင်း ဗိုက်ထဲတွင်  အစာမရှိသည့် အချိန်တွင် ကော်ဖီသောက်ခြင်းသည် အစာအိမ်ရောင်ရမ်းမှုကို ဖြစ်စေရန် အားပေးပါသည်။ ထို့အပြင် ကဖင်းဓါတ်ပါဝင်သော အစားအစာများသည် အစာအိမ်ရောင်ရမ်းမှု ဝေဒနာကို ပိုမိုဆိုးရွားစေနိုင်ပါသည်။

ကာဗွန်ဒိုင်အောက်ဆိုဒ်များကိုပျော်ဝင်စေခြင်းဖြင့် ရှတတ အရသာဖြစ်အောင် ပြုလုပ်ထားသော အဖျော်ယမကာများကလည်း အစာအိမ်ရောင်ရမ်းမှုဖြစ်စေရန် အားပေးပါတယ်။

ထို့ကြောင့် ကော်ဖီနှင့် အဖျော်ယမကာ အအေးများသောက်သုံးသည့် ပမာဏကို လျှော့ချသင့်ပါသည်။ ၎င်းတို့အစား လက်ဖက်စိမ်းရေနွေးကြမ်းကို သောက်သုံးနိုင်ပါသည်။ လက်ဖက်စိမ်းရေနွေးကြမ်းသည် ကဖင်းဓါတ်ပါဝင်မှုနည်းပါးသည့်အပြင် ရောင်ရမ်းမှုကို သက်သာစေသည့် ဂုဏ်သတ္တိရှိသောကြောင့် အစာအိမ်ရောင်ရမ်းနိုင်သည့် အလားအလာကို လျှော့ချပေးနိုင်ပါသည်။


၄။ အရက်

အရက်အလွန်အကျွံသောက်ခြင်းသည် အစာအိမ်ရောင်ရမ်းမှုကိုဖြစ်စေသည့် အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါသည်။ အရက်ကို ပမာဏများစွာသောက်သုံးခြင်း သို့မဟုတ် အချိန်ကာလရှည်ကြာစွာ သောက်သုံးသောအခါ အရက်တွင် ပါဝင်သော အဆိပ်အတောက် အချို့သည် အစာအိမ်၏ အနားသတ်များကို နေမထိထိုင်မသာဖြစ်စေနိုင်သည့်အပြင် ရောင်ရမ်းခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။

အကယ်၍ အစာအိမ်ရောင်ရမ်းသောရောဂါရှိနှင့်ပြီးသောသူများ အရက်သောက်ခဲ့ပါက အစာအိမ်သွေးယိုခြင်း၊ အစာအိမ်အနာကဲ့သို့သော ပိုမိုဆိုးရွားသည့် အခြေအနေများဖြစ်လာနိုင်ချေရှိပါသည်။

 

၅။ ပြုပြင်ဖန်တီးထားသော အစားအစာများနှင့် အကြော်စာများ

ပေါင်မုန့်၊ ပက်စတာ (Pasta) ကဲ့သို့သော ပြုပြင်စီရင်ထားသည့် အစားအစာများတွင် ပါဝင်သော အနံ့အရသာအတုများသည် အစာအိမ်ရောင်ရမ်းမှုဝေဒနာကို ဖြစ်စေနိုင်ပါသည်။ ပြုပြင်ဖန်တီးထားသော သရေစာ အစားအစာများကို မကြာခဏ စားသုံးခြင်းသည် အစာအိမ်ကင်ဆာကဲ့သို့သော ဆိုးရွားသည့် ကျန်းမာရေး အခြေအနေများကို ဖြစ်စေနိုင်ပါသည်။

ထိုကဲ့သို့ အစားအစာများ စားသောက်ခြင်းကို တတ်နိုင်သလောက်လျှော့ချ၍ မိမိ၏အိမ်တွင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို ပိုမိုစားသုံးသင့်ပါသည်။

 

၆။ နို့ထွက်ပစ္စည်းများ

အဆီများသော နို့ထွက်ပစ္စည်းများသည် အစာအိမ်အတွင်းမှ အစာခြေရည်များကို ပိုမိုထွက်ရှိအောင် ပြုလုပ်ပေးခြင်းအားဖြင့် အစာအိမ်ရောင်ရမ်းခြင်းကို ပိုမိုဆိုးရွားလာစေပါသည်။

လေ့လာတွေ့ရှိချက်တချို့အရ နွားနို့ပုံမှန် သောက်သုံးခြင်းသည် အစာအိမ်တွင် အက်ဆစ်ထုတ်လုပ်မှုကို ပိုမိုများပြားစေကြောင်း တွေ့ရှိရပါသည်။ သို့သော် လူတစ်ဦးနှင့် တစ်ဦး တုန့်ပြန်ဖြစ်ပေါ်ပုံခြင်း မတူညီနိုင်သောကြောင့် နို့ထွက်ပစ္စည်းများစားသုံးမည်ဆိုပါက ပမာဏ အနည်းငယ်ကနေ စတင်၍ စမ်းသပ်စားသုံးကြည့်သင့်ပါသည်။

သို့သော်ဒိန်ချဉ်ကဲ့သို့သော နို့ထွက်ပစ္စည်းများသည် အစာအိမ် မအီမသာဖြစ်မှုကို သက်သာစေနိုင်သည့်အပြင် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများကိုလည်း လျော့နည်းစေနိုင်ပါသည်။

 

၇။ ဆေးလိပ်

ဆေးလိပ်သောက်ခြင်းသည် အစာအိမ်ရောင်ရမ်းမှုကို ပိုမိုဆိုးရွားစေသည့် အကြောင်းအချက်များစွာထဲမှ တစ်ခုဖြစ်ပါသည်။

ဆေးလိပ်သောက်ခြင်းသည် အစာအိမ်နံရံတွင်ရှိသော ဒဏ်ရာအနာတရများ၏ အနာကျက်ခြင်းကို နှေးကွေးစေနိုင်သည့်အပြင် အစာအိမ်အနာဖြစ်ခြင်းကိုလည်း ဦးတည်စေနိုင်ပါသည်။

 

၈။ မိမိနှင့်မတည့်သော အစားအစာများ

အချို့သောအစားအစာများနှင့် ဟင်းသီးဟင်းရွက်များသည် အခြားသူများအပေါ် မည်သို့မှအကျိုးသက်ရောက်မှု မရှိသော်လည်း မိမိအတွက်မူ အစာအိမ်ရောင်ရမ်းမှုကို ပိုမိုဆိုးရွားလာစေတတ်ပါသည်။

ထိုကဲ့သို့သောအစားအစာများကို သတိပြုမှတ်သား၍ရှောင်ကြဉ်ရန်လိုအပ်ပါသည်။

လူအများစုသည် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီးနှင့် အာလူးများကို စားသုံးပြီးသောအခါ အစာအိမ်တွင် ပူလောင်သည့် ဝေဒနာခံစားရတတ်သည်ဟု ဆိုကြပါသည်။ သို့သော် ထိုကဲ့သို့ဖြစ်ပေါ်စေသော အစားအစာများသည် လူတစ်ဦးနှင့်တစ်ဦးအတွက် မတူညီနိုင်သဖြင့် မည်သည့် အစားအစာက မိမိ၏ အစာအိမ် ရောင်ရမ်းသည့် ရောဂါကို ပိုမိုဆိုးရွားစေတတ်ကြောင်း သတိပြု မှတ်သား၍ ရှောင်ကြဉ်သင့်ပါသည်။

အစာအိမ်ရောင်ရမ်းမှုကို ပိုမိုဆိုးရွားစေသော အထက်ပါအစားအစာများကို သတိပြု ရှောင်ရှားခြင်းအားဖြင့် အစာအိမ်ဝေဒနာများကို သက်သာပျောက်ကင်းအောင် ပြုလုပ်ကုသရာမှာ များစွာအထောက်အကူဖြစ်စေပါမည်ဆိုသည့်အကြောင်း အသိပေးလိုက်ရပါသည်။

Author : ဒေါက်တာမိုး (ဆေး ၁)

ဆက်စပ် ဆောင်းပါးများ