ရှေ့ပြေးဆီးချိုရောဂါဆိုသည်မှာ သာမန်ထက်သွေးတွင်းအချိုဓာတ်ပိုမိုမြင့်မားနေပြီး အမျိုးအစား( ၂ ) ဆီးချိုသွေးချို ရောဂါဟု သတ်မှတ်ရလောက်အောင်လည်း သွေးတွင်းအချိုဓာတ်မြင့်တက်ခြင်းမရှိသည့် အခြေအနေတစ်ခုကိုခေါ်ဆိုခြင်းဖြစ်ပါသည်။
အကယ်၍ ထိုအခြေအနေကို ကောင်းစွာထိန်းသိမ်းစောင့်ရှောက်မှုမလုပ်ခဲ့ပါက အမျိုးအစား ( ၂ ) ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကို ဦးတည်စေနိုင်ပါသည်။
ဖြစ်စေသည့်အကြောင်းရင်းများ
ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များက စွမ်းအင်ထုတ်လုပ်နိုင်ရန်အတွက် ဂလူးကို့စ်ဓာတ်များကို အသုံးပြုပါသည်။ ထိုဂလူးကို့စ်များ ဆဲလ်များအတွင်းသို့ဝင်ရောက်နိုင်စေရန် အဓိကအခန်းကဏ္ဍမှပါဝင်သော အင်ဆူလင်ဟော်မုန်းကို ပန်ကရိယမှ ထုတ်လုပ်ပေးပါသည်။
ရှေ့ပြေးဆီးချိုရောဂါ ဖြစ်ပွားသည့် အခြေအနေမျိုးတွင် ခန္ဓာကိုယ်အတွင်းရှိဆဲလ်များသည် အင်ဆူလင်ကို ပုံမှန်အတိုင်း တုံ့ပြန်မှုမပြုလုပ်နိုင်ကြပေ။
ထို့ကြောင့် ပန်ကရိယအနေဖြင့် အင်ဆူလင်များကို ပိုမိုထုတ်လုပ်ရန် ကြိုးစားရပါသည်။ နောက်ဆုံးတွင် ပန်ကရိယက မထုတ်လုပ်နိုင်သော အခြေအနေကိုရောက်လာသည့်အခါ သွေးတွင်းသကြားဓာတ်များ မြင့်တက်လာပြီး ရှေ့ပြေးဆီးချိုရောဂါလက္ခဏာများ ပေါ်ပေါက်လာပါတော့သည်။
ရောဂါလက္ခဏာများ
ရှေ့ပြေးဆီးချိုရောဂါသည် နှစ်ပေါင်းများစွာတိုင် ခန္ဓာကိုယ်တွင်ရှိနေသော်လည်း ရောဂါလက္ခဏာများကို ရှင်းရှင်းလင်းလင်း တွေ့ရချင်မှ တွေ့ရပါလိမ့်မည်။ အမျိုးအစား(၂) ဆီးချိုရောဂါကဲ့သို့သော ပြင်းထန်သည့် ကျန်းမာရေးအခြေအနေများ ပေါ်ပေါက်လာမှသာလျှင် သတိပြုမိတတ်ကြပါသည်။
အကယ်၍ မိမိတွင်ရှေ့ပြေးဆီးချိုရောဂါ ဖြစ်နိုင်ခြေရှိသည့် အောက်ပါအခြေအနေများရှိနေပါက သွေးတွင်းသကြားဓာတ်ကို မကြာခဏတိုင်းတာစစ်ဆေးကြည့်သင့်ပါသည်။
- အဝလွန်ခြင်း၊
- အသက် ၄၅ နှစ်နှင့် အထက်ဖြစ်ခြင်း
- မိဘမောင်နှမများတွင် အမျိုးအစား( ၂ ) ဆီးချိုရောဂါရာဇဝင်ရှိခြင်း
- ရက်သတ္တပတ်တစ်ပတ်လျှင် ကိုယ်လက်လှုပ်ရှားလုပ်ဆောင်မှု ၃ ကြိမ်ထက်ပို၍ နည်းပါးခြင်း
- ကိုယ်ဝန်ဆောင်စဉ်ကာလတွင် သွေးတွင်းအချိုဓာတြမြင့်တက်သည့် ရာဇဝင်ရှိခြင်း
- ကိုယ်အလေးချိန် ၉ ပေါင်ထက်ပိုများသော ကလေးမွေးဖွားဖူးသော ရာဇဝင်ရှိခြင်း
- မမျိုးဥအိမ်တွင် ရေအိတ်တည်ခြင်းရောဂါလက္ခဏာစု (Polycystic Ovary Syndrome) ဖြစ်ခြင်း စသည့် အချက်များရှိပါက ရှေ့ပြေးဆီးချိုရောဂါဖြစ်နိုင်ခြေ ရှိပါသည်။
အမျိုးအစား(၂) ဆီးချိုသွေးချိုရောဂါမဖြစ်အောင် ကာကွယ်ခြင်း
အကယ်၍ ရှေ့ပြေးဆီးချိုရောဂါရှိခဲ့ပါက ကိုယ်အလေးချိန်လျှော့ချခြင်းနှင့် တစ်နေ့လျှင် မိနစ် ၃၀၊ တစ်တ်လျှင် ၅ ရက်ခန့် ပုံမှန်ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ မဖြစ်စေရန်အတွက် ကာကွယ်သည့် နည်းလမ်းများဖြစ်ကြပါသည်။
ထို့ပြင် အစားအသောက်များနှင့် နေထိုင်မှုပုံစံ ထိန်းသိမ်းခြင်းအားဖြင့် သွေးတွင်းအချိုဓာတ်များကို ထိန်းညှိခြင်းသည်လည်း အမျိုးအစား ၂ ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်သည့် နည်းလမ်းကောင်းများဖြစ်ပါသည်။
Author : Dr. မွန်