ကလေးများတွင် ဖြစ်ပွားသော ပါးစပ်အနာ (Canker Sores) ဆိုသည်မှာ
Canker Sores ဆိုသည်မှာ ပါးစပ်အတွင်းတွင်ရှိသော သေးငယ်သောအနာလေးများကို ဆိုလိုခြင်း ဖြစ်ပါသည်။ အများအားဖြင့် နှုတ်ခမ်းအတွင်းဘက်ခြမ်း၊ အာခေါင်အနောက်ဘက်ခြမ်း၊ ပါးစောင်နှင့် လျှာပေါ်တွင် ဖြစ်ပွားလေ့ရှိကြပါသည်။
ဖြစ်ပွားရသည့်အကြောင်းရင်း
Canker Sores ဖြစ်ပွားရသောအကြောင်းရင်းအတိအကျကို ယခုအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိကြသေးပါ။ သို့ရာတွင် Canker Sores ဖြစ်ပွားခြင်းကို အားပေးကူညီသည့် အကြောင်းအချက်များစွာရှိပါသည်။ ၎င်းတို့မှာ
- ခုခံအားစနစ်အားနည်းလာခြင်း
- ကော်ဖီ၊ ချောကလတ်၊ ချိစ်၊ အခွံမာသီးနှင့် ချဉ်သောအရသာရှိသည့်အသီးများ စသည့်အစားအစာများနှင့် ဓါတ်မတည့်ခြင်း
- စိတ်ဖိစီးမှုများခြင်း
- ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားပိုးများ ကူးစက်ခံရခြင်း
- ပါးစပ်တွင် ဒဏ်ရာရခြင်း
- အာဟာရဓါတ်ပြည့်ဝမှု မရှိခြင်း
- အချို့သောဆေးဝါးများကြောင့် ဖြစ်ပေါ်လာခြင်း
- သွားညီစေရန်ထိန်းသည့် သွားအထိန်းများနှင့် ပွတ်တိုက်မိသောကြောင့် ဖြစ်ပေါ်လာခြင်း စသည့်အကြောင်းများကြောင့် ဖြစ်ပွားတတ်ပါသည်။
ထို့အပြင် Canker Sores သည် ကလေးတစ်ဦးမှ နောက်ထပ်ကလေးတစ်ဦးဆီသို့လည်း ကူးစက်နိုင်ခြေရှိပါသည်။
ရောဂါလက္ခဏာများ
Canker Sores ဖြစ်ပွားသော ကလေးအများစုမှာ ဖျားနာခြင်းမရှိကြပေ။ သို့သော် ကလေးတစ်ဦးနှင့်တစ်ဦး ရောဂါလက္ခဏာ အနည်းငယ်ကွဲပြားနိုင်ပါသည်။ အောက်ဖော်ပြပါတို့သည် အတွေ့ရများသော ရောဂါလက္ခဏာများဖြစ်ကြပါသည်။
- ပါးစပ်အတွင်းတွင် နာကျင်ခြင်း
- နှုတ်ခမ်းအတွင်းဘက်၊ ပါးစောင်နှင့်လျှာပေါ် တွင် အဖြူရောင် သို့မဟုတ် အညိုရောင်ရှိကာ အနားသတ်များ နီနေသော အနာများဖြစ်ပေါ်လာခြင်း
- နာကျင်မှုကြောင့် စားသောက်ခြင်းနှင့် စကားပြောရာတွင် ခက်ခဲခြင်း စသည့်လက္ခဏာများကို တွေ့ရှိရနိုင်ပါသည်။
ဘယ်လိုကုသမလဲ
အများအားဖြင့် ပါးစပ်အနာ Canker Sores သည် တစ်ပတ်မှ နှစ်ပတ်အတွင်း ပျောက်ကင်းသွားတတ်ကြပါသည်။ နောက်ထပ်တစ်ဖန်လည်း ဖြစ်ပွားနိုင်ခြေ ရှိပါသည်။
ကုသရာတွင် ကလေးများတွင်တွေ့ရသော ရောဂါလက္ခဏာ၊ အသက်အရွယ်နှင့် အခြားကျန်းမာရေးအခြေအနေများနှင့် အနာမည်မျှပြင်းထန်သည့် အပေါ်များတွင်မူတည်၍ ကုသမှုအခြေအနေများပြောင်းလဲနိုင်ပါသည်။
ကုသခြင်း၏ အဓိကရည်ရွယ်ချက်မှာ ရောဂါလက္ခဏာများနှင့် ခံစားနေရသော ဝေဒနာများအား ပျောက်ကင်းသက်သာစေရန်ဖြစ်ပါသည်။ ကုသရာတွင် အောက်ပါအကြံပြုချက်များ ပါဝင်လေ့ရှိကြပါသည်။
– အရည်များများသောက်ပါ။
– ကိုယ်အပူချိန်တက်ခြင်းနှင့် နာကျင်မှုများကို သက်သာစေရန် အကိုက်အခဲပျောက်ဆေးများ၊ ကိုယ်ပူကျဆေးများ သောက်ပါ။
– ကောင်းမွန်သည့် ခံတွင်းသန့်ရှင်းရေးကို ပြုလုပ်ပါ။
– ပါးစပ်အတွင်း လိမ်းလို့ရသည့် လိမ်းဆေးများကို အနာတွင်လိမ်းပါ။
– ဆားရည်နွေးနွေးလေးဖြင့် ပလုတ်ကျင်းခြင်း သို့မဟုတ် ဘက်တီးရီးယားပိုးသတ်ဆေးပါဝင်သည့် ပါးစပ်ပလုတ်ကျင်းဆေးရည်များဖြင့် ပလုတ်ကျင်းပါ။
– ထို့အပြင် ပူသော၊ စပ်သော၊ ချဉ်သော အစားအစာများသည် ရောဂါလက္ခဏာများကို ပိုမိုဆိုးဝါးစေသည့်အတွက်ကြောင့် ထိုအစားအစာများကို ရှောင်ကြဉ်ရပါမည်။
အကယ်၍
– အလွန်အမင်းနာကျင်ခဲ့လျှင်
– သီတင်းတစ်ပတ်ကျော်ကြာသည်အထိ အနာများမပျောက်ခဲ့လျှင်
– အနာ၏အရွယ်အစား အလွန်ကြီးမားခဲ့လျှင် ဆရာဝန်နှင့်ပြသတိုင်ပင်ရန်လိုအပ်ပါသည်။