ယောဂကျင့်ခြင်းနှင့် တရားထိုင်ခြင်းတို့သည် အိပ်မပျော်ခြင်းပြဿနာကို ဖြေရှင်းပေးနိုင်သည့်အပြင် နှစ်ခြိုက်စွာအိပ်စက်ခြင်းကိုလည်း အောက်ပါနည်းလမ်းများဖြင့် များစွာ အထောက်အကူပြုနိုင်ပါသည်။
၁။ ကြွက်သားများကိုပြေလျော့စေခြင်း
အိပ်မောကျသွားသည့်အခါ ကြွက်သားများအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးသည် ပြေလျော့ကာ သက်တောင့်သက်သာရှိလာပါသည်။
ယောဂပြုလုပ်ခြင်းအားဖြင့် ခန္ဓာကိုယ်တွင်ရှိသော ကြွက်သားများသည် ကြိုတင်၍ သက်တောင့်သက်သာ ဖြစ်နေသောကြောင့် အိပ်စက်သည့်အခါ လျင်မြန်စွာ အိပ်မောကျစေရန် များစွာအထောက်အကူပေးပါသည်။
ထို့ကြောင့် မအိပ်စက်ခင် နာရီဝက်ခန့်အလိုတွင် အိပ်စက်ခြင်းကိုအားပေးကူညီနိုင်သည့် ယောဂလေ့ကျင့်ခန်းများကို ပြုလုပ်ခြင်းအားဖြင့် အလွယ်တကူနှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ပါသည်။
၂။ စိတ်ပိုင်းဆိုင်ရာကို ပြေလျော့စေခြင်း
နှစ်ခြိုက်စွာအိပ်ပျော်စေရန်အတွက် ရုပ်ပိုင်းဆိုင်ရာဖြစ်သည့် ကြွက်သားများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြေလျော့စေရန်လိုအပ်သကဲ့သို့ စိတ်ပိုင်းဆိုင်ရာတွင်လည်း စိတ်ဖိစီးမှုနှင့် စိုးရိမ်သောကများကင်း၍ ပြေလျော့နေစေရန် အရေးကြီးပါသည်။
တစ်ခါတစ်ရံ အတွေးများဖြန့်ကြက်မိနေခြင်းက မိမိအားအိပ်မပျော်စေရန် တားဆီးသကဲ့သို့ဖြစ်နေတတ်ပါသည်။
ထို့ကြောင့် မအိပ်စက်ခင် တရားထိုင်ခြင်းကဲ့သို့သောနည်းလမ်းများသည် စိတ်ကိုတည်ငြိမ်စေ၍ မလိုလားအပ်သောအတွေးများ မဖြစ်ပေါ်လာစေရန် အကူအညီပေးနိုင်ပါသည်။ ဤနည်းအားဖြင့် လျင်မြန်စွာ အိပ်မောကျစေရန် လုပ်ဆောင်နိုင်ပါသည်။
၃။ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း
တစ်ခါတစ်ရံ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်များ စုဝေးနေခြင်းကြောင့် ဦးနှောက်အတွင်း၌ရှိသော အာရုံကြောသတင်းပေးပို့သည့် ပစ္စည်းတစ်မျိုးဖြစ်သည့် Cortisol ထုတ်လုပ်မှု မညီမျှခြင်းဖြစ်လာကာ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်လာစေနိုင်ပါသည်။
ထို့ပြင် Cortisol များစွာထွက်ခြင်းသည် စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်များကိုလည်း ဖြစ်ပေါ်လာစေပါသည်။
သုတေသနလေ့လာတွေ့ရှိချက်များအရ ယောဂလေ့ကျင့်ခန်းလုပ်ခြင်းနှင့် တရားထိုင်ခြင်းတို့သည် ခန္ဓာကိုယ်အတွင်း စုဝေးနေသောအဆိပ်အတောက်များကို လျင်မြန်စွာဖယ်ရှား၊ ရှင်းလင်းနိုင်စေရန် အကူအညီပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် Cortisol ထုတ်လုပ်မှုပမာဏကျဆင်းလာကာ စိတ်ဖိစီးမှုများနှင့် စိုးရိမ်စိတ်များကိုလည်း လျော့နည်းလာစေပြီး လျင်မြန်စွာ အိပ်မောကျနိုင်စေရန် အကူအညီပေးပါသည်။
၄။ နာကျင်မှုကိုသက်သာစေခြင်း
တစ်ခါတစ်ရံ နှစ်ခြိုက်စွာအိပ်စက်၍မရနိုင်ခြင်းသည် ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းတစ်ခုခု နာကျင်မှုဝေဒနာ ခံစားနေရသောကြောင့် ဖြစ်နိုင်ပါသည်။
လေ့လာတွေ့ရှိချက်များအရ ယောဂကျင့်ခြင်းနှင့် တရားထိုင်ခြင်းနည်းလမ်းများသည် နာကျင်မှုကို သိသိသာသာ ပျောက်ကင်းစေနိုင်ကြောင်း တွေ့ရှိရပါသည်။
ယောဂလေ့ကျင့်ခန်းလုပ်သောအခါ ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်မှု ပိုမိုကောင်းလာကာ အဆစ်အမြစ်များနှင့် ကြွက်သားများ နာကျင်ရောင်ရမ်းမှုကို သက်သာစေ၍ အနာကျက်ခြင်းဖြစ်စဉ်များကိုလည်း တိုးတက်လာစေပါသည်။ ထို့ကြောင့် လျင်မြန်စွာအိပ်ပျော်ခြင်းကိုလည်း အားပေးကူညီနိုင်ပါသည်။
၅။ ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း
ယောဂလေ့ကျင့်သောအခါ ဦးခေါင်းအတွင်းတွင်ရှိသော သွေးကြောများကို ပြေလျော့စေသည့်အတွက် ခေါင်းတစ်ခြမ်းကိုက်ခြင်းရောဂါဝေဒနာများကို လျော့ပါးစေနိုင်ပါသည်။ ထို့ကြောင့် နှစ်ခြိုက်စွာအိပ်စက်ခြင်းကိုလည်း အားပေးကူညီနိုင်ပါသည်။
၆။ Melatonin ပမာဏကို မြင့်တက်စေခြင်း
ခန္ဓာကိုယ်၏အိပ်စက်ခြင်းနှင့် နိုးထခြင်းဖြစ်စဉ်ကို ထိန်းချုပ်ပေးသည့်ဟော်မုန်းမှာ အိပ်စက်ခြင်းဟော်မုန်းဟုသိကြသော Melatonin ပင်ဖြစ်ပါသည်။
လေ့လာတွေ့ရှိချက်များအရ ယောဂပုံမှန်ကျင့်နေသူများသည် Melatonin ပမာဏကိုမြင့်တက်စေ၍ အိပ်စက်ခြင်း အရည်အသွေးများကိုလည်း တိုးတက်စေနိုင်ကြောင်း တွေ့ရှိရပါသည်။
အထက်ပါနည်းလမ်းများအားဖြင့် ယောဂကျင့်ခြင်းနှင့် တရားထိုင်ခြင်းများက အိပ်စက်ခြင်းအရည်အသွေးများ မြင့်တက်စေရန် ကူညီပေးနိုင်ပါသည်။