ဆီးချိုသွေးချိုရောဂါကို လက်ရှိအချိန်အထိ လုံး၀ပျောက်ကင်းအောင် ကုသ၍မရနိုင်ဟု အားလုံးက လက်ခံထားကြပါသည်။ သို့သော် ဆေးဝါး၊ အစားအသောက်နှင့် အနေအထိုင်တို့ဖြင့် သွေးတွင်းအချိုဓာတ်ကို ထိန်းသိမ်းလို့ရပါသည်။
အစာလည်းဆေး၊ ဆေးလည်းအစာဆိုသကဲ့သို့ အစားအစာများကို မှန်ကန်သောနည်းလမ်းများဖြင့် အသုံးပြုတတ်လျှင် ဆေးဝါးများပမာအစွမ်းထက်သကဲ့သို့၊ မိမိရောဂါအခြေအနေနှင့် မတည့်သော အစားအစာများကို စားသုံးမိခဲ့ပါကလည်း မိမိ၏ ကျန်းမာရေးအခြေအနေကို ပိုမိုဆိုးရွားထိခိုက်နိုင်ပါသည်။
ထို့ကြောင့် ဆီးချို၊ သွေးချိုရောဂါတွင် ရှောင်ကြဉ်ရမည့် အစားအစာများကို ဖော်ပြပေးလိုက်ရပါသည်။
၁။ ကစီဓာတ်များသော အစားအစာများတွင် ကာဗိုဟိုက်ဒရိတ်များစွာ ပါဝင်ပါသည်။
ကာဗိုဟိုက်ဒရိတ်ဓာတ်သည် ခန္ဓာကိုယ်အတွက်လိုအပ်သော စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်သောကြောင့် အရေးကြီးပါသည်။
သို့သော် ကာဗိုဟိုက်ဒရိတ်များစွာစားသုံးလျှင် သွေးတွင်းအချိုဓာတ်ကို မြင့်မားစေနိုင်ပါသည်။
ထို့ကြောင့် ဆီးချိုရောဂါရှိသူများသည် ကာဗိုဟိုက်ဒရိတ်ကို ချင့်ချိန်၍ စားသုံးသင့်ပါသည်။
၂။ ဆီးချိုဝေဒနာရှင်များသည် ဟင်းသီးဟင်းရွက်များကို အခြားအစားအစာများထက် ပို၍ များများစားသုံးသင့်ပါသည်။
သို့သော် အောက်ဖော်ပြပါ ဟင်းသီးဟင်းရွက်နှင့် သက်ဆိုင်သော အစားအစာများကိုမူ ရှောင်ကြဉ်သင့်ပါသည်။
- ဆိုဒီယမ်ပါဝင်သော စည်သွပ်ဘူးဟင်းသီးဟင်းရွက်များ
- ချိစ် နှင့် ထောပတ်ဖြင့်ချက်ပြုတ်ထားသော ဟင်းသီးဟင်းရွက်များ
- ရွှေပဲတောင့်၊ အာလူးနှင့် ပြောင်းဖူး စသည်တို့ဖြစ်ပါသည်။
၃။ သစ်သီးများတွင် ဗီတာမင်ဓာတ်၊ အမျှင်ဓာတ် နှင့် သတ္တုဓာတ်များပါဝင်သော်လည်း ဟင်းသီးဟင်းရွက်များထက် ကာဗိုဟိုက်ဒရိတ်များပို၍ ပါဝင်ကြောင်း တွေ့ရှိရပါသည်။
စားသုံးရန် မသင့်တော်သော သစ်သီးများမှာ
- စည်သွပ်ထားသော သစ်သီးများ
- သကြားပါဝင်သော ယိုဗူးများ
- သစ်သီးဖျော်ရည်များ စသည်တို့ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေ သစ်သီးများကို အလွန်အကျွံ စားသုံးလျှင် သွေးတွင်းအချိုဓာတ်ကို မြင့်တက်စေနိုင်ပါသည်။ အထူးသဖြင့် အချိုကဲသော သစ်သီးများကို သွေးတွင်းအချိုဓာတ် မြင့်မားနေချိန်တွင် မစားသုံးသင့်ပါ။ ဆီးချိုရောဂါရှိသူများသည် သစ်သီးများကို ချင့်ချိန်၍သာစားသုံးသင့်ပါသည်။
အောက်ပါ အစားအစာများကိုလည်း ရှောင်ကြဉ်သင့်ပါသည်။
- ကော်ဖီမစ် (Diet ကော်ဖီ)၊ တီးမစ် (Diet လက်ဖက်ရည်)
- နွားနို့ ( နို့ပုလင်းများ၊ နို့ဘူးများနှင့် နို့မှုန့်မျိုးစုံ)
- သကြား၊ ထန်းလျက်၊ ကြံသကာ နှင့် အုန်းသီးပါဝင်သော မုန့်အချိုများ
- ဂျုံနုဖြင့် ပြုလုပ်ထားသော အဖြူရောင်ရှိသော ပေါင်မုန့်များ
- ကိတ်မုန့်၊ ကိတ်ခြောက် နှင့်ဒိုးနတ်ကိတ်များ
- မုန့်ကြွပ် (ပေါင်မုန့်ခြောက်)
- ဘီစကစ်မျိုးစုံ
- ဆိုဒါ၊ အရက်
- ဆီကြော်မုန့်များ (အသားကြော်၊ ငါးကြော်များလည်းပါဝင်သည်)
- သစ်သီးခြောက်များ
- Pasta တို့ကိုရှောင်ကြဉ်သင့်ပါသည်။